Emergency pills အရေးပေါ်တားဆေး အမေး (+18)


Mon, Sep 30, 2013 at 10:29 AM

ကျွန်မအသက် ၂၄ ပါ။ ကျွန်မ ECee2 ဆေးကဒ်ကို ပထမ ၁ လုံးသောက်ပြီး ဒုတိယ ၁ လုံးကို နာရီဝက်ခန့် စောပြီး သောက်မိရင် ကိုယ်ဝန်ရသွားနိုင်ပါလား။ ကိုယ်ဝန်ရှိရင် ဘယ်လိုဖြစ်နေပါသလဲဒေါက်တာ။ အခုရာသီလာခံနီးဖြစ်နေသလို ရင်သားနာ၊ ခေါင်းကိုက်သလိုနဲ့ လူက အားမရှိသလို ဖြစ်နေပါသည်။ ECee2 ဆေးကဒ် သောက်ထားလို့ ဘေးထွက် ဆိုးကျိုး ခံနေရတာလား (သို့) ကိုယ်ဝန်ရှိလို့ပါလား။ Ecee2 ဆေးကဒ်သောက်ထားပြီးရင် ရာသီပုံမှန်လာနိုင်ပါလား။

အရေးပေါ်တားဆေး အချိန်နီးတာ မစိုးရိမ်ရပါ။ နောက်ကျမှသာ စိုးရပါတယ်။ အရေးပေါ်တားဆေးမှာ ဟော်မုန်းပါတယ်။ ရာသီရက်ပြောင်းမယ်။ ဘေးထွက်-ဆိုးကျိုးရှိတယ်။ မများလှပါ။ မစိုးရိမ်ရပါ။ အတူနေပြီးနောက် ၇၂-၁၂ဝ နာရီအတွင်း သောက်ရင် ကိုယ်ဝန်ကို တားပါမယ်။ ရာခိုင်နှုန်း အတော်ကြီး များပါတယ်။ အရေးပေါ်တားဆေးကို ခဏခဏမသုံးသင့်ပါ။

Pregnancy Signs ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ)
၁။ ရာသီမလာခြင်း၊ ရာသီ မမှန်ခြင်း၊ ပေါင်းစပ်ပြီးသားမျိုးဥ (သန္ဓေလောင်း) က သားအိမ် အတွင်းဆုံးလွှာကို လာပြီး တွယ်ကပ်ချိန်မှာ သွေးနဲနဲဆင်းတတ်တယ်။ ဆီးစပ်နေရာကလဲ နာတာခံစားရနိုင်တယ်။ ရာသီလာလို့နာတာနဲ့ ခွဲခြားရမယ်။ မျိုးဥထွက်ချိန် (လလည်ရက်) နဲ့ ၆-၁ဝ ရက်မှာဖြစ်တယ်။
၂။ ကိုယ့်ကိုယ်ကို ကိုယ်ဝန်ရှိနေတယ်လို့ထင်ခြင်း၊
၃။ ပျို့-အန်ခြင်း၊ အစားမစားချင်ဖြစ်လာခြင်း၊
၎။ အတူနေခြင်စိတ် ပြောင်းလဲလာခြင်း၊
၅။ ရင်သားနာခြင်း၊
၆။ ရင်သား ပိုကြီးထွားလာခြင်း၊
၇။ ရင်သား အရောင်ရင့်အဝိုင်းမှာ အသီးငယ်လေးတွေ ထွက်လာခြင်း၊ ရှိပြီးသားတွေက ပိုပြီးသိသာလာခြင်း၊
၈။ ညှစ်ရင် နို့ရည်ကြည် ထွက်လာခြင်း၊
၉။ ဆီးခဏခဏသွားရခြင်း၊ အများစုက ၆-၈ ပါတ်မှာ ဖြစ်ကြတယ်။ ဆီးလမ်းပိုးဝင်တာ၊ ဆီးချိုရောဂါနဲ့ ဆီးသွားစေတဲ့ ဆေးတွေကြောင့်လဲ အဲလို ဆီးခဏခဏသွားချင်တာနဲ့ ခွဲခြားရမယ်။
၁ဝ။ ချင်ခြင်းတပ်ခြင်း၊
၁၁။ အားကုန်ခြင်း၊
၁၂။ အသားအရေပြောင်းလဲလာခြင်း၊
၁၃။ ဗိုက်ကြော စသည်ပြတ်ခြင်း၊
၁၄။ သားအိမ်ကြီးလာခြင်း၊ ကိုယ်ဝန် ၁၂ ပါတ်ကစပြီး ဆီးစပ်နေရာကနေ သားအိမ်အမြင့်ကို လက်နဲ့စမ်းလို့ရပြီ။
၁၅။ ဗိုက်ထဲက ကလေးလှုတ်တာကိုသိနေခြင်း အများဆုံးက ၂ဝ ပါတ်ကျော်မှသာ သိတယ်။ ၁၃-၂၅ ပါတ်အထိလဲ ဖြစ်နိုင်တယ်။
၁၆။ မတ်တပ်ရပ်လိုက်ရင် ခေါင်းမူးမယ်၊ သတိလစ်ချင်သလိုဖြစ်မယ်။
၁၇။ ဓါတ်မှန်ရိုက်ရင် မြင်ရခြင်း (တကယ်တန်း မရိုက်သင့်ပါ)၊
၁၈။ ကလေးနှလုံးခုန်သံ နားထောင်၍ရခြင်း၊ ကရိယာနဲ့နားထောင်ရင် ၈-၁ဝ ပါတ်အထိ မကြားနိုင်သေးပါ။ ၁၂-၁၄ ပါတ် ရောက်မှသာ ကြားရတာများတယ်။ စကြားရချိန်မယ် တမိနစ်ကို ၁၈ဝ အထိမြန်တယ်။ နောက်ပိုင်း ပုံမှန် ၁၂ဝ-၁၆ဝ အထိ ရှိတယ်။ ၆ ပါတ်မှာ အာလ်ထွာဆောင်း နဲ့စမ်းရင် ၉ဝ-၁၁ဝ၊ ၉ ပါတ်မှာ ၁၄ဝ-၁၇ဝ၊
၁၉။ (အာလ်ထွာဆောင်း) ရိုက်လျှင်တွေ့ရခြင်း၊ ကိုယ်ဝန် ၄ ပါတ်ခွဲမှာ Gestational sac မြင်ရပြီ။ Yolk sac ကို ၅ ပါတ်၊ Embryo ကို ၅ ပါတ်ခွဲမှာမြင်ရပြီ။
၂ဝ။ Pregnancy Test ဆီး-သွေးစစ်လျှင် အပေါင်းပြခြင်း။

သိပ်မသိသာတဲ့၊ လူတိုင်းဖြစ်ချင်မှဖြစ်မဲ့ အချက်တွေကတော့ ခေါင်းကိုက်ခြင်း၊ စိတ်မူပြောင်းခြင်း၊ စိတ်တိုခြင်း၊ (ဒီအချက်တွေဟာ ရာသီမလာခင်ဖြစ်ချင်တာတွေနဲ့ အတူတူဖြစ်တယ်။) ဝမ်းချုပ်တာက Progesterone ကြောင့်ဖြစ်တယ်။ ဒီဟော်မုန်းက အစာကိုအောက်ဆင်းတာ နှေးစေတယ်။ (ဗဂျိုင်းနား) နံရံတွေက ပိုထူလာတယ်။ (ဗဂျိုင်းနား) ပိုပြီးစိုတာ၊ ဖြူတဲ့ နို့လိုဆင်းတယ်။ ကိုယ်ဝန်ရှိနေတဲ့ကာလ တလျှောက်လုံးမှာလဲ အဲလိုရှိနေနိုင်တယ်။ ဆေးကုစရာမလိုပါ။ ဒါပေမဲ့ အနံ့ဆိုးလာရင်၊ ယားယံလာရင်၊ ဆင်းတာက အရောင် ပြောင်းလာရင်တော့ ဆေးစစ်ပြီး ကူသမှုခံယူရမယ်။

Emergency contraception အရေးပေါ် တားဆေး-တားနည်း (၅) မျိုး

၁။ Progestin-only pills = Plan B = Emergency contraceptive pills = Morning-after pill = Ecee 2 အတူနေပြီး မြန်မြန်သုံးလေ စိတ်ချရလေဖြစ်တယ်။ အတူနေအပြီး ၃-၅ ရက်အတွင်း သုံးနိုင်တယ်။ ၂၄ နာရီအတွင်း သောက်ရင် ၉၅%၊ ၂၄-၄၈ နာရီအတွင်းသောက်ရင် ၈၅%၊ ၄၈-၇၂ နာရီအတွင်း သောက်ရင် ၅၈% စိတ်ချရတယ်။ ၅ ရက်အတွင်းလဲ သောက်နိုင်တယ်။ % မရှိသေးဘူး။

RU486, Mifestone, Mifeprex တို့လို ကိုယ်ဝန်ပျက်စေတဲ့ ဆေးမဟုတ်ဘဲ သန္ဓေမတည်နိုင် (မကပ်နိုင်) အောင်သာ လုပ်ပေးတယ်။ လိင်ကတဆင့် ကူးစက်ရောဂါတွေကို အကာအကွယ်မပေးနိုင်ပါ။ ဒီဆေးတွေရဲ့ဆေးစာ အသအခြာဖတ်ပါ။ Levonorgestrel 1.5 mg တလုံး တကြိမ်တည်း ဒါမှမဟုတ် 750 μg နှစ်ခါခွဲ သောက်နိုင်တယ်။ ဒါကြောင့် ဆေး ၁ လုံး ပါတာနဲ့ ၂ လုံးပါတာ နှစ်မျိုး လာတယ်။ ဒါကြောင့် ဆေးနီးတာကို မစိုးရိမ်နဲ့လို့ ပြောတာပါ။ ဘေးထွက်-ဆိုးကျိုး နဲနဲလေး ပိုခံရနိုင်တယ်။

မြန်မာနိုင်ငံမှာရနိုင်တဲ့ အရေးပေါ်တားဆေးများ = ECee2, Pill 72, Postinor တွေဖြစ်တယ်။ Ecee 2 ဆိုတာ Levonorgestrel 0.75mg ပါတဲ့ဆေး ၂ လုံး ဖြစ်တယ်။ Postinor ဆိုတာက Postinor-2, Postinor Duo နာမယ်တွေနဲ့ တချို့နိုင်ငံတွေမှာရှိတယ်။ ဆေးတကပ်မှာ ၂ လုံးပါတယ်။ Postinor 1, Unidosis နာမယ်နဲ့က ဆေး ၁ လုံးထဲသာပါတယ်။ ပါတာကတော့ 1.5 mg of levonorgestrel အတူတူဘဲ။ Postcoital high-dose progestin-only oral contraceptive pills လို့ဆေးစာနဲ့ ခေါ်ပါတယ်။ ဆေးညွှန်ကို တိတိကျကျ လိုက်နာဘို့ လိုတယ်။ ဒီဆေးမျိုးကို ပုံမှန်သဘောသုံးသူတွေမှာ တနှစ်အတွင်း ကိုယ်ဝန်ရနိုင်မှာ ၂ဝ % ရှိတယ်။ Yuzpe regimen ကို အဲလိုသုံးရင် တနှစ်မှာ ၄ဝ% ကိုယ်ဝန်ရနိုင်တယ်။ အရေးပေါ်သာ ကောင်းတာမို့ဖြစ်တယ်။

• တရုတ်နိုင်ငံမှာရနိုင်တဲ့ Progestin-only အရေးပေါ်တားဆေးများ = Ai Wu You, An Ting 0.75, An Ting 1.5, Bao Shi Ting (Postinor-2, 0.75 mg), Bao Shi Ting 1.5, Dan Mei (0.75 mg), Dan Mei (1.5 mg), Hui Ting 0.75 mg Hui Ting 1.5 mg, Jin Xiao (0.75 mg), Jin Xiao (1.5 mg), Jin Yu Ting, Ka Rui Ding, Le Ting, Nuo Shuang, Xian Ju, Yi Ting, Yu Ping, Yu Ting,
• အိန္ဒိယမှာရနိုင်တဲ့ Progestin-only အရေးပေါ်တားဆေးများ = E Pills, i-pill, Preventol, ECee2, Pill 72
• ထိုင်းမှာရနိုင်တဲ့ Progestin-only အရေးပေါ်တားဆေး = Postinor (Thail+), Madonna (Thail+)
• စင်္ကာပူမှာရနိုင်တဲ့ Progestin-only အရေးပေါ်တားဆေးများ = Postinor-2®, Estinor®, Norlevo®

အရေးပေါ်ကိုယ်ဝန်တားဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးတွေ
ရင်သားတင်းခြင်း၊ နေမကောင်းဖြစ်ခြင်း၊ မောပန်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်း။ ၅ဝ% လောက်မှာ ပျို့တယ်။ ၂ဝ% က အန်တယ်။ ရှားပြီးပိုဆိုးတဲ့ဆိုးကျိုးတွေကတော့ သားအိမ်ပြင်ပ ကိုယ်ဝန်တည်ခြင်း၊ ခြေထောက်ထဲက သွေးပြန်ကြောတွေ ပိတ်ခြင်း၊ အဆုပ်သွေးကြောပိတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ ဦးနှောက် သွေးကြောပိတ်ခြင်း၊ အသဲထိခိုက်ခြင်း၊ အသဲကင်ဆာ၊ သည်းခြေအိတ်ရောဂါနဲ့ သွေးတိုးရောဂါတွေဖြစ်တယ်။ အသက် ၃၅ နှစ်ကျော်သူတွေ ဟော်မုန်းပါ တားဆေးမသင့်ကြဘူး။

၂။ Combined oral contraceptive pills ဟော်မုန်း ၂ မျိုးတွဲဆေးများကို အရေးပေါ်တားဆေးအဖြစ်သုံး ခြင်း
• Preven (Ethinyl estradiol + Levonorgestrel) အတူနေပြီးနောက် ၃ ရက်အတွင်း၊ ၂ လုံး ချက်ချင်း သောက်ပါ။ ၁၂ နာရီ ခြာပြီး နောက်ထပ် ၂ ပြား သောက်ပါ။
• Ovral = Lo Ovral (Ethinyl estradiol + Norgestrel) အတူနေပြီးနောက် ၅ ရက်အတွင်း၊ ၂ လုံး ချက်ချင်း သောက်ပါ။ ၁၂ နာရီ ခြာပြီး နောက်ထပ် ၂ လုံး ထပ်သောက်ပါ။
• Cryselle (Ethinyl estradiol + Norgestrel), Levlen (Ethinyl estradiol + Levonorgestrel), Lo-Ovral (Ethinyl estradiol + Norgestrel), Marvelon 28 (Desogestrel 0.15 mg + Ethinyl estradiol 0.03 mg), Nordette (Ethinyl estradiol + Norgestrel), Low – Ogestrel (Ethinyl estradiol + Norgestrel), Levora (Ethinyl estradiol + Levonorgestrel), Seasonale (Ethinyl estradiol + Levonorgestrel), Tri-Leven (Ethinyl estradiol + Levonorgestrel), Trivora, Tri Phasil (Ethinyl estradiol + Levonorgestrel) အတူနေပြီးနောက် ၅ ရက်အတွင်း၊ ၄ လုံး ချက်ချင်း သောက်ပါ။ ၁၂ နာရီခြာပြီး နောက်ထပ် ၄ လုံး ထပ်သောက်ပါ။
• Alesse (Ethinyl estradiol + Levonorgestrel) အတူနေပြီးနောက် ၅ ရက်အတွင်း၊ ၅ လုံး ချက်ချင်းသောက်ပါ။ ၁၂ နာရီ ခြာပြီး နောက်ထပ် ၅ လုံး သောက်ပါ။

၃။ Copper T 380-A IUD သားအိမ်ထဲ ပစ္စည်းထည့်နည်း
အတူနေပြီး ၅-၈ ရက်အတွင်း သုံးနိုင်တယ်။ ၉၉% စိတ်ချရတယ်။ တာရှည် (၃-၅ နှစ်) ကာကွယ်နည်းလဲ ဖြစ်တယ်။

၎။ ရက်ရှောင်နည်း သို့မဟုတ် ပြက္ခဒိန်နည်း
ရက်ရှောင်နည်းဟာ အကုန်အကျ အနည်းဆုံးဖြစ်တယ်။ မတော်တဆ ကိုယ်ဝန် ရနိုင်နှုန်းလဲ မြင့်တယ်။ အတူနေမှုနဲ့ ဆန္ဒပြည့်ဝမှုကို အနှောက်အယှက် မဖြစ်စေသလို၊ ဘေးထွက်-ဆိုးကျိုးလည်း မရှိပါ။ ရာသီစလာတဲ့ရက်ကနေ တွက်ရင် လလယ်ရက် ဖြစ်တဲ့ ၁၄-၁၅ ရက်မှာ မ-မျိုးဥအိမ်ကနေ မျိုးဥထွက် တယ်။ မ-မျိုးဥနှင့် ကျားသုတ်ပိုးတို့ တွေ့ဆုံ-ပေါင်းစပ်ပြီး၊ သားအိမ်ထဲမှာ တွယ်ကပ်နိုင်မှသာ ကိုယ်ဝန်ရစေ တယ်။ ရာသီစလာပြီး (၇) ရက်အတွင်းနဲ့ ရာသီမလာခင် (၇) ရက် အလို ရက်များဟာ ကိုယ်ဝန် မရှိနိုင်တဲ့ ရက်တွေ ဖြစ်ကြတယ်လို့ပြောတာ အကြမ်းဖျင်း ပြောတာပါ။ ကိုယ်ဝန်ဟာ ရာသီနဲ့သိပ်မဆိုင်ဘဲ မျိုးဥနဲ့ပိုဆိုင်တယ်။

တိတိကျကျ ပြောရရင် -
• ၃ဝ% သော အမျိုးသမီးတွေက အဲဒီ လလယ်ရက် အတိအကျမှာ မျိုးဥထွက်တယ်။
• ၆ဝ% က လလယ်ရက်ထက် ၁ ရက်စောထွက်တယ်။
• အားလုံးကို ခြုံလိုက်ရင် ၇၈%က လလယ်ရက်ထက် ၂ ရက်စောထွက်တယ်။
• ၈ ရက်မြောက်နေ့ကနေ ၁၉ ရက်အတွင်းဟာ ကိုယ်ဝန် အရနိုင်ဆုံးရက်တွေ ဖြစ်တယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း “မဆက်ဆံသူ” တွေထဲက ၄့၇% ကိုယ်ဝန်ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း “ဆက်ဆံသူ” တွေထဲက (ကွန်ဒွမ်) နည်း သုတ်ရည်ကို အပြင်ထုတ်နည်း သုံးသူတွေမှာ ၅့၆% ကိုယ်ဝန် ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း ဘာအကာအကွယ်မှ မသုံးသူတွေထဲက ၁၁့၉% ကိုယ်ဝန် ရကြတယ်။
• မျိုးဥထွက်ရက်အတိမှာ ဆက်ဆံသူတွေ ၈-၁ဝ% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၅ ရက် အလိုမှာ ဆက်ဆံသူတွေ ၄% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၄ ရက်အလိုမှာ ဆက်ဆံသူတွေ ၁၅% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၂ ရက်အလိုမှာ ဆက်ဆံသူတွေ ၂၅-၂၈% ကိုယ်ဝန်ရကြတယ်။

၅။ သုတ်ရည် ပြင်ပစွန့်ထုတ်နည်း
ယောက်ျားက ဆန္ဒပြည့်ဝခါနီးမှာ ကျား-အင်္ဂါကို အမျိုးသမီးရဲ့ မိန်းမကိုယ်အတွင်းကနေ ထုတ်ပြီး၊ သုတ်ရည်ကို အပြင်မှာ ထွက်အောင် လုပ်ရတယ်။ ဒါပေမဲ့ အချိန်ကြာစေချင်လို့ စိတ်ကို ထိန်းထားနိုင်အုံး တော့ သုတ်ကောင် Sparm နဲနဲဖြစ်ဖြစ် အထဲမှာ ထွက်သွားတတ်တယ်။ ဒီနည်းကြောင့် ၁၅-၂၈% ကိုယ်ဝန်ရနိုင်တယ်။ Sparm 2.5 ml မှာ သုတ်ကောင်ရေ သန်း ၅ဝ ပါနေတယ်။ ဒါ့ကြောင့် ကျားသုတ်ပိုး သတ်ဆေး Spermicide နဲ့ တွဲသုံးရင် ပိုထိရောက်တယ်။

ကိုယ်ဝန်တားဆေး သုံးပြီးတဲ့နောက် ကလေးယူချင်ရင်
တားဆေးသုံးတာကို ရပ်လိုက်တာနဲ့ ကိုယ်ဝန်မဆောင်အောင် လုပ်နိုင်စွမ်း မရှိတော့ပါ။ ဒါပေမဲ့ တချို့က နောက်လကစပြီး ကိုယ်ဝန်ဆောင်တယ်။ တချို့က အချိန်ကာလ တခုကို စောင့်ရတယ်။ ဘာလို့လဲဆိုတော့ တယောက်နဲ့တယောက်က သူ့သဘာဝအတိုင်း ဟော်မုန်းအခြေအနေ ပြန်ရောက်အောင် အချိန်ယူတာချင်း မတူကြလို့ပါ။ ကိုယ်ဝန်တားဆေးတွေ မသုံးတော့ပေမဲ့ ကိုယ်ဝန်မရနိုင်သေးတာကတော့ ဆေးရပ်လိုက်ပေ မဲ့ ကိုယ်ထဲမှာ အခိုက်အတန့်အားဖြင့် သက်ရောက်မှု ဆက်ရှိနေနိုင်သေးလို့ ဖြစ်ရတာပါ။ ဟော်မုန်း ၂ မျိုးတွဲ တားဆေးသုံးသူဆိုရင် အများအားဖြင့် ၂လ၊ ၃ လ နောက်မှ ကိုယ်ဝန် ပြန်ရနိုင်တယ်။ Depo-Provera ၃ လခံထိုးဆေး ဆိုရင် ၆ လ၊ ၁ နှစ်ကြာမှ ကိုယ်ဝန် ပြန်ရတတ်တယ်။

ကောင်းတာက ဆေးမကူဘဲ သဘာဝအတိုင်း ရာသီ ၂ လ၊ ၃ လ ပြန်ဆင်းပြီဆိုမှ ကလေးယူတာ ပိုကောင်းတယ်။ ဒီကြားကာလမှာ (ကွန်ဒွမ်) နည်းစတာကို သုံးရမယ်။ ဟော်မုန်းအပိုတွေ မရှိတော့ဘဲ၊ နောက်ကိုယ်ဝန်မှာ ဘာမှ သက်ရောက်မှု မရှိစေတော့ဘူး။ ရက်တွက်ဘို့လဲ အဆင်ပြေတယ်။

Dr. တင့်ဆွေ
၃ဝ-၉-၂ဝ၁၃

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...