2G နှင့် 3G ကွန်ရက်အတွက် Telenor နှင့် Ericsson ပူးပေါင်း လုပ်ကိုင်မည်

တွဲ (၁၅)၊ အမှတ် (၁၅)


နော်ဝေဆက်သွယ်ရေး အော်ပရေတာ Telenor Myanmar က ပြည်တွင်း၏ 2G နှင့် 3G ကွန်ရက်များ အတွက် လိုအပ်သည့် နည်းပညာဆိုင်ရာပစ္စည်းများကို ထောက်ပံ့ပေးနိုင်ရန်အတွက် ကမ္ဘာကျော် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Ericsson နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

Ericsson သည် မြန်မာနိုင်ငံတစ်ခုလုံး ဖြန့်ကြက်မည့် ဆက်သွယ်ရေးကွန်ရက်ကို အရည်အသွေး ပြည့် ဝသောကွန်ရက်အဖြစ် ဖြည့်တင်းပေးနိုင်ရန်နှင့် Telenor Myanmar ၏ မိုဘိုင်းကွန်ရက်အတွက် လိုအပ်သည့် နည်းပညာဆိုင်ရာ ပစ္စည်းများကို ထောက်ပံ့ပေးနိုင်ရန် အစရှိသည်တို့ကို လုပ်ဆောင်ပေးရ မည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီနှစ်ခု၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Telenor Myanmar\ Multi-Vendor အဖြစ် အရွေးချယ်ခံရသည့် Ericsson သည် မြန်မာနိုင်ငံမှ မိုဘိုင်းဖုန်းသုံးစွဲသူများအတွက် 2G နှင့် 3G ကွန်ရက်စနစ် နှစ်မျိုးစလုံးပါဝင်သည့် အသံအရည် အသွေးနှင့် မြန်နှုန်းများ အထူးကောင်းမွန်သည့် ဆက်သွယ်ရေးစနစ် ဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် ယခုကဲ့သို့ ပူးပေါင်းရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခု၏ ပူးပေါင်းဆောင်ရွက်မှုသည် ငါးနှစ်သက်တမ်းဖြစ်သည်ဟု သိရသည်။ “2G နဲ့ 3G ကွန်ရက် ပေါင်းစပ်ပြီးတော့ ချိတ်ဆက်ထားတဲ့ ပစ္စည်းတွေကို Ericsson က ပြည်တွင်းမှာ ချထားပေးမှာဖြစ်ပါတယ်။ Telenor ရဲ့ တစ်နိုင်ငံလုံးအနှံ့ မိုဘိုင်းကွန်ရက် လွှမ်းခြုံနိုင်အောင် လုပ်မယ့် စီမံကိန်းတွေမှာ Ericsson က ပါဝင်ခွင့်ရတော့မှာပါ” ဟု Telenor Myanmar ၏ အမှုဆောင်အရာရှိချုပ် Mr. Petter Furberg က ပြောသည်။

ယခုကဲ့သို့ Telenor Myanmar နှင့် ငါးနှစ်သက်တမ်း စာချုပ်ချုပ်ဆိုခဲ့သော Ericsson သည် မြန်မာနိုင်ငံ၏ မိုဘိုင်းဆက်သွယ်ရေးကွန်ရက်တွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန်အတွက် ပြီးခဲ့သည့် ၂၀၁၃ မှစတင်ကာ လေ့ လာမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ရရှိထားသော Telenor ကုမ္ပဏီနှင့် ပူးပေါင်းရ သည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး Ericsson ကုမ္ပဏီ၏ အာရှဒေသတွင်း တာဝန်ရှိသူဖြစ်သော Mr. Jan Wassenius က “အခုလို ပူးပေါင်းမှုကြောင့် တယ်လီနောကုမ္ပဏီနဲ့အတူ မြန်မာနိုင်ငံရဲ့ အခြေခံဆက် သွယ်ရေး အဆောက်အဦတွေကို အကောင်းဆုံး တည်ဆောက်ဖို့အတွက် ပံ့ပိုးပေးနိုင်မယ်လို့ ယုံကြည်ပါ တယ်။ ဘာဖြစ်လို့လဲဆိုရင် နိုင်ငံတစ်နိုင်ငံရဲ့ အခြေခံဆက်သွယ်ရေး အဆောက်အဦတွေကောင်းမှ တိုင်းပြည်ရဲ့စီးပွားရေး၊ လူမှုရေး စတဲ့နေရာတွေမှာ အကျိုးသက်ရောက်မှုတွေ ကောင်းမှာဖြစ်လို့ပါ” ဟု ပြောကြားသည်။

လာမည့် လအနည်းငယ်အတွင်းတွင် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုများကို စတင်ရောင်းချတော့မ
ည့် နော်ဝေ ဆက်သွယ်ရေးကုမ္ပဏီသည် ၎င်းတို့၏ လုပ်ငန်းများအတွက် Ericsson အပြင် အခြားသော ပြည်ပမှ မိုဘိုင်းကုမ္ပဏီများနှင့်လည်း ပူးပေါင်းဆောင်ရွက်ထားမှုများရှိနေသည်။ ဆွီဒင်နိုင်ငံအခြေစိုက် Ericsson ကုမ္ပဏီသည် ကမ္ဘာ့နိုင်ငံအသီးသီးမှ ဆက်သွယ်ရေး အော်ပရေတာ အများစုနှင့် လက်တွဲပြီး ဆက်သွယ်ရေး ကွန်ရက်ဆိုင်ရာလုပ်ငန်းများကို လုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

ယုဇနကိုကို
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...