အကြမ်းခံ Adata DashDrive Durable HD650 Portable Hard Drive

ရုံးလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ကုန်ပစ္စည်း အရောင်းအ၀ယ် စတဲ့ ဘယ်လုပ်ငန်းမှာမဆို Paper Work အစား ကွန်ပျူတာတွေနဲ့ လုပ်ဆောင်ရင် အကောင်းဆုံးပါပဲ။ ဒီအခါမှာ အချက်အလက်တွေ များပြားလာတာနဲ့အမျှ သိမ်းဆည်းထားသိုဖို့ဟာ စဉ်းစားစရာ ကိစ္စတစ်ခု ဖြစ်လာပါတယ်။ ကွန်ပျူတာထဲမှာရှိတဲ့ Storage နဲ့ မလုံလောက်တော့တဲ့အခါ USB, Memory Stick, CD, DVD စတာကို သုံးလာကြပြီးတဲ့နောက် Data တွေ သိမ်းဆည်းဖို့ အများပြားဝင်ဆန့်ပြီး အကောင်းဆုံးတစ်ခုက External Hard Drive တွေပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ External HDD ၀ယ်စရာ ရှိလာတဲ့အခါ Data ကူးပြောင်းမှု အမြန်နှုန်း၊ အကြမ်းခံမှု စတာတွေကို စဉ်းစားဖို့ မေ့လျော့နေတတ်ကြပြီး အချက်အလက် ဘယ်လောက်ထိ ၀င်ဆန့်လဲဆိုတာကိုသာ အဓိကထား ဆုံးဖြတ်တတ်ကြပါတယ်။ တကယ်တော့ ဒီလို သယ်ဆောင်အသုံးပြုနိုင်တဲ့ Portable Hard Drive တွေဟာ အိမ်သုံး PC Hard Drive လိုမျိုး မရွှေ့ပြောင်းနိုင်တဲ့ Data Storage တွေထက် ပျက်စီးနိုင်ခြေ ပိုများပါတယ်။ သွားရင်းလာရင်း ဖြစ်စေ၊ ကော်ဖီမှောက်ကျတာမျိုး၊ အမြင့်ကနေ လွတ်ကျတာမျိုး စသဖြင့်ပေါ့။

အခုနောက်ပိုင်းမှာ Portable HDD တွေရဲ့ အရွယ်အစားက ပိုမိုသေးငယ်လာပြီး သယ်ဆောင်ရလည်း ပိုမိုလွယ်ကူလာတာကို တွေ့ရပါတယ်။ သယ်ဆောင်ရ ပိုမိုလွယ်ကူလာတာနဲ့အမျှ မတော်တဆ ထိခိုက်နိုင်ခြေဟာလည်း ပိုများပါတယ်။ ပြီးတော့ ဒါတွေက အချက်အလက် သိုမှီးနိုင်မှုလည်း များတော့ Data တွေ အများကြီးကို သိမ်းဆည်းထားရတာ ဖြစ်ပြီး Memory Card တွေ၊ USB Stick တွေထက် အကြမ်းခံဖို့၊ တာရှည်ခံဖို့ အထူးပဲ လိုအပ်ပါတယ်။

မကြာသေးမီကပဲ ကျွန်တော်တို့ MCG အနေနဲ့ အမေရိကန်၊ နယူးယောက်မြို့မှာ ADATA ရဲ့ ‘HD650’ Portable Hard Drive အသစ် ကို လက်တွေ့သုံးစွဲ စမ်းသပ်ဖို့ အခွင့်အရေး ရခဲ့ပါတယ်။ ဒီ HDD ကို ADATA က ပို့တဲ့အချိန် နယူးယောက်မြို့မှာ နှင်းမုန်တိုင်းကျနေတာပါ။ ကျွန်တော်တို့အနေနဲ့ နှင်းရေခဲတွေ ပြည့်နှက်နေတဲ့ ပလက်ဖောင်းပေါ်မှာ မတော်တဆပြုတ်ကျမှုမျိုး စမ်းသပ်ဖို့အတွက် တကယ်ပဲ စိတ်လှုပ်ရှားခဲ့မိပါတယ်။

ပုံမှာတွေ့ရတဲ့အတိုင်း ADATA ရဲ့ ‘HD 650’ ဟာ ကြမ်းတမ်းတဲ့ ရာဘာကာဗာ အပြင်ဘက်ကို သုံးထားပြီး ဒါဟာ မတော်တဆ ထိခိုက်မှုတွေကို ကာကွယ်ဖို့အတွက် ဖြစ်ပါတယ်။ မကြာခင်မှာပဲ ရာသီဥတုအပူချိန်ဟာ ပြန်တက်လာပြီး သုညဒီဂရီအထက်ကို ရောက်လာပါတယ်။ ဒါကြောင့် ဆီးနှင်းတွေ၊ ရေခဲတွေကလည်း အရည်ပျော်လာပြီး ကျွန်တော်တို့ကတော့ ဒီ HDD ကို စမ်းသပ်ဖို့ အကြံတစ်ခုရခဲ့ပါတယ်။



ဒါကတော့ ကွန်ပျူတာသုံးစွဲသူ တော်တော်များများမှာ ဖြစ်နိုင်ချေများတဲ့ ကော်ဖီဖိတ်ကျခြင်း ပါပဲ။ စာဖတ်သူ ယခုမြင်နေရတဲ့ Hard Drive ပေါ် ကော်ဖီဖိတ်ကျခြင်း ဓာတ်ပုံကို ရဖို့အတွက် ကျွန်တော်တို့ တော်တော်လေး ကြိုးစားစမ်းသပ်ခဲ့ရပါတယ်။

ကော်ဖီဖိတ်ကျပြီးတဲ့နောက် ဒီ HDD ကို သုံးပေရှိတဲ့ အမြင့်ကနေ လွှတ်ချကြည့်ပါတယ်။ Hard Drive ရဲ့ ညာဖက်ထောင့်စွန်းကို ကော်ဖီတွေ ဖိတ်ကျနေတဲ့ သံမံတလင်း ကြမ်းပြင်နဲ့ ဦးတည်ပြီး လွှတ်ချခဲ့တာ ဖြစ်ပါတယ်။ လက်ထောက် ဓာတ်ပုံဆရာဖြစ်သူ မောင်မောင်ကတောင် ဒီထဲက Data တွေ ပျက်စီးသွားရင် ဘယ်လို လုပ်မလဲလို့ မေးမြန်းခဲ့ပါသေးတယ်။ နှစ်မိနစ်အကြာ၊ ကျွန်တော်တို့ ဒီ Hard Drive ကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး ပြန်လည် စစ်ဆေးလိုက်တဲ့အခါမှာတော့ အထဲက Data တွေကို လက်ရာခြေရာမပျက်ဘဲ ပြန်တွေ့ရပါတယ်။

Hard Drive ရဲ့ ကိုယ်ထည်ဟာ အကြမ်းခံတဲ့ အခရိုင်းလစ်နဲ့ ဖန်တီးထုတ်လုပ်ထားတာ ဖြစ်ပြီး Data ၀င်ဆန့်မှု (Capacity) ပေါ်မူတည်ကာ အနီ၊ အနက် ကာလာနှစ်မျိုး ရှိပါတယ်။ ထပ်မံဖုံးအုပ်ထားတဲ့ အပြင်ဘက် ရာဘာ ကာဗာဟာလည်း ကိုင်ဆောင်ရ လွယ်ကူစေမှာ ဖြစ်ကာ သင့်ကို ပိုမိုလုံခြုံတဲ့ ခံစားမှုမျိုး ပေးစွမ်းနိုင်မှာပဲ ဖြစ်ပါတယ်။ အခြားသော Brand နဲ့ အချို့ HDD တွေလို လှပချောမွေ့နေအောင် ဖန်တီးထားပြီး လက်ထဲကနေ အလွယ်တကူ လွတ်ကျသွားစေနိုင်တဲ့ ပုံစံမျိုးတော့ မဟုတ်ပါဘူး။ သုံးစွဲတဲ့အခါ ဖြစ်လာမယ့် ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေကိုလည်း ရာဘာကိုချွတ်ပြီး အလွယ်တကူပဲ သန့်စင်နိုင်ပါတယ်။

အချက်အလက်တွေ ကူးပြောင်းမှုအမြန်နှုန်း (Data Transfer Speed) ကတော့ ဒီ HDD မှာ 5400 rpm ဖြစ်ပါတယ်။ 7200 rpm လောက်မရှိပေမယ့် ၎င်းမှာ ပါဝင်တဲ့ USB 3.0 ကြောင့် Data ကူးပြောင်းမှုကတော့ တကယ်ပဲ မြန်ဆန်တာပါ။ Hard Drive မှာ ‘Quick Install Guide’ တစ်ခုနဲ့ USB 3.0 ကြိုးတစ်ချောင်းလည်း ပါဝင်ပါတယ်။

Hard Drive မှာ တပ်ဆင်ရမယ့် USB အပေါက်က ‘Micro B Male Type’ ဖြစ်ပြီး ကျွန်တော်တို့ ရင်းနှီးပြီးသားဖြစ်တဲ့ USB ကြိုး အပေါက်မျိုးတော့ မဟုတ်ပါဘူး။ လက်တွေ့စမ်းသပ်ချက်အရ 19 GB လောက် အရွယ်အစားရှိတဲ့ Folder တစ်ခုကို ကူးပြောင်းတာတောင် ၇မိနစ်လောက်ပဲ ကြာပါတယ်။ ဆော့ဖ်ဝဲလ်သုံးပြီး စမ်းသပ်တာကတော့ ဒီ Hard Drive ဟာ Read အတွက်ဆိုရင် အမြန်နှုန်း 90MB/s ဖြစ်ကာ Write အတွက် ဆိုရင်တော့ 88MB/s ဖြစ်ပါတယ်။

ဒီလို Testing လုပ်နေစဉ်မှာပဲ ကျွန်တော်တို့ဟာ ဒီ Hard Drive ကို သုံးပြီး ရုံးနဲ့ဆိုင်တဲ့ Program အချို့ကို သုံးစွဲခဲ့ပါတယ်။ ADATA ၀က်ဘ်ဆိုဒ်မှ ‘HDDtoGo’ ဆိုတဲ့ ဆော့ဖ်ဝဲလ်ကို သုံးစွဲပြီး Folder တစ်ခုကိုလည်း Sync လုပ်ခဲ့ပါသေးတယ်။ ဒီလိုစမ်းသပ်ချက်တွေအရ တကယ်ပဲ အကြမ်းခံပြီး ဒီဇိုင်းပုံစံလည်း လှပတဲ့ ADATA ရဲ့ HD 650 ကို ကျွန်တော်တို့ လက်ရှိသုံးစွဲနေကြတဲ့ 500GB Hard Drive တွေအစား သုံးစွဲကြပါစို့။

mmconsumerguide
World Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...