Amazing City အစီအစဉ် တင်ဆက်သူအဖြစ် မိုးစက်ဝိုင်ပါဝင်


ဇွဲဥာဏ် ရန်ကုန်၊ဧပြီ-၅

မြန်မာနိုင်ငံ၏ အထင်ကရမြို့တော်များသို့ သွားရောက်ကာ တွေ့ကြုံရသည့် အံ့သြ၀မ်းသာမှုများကို ပရိသတ်များထံ တင်ဆက်ပေးမည့်သူအဖြစ် Amazing City အစီအစဉ်တွင် မိုးစက်ဝိုင်က ဆောင်ရွက်မည်ဖြစ်သည်။

အဆိုပါအစီအစဉ်ကို သင်္ကြန်ပြီးချိန်တွင် စတင်ရိုက်ကူးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ အထင်ကရမြို့တစ်မြို့ဖြစ်သည့် မန္တ လေးမြို့တွင် စတင်ရိုက်ကူးမည်ဖြစ်ကြောင်း အဆိုပါအစီအစဉ် ဒါရိုက်တာအောင်မြတ်က ပြောကြားသည်။

‘‘မန္တလေးဆိုရင် မိုးစက် ခဏခဏရောက်ဖူးတယ်။ ဒါပေမဲ့ အဲဒါက ကိုယ့်ကိစ္စကိုယ်ရှိတယ်။ လုပ်စရာရှိတာပဲ လုပ်ဖြစ်တယ်။ ဒီအစီအစဉ်ကတော့ တကယ်ကို အံ့သြဖွယ်ကောင်းမယ့်၊ တကယ်သမိုင်းရှိတဲ့နေရာတွေကို သေချာလိုက်ပြမှာပေါ့’’ ဟု အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်မည့် မိုးစက်ဝိုင်ကပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ အထင်ကရမြို့တော်များကိုသွား၍ ကိုယ်တိုင်ခံစားရသည့် အံ့သြမှုဝမ်းသာမှုများဖြင့် ပရိသတ်များကို တီဗီဖန်သားပြင်မှ ခေါ်ဆောင်သွားမည်ဖြစ်ပြီး ယခုကဲ့သို့ အစီအစဉ်များတင်ဆက်ပေးခြင်းကြောင့် ပြည်သူများကို ဗဟုသုတပေးနိုင်သလို ခရီးသွားလုပ်ငန်းအတွက်လည်း အထောက်အကူပြုနိုင်ကြောင်း ၎င်းကဆိုသည်။

‘‘မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေကို အဓိကထားပြီးတော့ အဲဒီမြို့တွေရဲ့ အနီးအနားမှာရှိတဲ့ တိမ်မြုပ်ပျောက်ကွယ်နေတဲ့ဓလေ့တွေ၊ လူတွေလည်း သိပ်မသိတဲ့ ပွဲတော်တွေ အဲဒီလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေကို ရိုက်ကူးတင်ဆက်သွားမှာပါ’’ ဟု ဒါရိုက်တာအောင်မြတ်က ပြောသည်။

ထိုအစီအစဉ်ကို လာမည့်မေလမှစတင်၍ မြ၀တီ (MWD) Channel မှ အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်ပေးမည်ဖြစ်သည်။

7Day News Journal
အတွဲ (၁၃)၊ အမှတ်(၆) 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...