Aspirin အက်စ်ပီရင်ကို ညပိုင်းသောက်ရင် Heart attack နှလုံးသွေးကြော ရုတ်တရက်ပိတ်ခြင်းကို ပိုပြီး ကာကွယ်နိုင်မတဲ့လား


Source of the picture; independent

Aspirin အက်စ်ပီရင် သွေးခဲကာကွယ်ဆေးကို Angina နှလုံးသွေးကြောကျဉ်းရောဂါရှိသူ၊ Heart attack နှလုံးရုတ်တရက်သွေးကြောပိတ်ထားသူ၊ Coronary angioplasty and stent နှလုံးသွေးကြောချဲ့ပြီး စကာပိုက်ထည့်ထားသူတွေကို အထူးကုဆရာဝန်များက ပေးလေ့ရှိပါတယ်။ တကမ္ဘာလုံးမှာ နေ့စဉ် Aspirin အက်စ်ပီရင် သောက်နေသူပေါင်း သန်းပေါင်းများစွာ ရှိပါတယ်။ UK ယူကေမှာ တစ်နိုင်ငံတည်းမှာတင် Aspirin အက်စ်ပီရင်ဆေးသောက်သူ နှလုံးရောဂါရှင်ပေါင်း တစ်သန်းကျော် ရှိပါတယ်။Aspirin အက်စ်ပီရင်ဆေးကို လူနာတွေက နေ့တိုင်း မနက်တစ်ကြိမ် သောက်ကြ ပါတယ်။ နှလုံးသွေးကြော ရုတ်တရက်ပိတ်ခြင်းဟာ နံနက် ၆ နာရီကနေ မွန်းတည့် အချိန်ထိ ပိုပြီး ဖြစ်တတ်လေ့ရှိတယ်လို့ ပြောပါတယ်။

နောက်ဆုံးဆေးသုတေသန တွေ့ရှိချက်အရ Aspirin အက်စ်ပီရင်ကို မနက်သောက်မယ့်အစား ညဘက်သောက်ရင် နှလုံးသွေးကြော ရုတ်တရက်ပိတ်ခြင်းကို ပိုပြီး ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။
နှလုံးရောဂါရှင် ၂၉၀ ဦးကို Aspirin အက်စ်ပီရင်ပေးပြီး လူနာတချို့ကို မနက်ပိုင်းသောက်ခိုင်းပြီး လူနာတချို့ကို ညမှာ ၃ လစီ ၂ ပိုင်း ခွဲပြီး သောက်ခိုင်းပါတယ်။ တစ်ပိုင်းစီပြီးလို့ အချိန်စေ့တဲ့အခါ လူနာတွေရဲ့ သွေးပေါင်ချိန်နဲ့ Platelet ပလိပ်လက်တ် လို့ခေါ်တဲ့ သွေးထွက်ရင် သွေးတိတ်အောင် ခဲစေတဲ့ သွေးဆဲလ်တွေရဲ့ အလုပ်လုပ်တဲ့ နှုန်းတွေကို တိုင်းကြည့်ပါတယ်။

သွေးပေါင်ချိန်ကတော့ ထူးခြားမှု မရှိပါဘူး။ ဒါပေမယ့် ညပိုင်းမှာ Aspirin အက်စ်ပီရင်သောက်တဲ့ လူနာတွေရဲ့ Platelets ပလိပ်တ်လက်တ်တွေက အလုပ်လုပ်တဲ့ နှုန်း နည်းနေတာ တွေ့ရပါတယ်။ညပိုင်းမှာ Aspirin အက်စ်ပီရင်သောက်တဲ့အခါ Platelets ပလိပ်တ်လက်တ်တွေဟာ မနက်ပိုင်းမှာ ဆဲလ်တစ်ခုနဲ့တစ်ခု ပူးကပ်ခြင်းစွမ်းအားက နည်းနေတာကို တွေ့ရပါတယ်။ Platelet ပလိပ်တ်လက်တ် ဆိုတာကတော့ သွေးထွက်ရင် သွေးခဲအောင်လုပ်တဲ့ သွေးဆဲလ်တွေ ဖြစ်ပါတယ်။ Platelets ပလိပ်တ်လက်တ် တွေရဲ့  သွေးခဲမှုစွမ်းအားနည်းသွားရင်တော့ သွေးခဲတာ နည်းသွားပြီး Heart attack ရုတ်တရက် နှလုံးသွေးကြောပိတ်ခြင်းကို နည်းစေနိုင်ပါတယ်။

ဒီဆေးသုတေသနအဖွဲ့ရဲ့ခေါင်းဆောင် နယ်သာလင်နိုင်ငံ လေးဒဲန်တက္ကသိုလ် က Dr Tobias Bonten ကပြောတာကတော့ “အက်စ်ပီရင်ကို နှလုံးရောဂါရှိလို့ နေ့စဉ်သောက်နေရသူတွေ သန်းပေါင်းများစွာဟာ မနက်သောက်နေရာကနေ ညကိုပြောင်းသောက်ရင် အကျိုးပိုရှိနိုင်တယ်၊ ဒီလိုလုပ်ဖို့ဟာလည်း လွယ်လွယ်လေးပါ”လို့ ပြောပါတယ်။

ဒီဆေးသုတေသန တွေ့ရှိချက်တွေကို Texas ပြည်နယ် Dallas မြို့မှာ ပြုလုပ်နေတဲ့ American Heart Association အမေရိကန်နှလုံးအဖွဲ့ကြီးရဲ့ အစည်းအဝေးပွဲမှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။

အက်စ်ပီရင်ကို လိုအပ်လို့သောက်ရင် အကျိုးရှိနိုင်ပေမယ့် တခြားရောဂါ အခံရှိသူတွေမှာ အစာအိမ်သွေးယိုခြင်း၊ ဦးဏှောက်သွေးယိုခြင်းလိုမျိုးလည်း ဖြစ်တတ်တာမို့ သက်ဆိုင်ရာ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သောက်ဖို့ လိုမလို ဆုံးဖြတ်သင့်ပါတယ်။

မြန်မာနှလုံးဖောင်ဒေးရှင်းရဲ့ စာမျက်နှာ https://www.facebook.com/pages/Myanmar-Heart-Foundation/560619810651716 ကို Like လုပ်ဖို့ Invite လုပ်ပေးခြင်း၊Share လုပ်ခြင်းများဖြင့် မျှဝေပေးပါရန်။)

မြန်မာနှလုံးဖောင်ဒေးရှင်း

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...