စိတ်ခံစားချက်ကို ထုတ်ဖော်ပြသနိုင်သည့် အာရုံခံ နည်းပညာသုံး ဖက်ရှင်ဝတ်စုံ

Intimacy 2.0 ဟု အမည်ပေးထားသည့် အဆိုပါ ဝတ်စုံသည် ဆန့်ကျင်ဘက်လိင်အပေါ် စိတ်ဝင်စားခြင်း၊ ရှက်ရွံ့ခြင်း၊ စိတ်လှုပ်ရှားခြင်းစသော အခြေအနေများ၌ ပလပ်စတစ် အကြည်သားကဲ့သို့  ပြောင်းလဲသွားနိုင် မည် ဖြစ်သည်။



စိတ်ခံစားချက်ကိုလိုက်၍ အရောင်ပြောင်းနိုင်သော အမျိုးသမီး ဖက်ရှင် ဝတ်စုံတစ်မျိုးကို နယ်သာလန် ဒီဇိုင်နာ တစ်ဦးက ဖန်တီးတီထွင်နေကြောင်း သိရသည်။ Intimacy 2.0ဟု အမည်ပေးထားသည့် အဆိုပါ ဝတ်စုံသည် ဆန့်ကျင်ဘက်လိင်အပေါ် စိတ်ဝင်စားခြင်း၊ ရှက်ရွံ့ခြင်း၊ စိတ်လှုပ်ရှားခြင်းစသော အခြေအနေများ၌ ပလပ်စတစ် အကြည်သားကဲ့သို့ ပြောင်းလဲသွားနိုင်မည် ဖြစ်သည်။ ဝတ်စုံကို ဒီဇိုင်းပိုင်း လှပအောင် ဖန်တီးထားပြီး အတွင်းတွင် သေးငယ်သည့် အီလက်ထရောနစ် အာရုံခံပြားလေးများ တပ်ဆင်ထားသည်။ ဒီဇိုင်းပညာအရ ဆုများစွာ ရရှိထားဖူးသည့် ဒန်းရူစီဂါဒီက ဖက်ရှင်လက်ရာ တစ်ခု အနေဖြင့် အဆိုပါ ဝတ်စုံကို ဖန်တီးချုပ်လုပ်ခဲ့ခြင်း ဖြစ်သည်။



အဖြူနှင့် အနက်ရောင် နှစ်မျိုးရွေးချယ်နိုင်ပြီး သားရေတုဖြင့် ချုပ်လုပ်ထားသည့် အဆိုပါ ဝတ်စုံသည် လတ်တလောတွင် စမ်းသပ်ဆဲ အဆင့်သာ ရှိသေးသည်။ ရှက်စနိုး အခြေအနေမျိုး ကြုံရသည့်အခါ ဝတ်စုံက ခန္ဓာကိုယ်၏ အပူချိန်နှင့် နှလုံးခုန်နှုန်း ပြောင်းလဲသွားမှုတို့ကို မှတ်သားသိရှိပြီး ကြည်လင်နေသော အခြေအနေသို့ ကူးပြောင်းသွားစေမည် ဖြစ်သည်။ အဓိပ္ပါယ်အားဖြင့် လိင်စိတ်နိုးကြားခြင်း၊ မရွံ့မရဲဖြစ်ခြင်း၊ စိတ်လှုပ်ရှားခြင်းစသော အခြေအနေများတွင် ဝတ်စုံက ခံစားချက်ကို လှစ်ဟပြလာမည် ဖြစ်သည်။ ရူစီဂါဒီက မိမိ၏ ဖန်တီးမှုသည် နည်းပညာနှင့် ကဗျာဆန်မှု ခံစားချက်တို့ကို ရောယှက်ထားခြင်းဟု ဆိုသည်။



“Intimacy 2.0ဟာ ဖက်ရှင်ပရောဂျက် တစ်ခုပါ။ လူသားချင်း ရင်းနှီးကျွမ်းဝင်မှု၊ နှီးနှောလိုမှု ပြယုဂ်တွေကို နည်းပညာနဲ့ ပေါင်းစပ်လိုက်တာ ဖြစ်ပါတယ်”ဟု ၎င်းက ရှင်းပြခဲ့သည်။ စမ်းသပ်ဆဲ အခြေအနေတွင် ယင်းဝတ်စုံသည် (၄၀)လက်မအရှည် အရွယ်အစား တစ်မျိုးတည်းဖြင့်သာ ချုပ်လုပ်ထားသေးပြီး ခန္ဓာကိုယ် သွယ်လျသူများအတွက်သာ သင့်တော်သေးသည်။ ရူစီဂါဒီက “ဒါက ကနဦး ခြေလှမ်းပဲ ရှိသေးတယ်။ ကျွန်တော့် စတူဒီယိုမှာ Intimacy 3.0အတွက် ဒီဇိုင်းဖန်တီးမှုတွေ စတင်နေပါပြီ။ ဒီဖက်ရှင်ဟာ အမျိုးသားဝ တ်၊ အမျိုးသမီးဝတ် အရွယ်စုံအတွက် သင့်တော်စေဖို့ ရည်ရွယ်ထားပါတယ်” ဟု ပြောကြားသွားသည်။

Planet Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...