ဗိုက်ခေါက်



(ခန္ဓာကိုယ်အတွင်းပိုင်းတွေဆီကို လာရောက်စုပုံ နေတတ်တဲ့ အဆီတွေ ဖယ်ရှားခြင်း)

အားလုံးဆီကို အချိန်မဆိုင်းဘဲ ရောက်လာပြီး ခိုအောင်း နေတတ်တဲ့ အထဲမှာ ဝမ်းဗိုက်က အဆီများကတော့ နံပတ်တစ် ဖြစ်ပါတယ်။ သတိမထားမိခင် အချိန်မှာ လာရောက်စုဆောင်းနေပြီး သတိထား လိုက်မိတဲ့ အချိန်မှာတော့ အတော့်ကို ဖယ်ထုတ်ရ ခက်နေပါပြီ။ အသက်ကြီးငယ်မရွေး၊ ကျားမ
မရွေး သူတိုက ကပ်တွယ်နေကြတယ်။ အားလုံးဟာ လှုပ်ရှားမှုတွေကို လေးလံစေတဲ့၊ အရုပ်ဆိုးစေတဲ့ အဲဒီနေရာက အဆီတွေကို မမြင်ချင်ကြဘူး။ ဖယ်ပစ်ချင် ကြပါတယ်။ သူတို့ကြောင့် ပိုပြီးတော့ ဝလာတယ်လို့ ခံစားနေ ရပါတယ်။

တကယ်တမ်းကျတော့ ကိုယ်အလေးချိန် ကြီးတဲ့သူတွေ တင်သာမက ပိန်နေတဲ့သူတွေရဲ့ ဝမ်းဗိုက်မှာပါ အဆီတွေ စုနေတတ်ပါတယ်။ လူတစ်ယောက်ဟာ ပိန်တာပဲဖြစ်ဖြစ် ဝတာပဲဖြစ်ဖြစ် အဆီတွေရဲ့ တိုက်ခိုက်မှုကို ခံစားနေရ တတ်ပါတယ်။ အဆီတွေဟာ မမြင်သာတဲ့ အတွင်းအင်္ဂါ အစိတ်အပိုင်းတွေ ဆီမှာလည်း ခိုအောင်းနေကြပြီးတော့ ကျန်းမာရေးကို ခြိမ်းခြောက်နေ တတ်ကြတယ် ဆိုတာ ကို မေ့လျော့နေတတ် ကြပါတယ်။ ဒါပေမယ့် အဆီတွေဆိုတိုင်း ကြောက်နေဖို့ မလိုအပ်ပါဘူး။ ခန္ဓာကိုယ် က အဆီကို လိုအပ်ပါတယ်။ လိုအပ်တဲ့ ဗီတာမင် အေ၊ ဒီ၊ အီး၊ ကေတို့ကို စုပ်ယူ သိမ်းဆည်းဖို့ လိုအပ်သလို ဇီဝဖြစ်ပျက် မှုတိုင်းမှာ လိုအပ်နေတဲ့ Chemicals တွေကို ထုတ်ပေးဖို့လည်း သူ့ကို လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင် တစ်ယောက်ဆိုရင် ရင်သွေးငယ် ဖွံ့ဖြိုးကြီးထွားဖို့ အဆီကို လိုအပ်ပါတယ်။ အဆီတွေဟာ သူတို့ရောက်နေတဲ့ နေရာတွေပဲ မူတည်ပြီး အကျိုးဆက်တွေက အမျိုးမျိုးဖြစ် နိုင်တာကြောင့် အဆီတွေဆိုတိုင်း အတူတူပဲလို့ သတ်မှတ်လို့ မရပါဘူး။

စားသုံးလိုက်တဲ့ အဆီတွေ၊ ဇီဝဖြစ်ပျက်မှုကနေ ထွက်လာတဲ့ အဆီတွေကို နေရာ ၂ ခုမှာ ခွဲပြီးတော့ သိုလှောင် ထားတတ်ကြ ပါတယ်။ ပထမနေရာက ပေါင်၊ တင်ပါး၊ ဝမ်းဗိုက်တွေ မှာရှိတဲ့ အရေပြားရဲ့ အောက် ဘက်မှာ စုတတ်ကြပါတယ်။ နောက်တခုကတော့ အတွင်းအင်္ဂါ ကလီစာတွေ မှာပါ။ နှလုံး၊ အဆုတ်၊ အသည်း အပါအဝင် အစာအိမ်နဲ့ အူလမ်းကြောင်း တစ်လျှောက်၊ ရင်ဘက်၊ ဝမ်းဗိုက်၊ ခါးနေရာတွင်မှာ အဆီတွေဟာ မသိမသာ နေရယူပြီး စုဝေးနေ တတ်ကြပြီး အန္တရာယ်ပေးဖို့ စောင့် ဆိုင်း နေတတ်ကြပါတယ်။ အရေပြား အောက်မှာ စုနေတဲ့ အဆီကိုတော့ မြင်နိုင်ကြပေမယ့် အတွင်း အစိတ်အပိုင်း တွေဆီက အဆီတွေကိုတော့ မြင်ဖို့ရာ တော်တော့်ကို ခက်ခဲတတ်ပါတယ်။ မြင်နိုင်တဲ့ အစိတ်အပိုင်းတွေဆီမှာ ရှိနေတာထက် မမြင်ရတဲ့ နေရာတွေမှာ စုဆောင်းနေတဲ့ အဆီတွေက ပိုများပါတယ်။

အဲ့ဒီလိုမျိုး အတွင်းအင်္ဂါတွေဆီက အဆီတွေဟာ နေရာတိုင်းလိုလိုမှာ တည်ရှိနေ တတ်ပါတယ်။ အဆီတွေဟာ ထင်ထားသလို အပိုပစ္စည်း သက်သက်တော့ မဟုတ်ပါဘူး။ သူတို့ဟာ ခန္ဓာကိုယ်ရဲ့
တခြားအစိတ်အပိုင်း တွေလိုပဲ အလုပ်လုပ်နိုင်စွမ်း ရှိကြပါတယ်။ အတွင်းအင်္ဂါ တွေဆီမှာ စုပုံတဲ့ အဆီတွေဟာ အဲ့ဒီအင်္ဂါ တွေအတွက် မဖြစ်မနေ လိုအပ်တဲ့ ကြားခံ ကူရှင်သဖွယ် ဆောင်ရွက်ပေး တဲ့အချိန်မှာ သူဟာ အနားပတ်ဝန်းကျင် မှာရှိတဲ့ အင်္ဂါတွေက စုပ်ယူနိုင်တဲ့ ဆိုးရွားတဲ့ အရာဝတ္တုတွေကို စစ်ထုတ် ပေးပါတယ်။

အတွင်းကလီစာ တွေဆီက အဆီတွေဟာ inflammatory compounds တချို့ကို ထုတ်လုပ်ပေးပြီး သူတို့ကြောင့် အင်ဆူလင်ကို တုံ့ပြန်မှုမရှိတော့တဲ့အခြေအနေတွေ၊ တချို့ ကင်ဆာ ရောဂါတွေ ကိုဖြစ်လာစေပါတယ်။ အတွင်းအင်္ဂါတွေဆီမှာ လာကပ်နေတဲ့အဆီတွေက ထွက်တဲ့အရာတွေ ဟာ သွေးတိုးရောဂါ၊ အမျိုးအစား၂ ဆီးချိုရာဂါ၊ နှလုံးရောဂါ၊ စိတ်ပျံ့လွင့်မှုအပါအဝင် ရင်သားကင် ဆာ၊ အူကင်ဆာ၊ သားအိမ်ကင်ဆာတို့နဲ့ ဆက်စပ်နေပါတယ်။ လူတစ်ယောက်ဟာ ပိုပြီးတော့ ဝလာတာနဲ့အမျှ သူရဲ့ အရေပြားအောက်တွေ၊ အတွင်းအင်္ဂါတွေ ဆီမှာတော့ အဆီတွေဟာ ပိုပြီးတော့ များလာပါတယ်။ သူ့ရဲ့အဆီတွေကို ဘယ်နေရာမှာ ပိုပြီးတော့ သိုလှောင်ထားတယ် ဆိုတာကတော့ သူရဲ့ မျိုးရိုးဗီဇ၊
နေထိုင်ရှင်သန်တဲ့ပုံစံ၊ အသက်အရွယ်၊ ယောကျာ်း မိန်းမ စတဲ့အချက်တွေက လွှမ်းမိုးနေပါတယ်။

လူတိုင်းဟာ နေရာတိုင်းမှာ အဆီတွေ စုနေတတ်ပြီး ကျန်းမာရေးနဲ့ ဆက်စပ်နေ ပါတယ်။ အသက် ၄ဝ အောက် အမျိုးသား တွေမှာတော့ အမျိုးသမီးတွေ ထက်စာရင် သူတို့ရဲ့အတွင်း အင်္ဂါတွေဆီမှာ အဆီတွေ ပိုပြီးတော့ စုနေတတ် ပါတယ်။ အမျိုးသမီး တွေကတော့ သွေးဆုံး ပြီးချိန် နောက်ပိုင်း ရောက်မှ သာ ကလီစာတွေမှာ အဆီတွေကို စုတတ်ကြ ပါတယ်။ ဝနေတဲ့လူ တစ်ယောက်မှာ ပိုနေတဲ့ အဆီတွေကို အသည်း၊နှလုံး တို့လိုမျိုး အတွင်းအင်္ဂါတွေ၊ သူတို့အနား ပတ်ဝန်းကျင်တွေမှာ သိမ်းဆည်းထား တတ်ပါတယ်။ အသည်းအဆီဖုံး တာမျိုးဟာ အရက်မသောက် တတ်တဲ့သူတွေ ဆီမှာဖြစ်တာ နည်းပေမယ့် သူဟာ ဝလာတာ နဲ့အမျှ အတွင်းအင်္ဂါ တွေဆီမှာ အဆီတွေ လာစုကြတော့ တာပါပဲ။

အဲဒီအဆီတွေဟာ ဘယ်နေရာမှာ စုနေကြတယ် ဆိုတာကို တိုင်းတာ ဖို့အတွက်တော့ ခက်ခဲပေမယ့် ကျွန်မတို့ အလွယ်ကူတကူ တွက်လို့ရတဲ့ နည်းလမ်းတွေလည်း ရှိနေပါသေးတယ်။ ယေဘူယျ အားဖြင့်တော့ အမျိုးသမီး တစ်ယောက်ရဲ့ ခါးအတိုင်းအတာဟာ ၃၅ လက်မထက် ကျော်လာမယ်၊ အမျိုးသားတစ်ယောက်ရဲ့ ခါးဟာ ၄ဝ ကျော်သွားပြီဆိုရင် သူ့တို့ အတွင်းအင်္ဂါ တွေဆီမှာ အဆီတွေ စုနေပြီလို့ ခန့်မှန်းလို့ ရပါပြီ။

နောက်ထပ် တိုင်းလို့ရတဲ့ နည်းကတော့ ခါးနဲ့ တင်ပါးအချိုးချ ကြည့်ဖို့ပါ။ ခါးနဲ့တင်ပါး အချိုးအစားဟာ လူတစ်ယောက်ရဲ့ အဆီတွေ ဘယ်နေရာမှာ များနေလဲ ဆိုတာကို ညွှန်ပြနိုင်တဲ့ နေရာတွေပါပဲ။ ဒီလို တိုင်းတဲ့အခါမှာ တိကျတဲ့အဖြေကို ရဖို့ သတိထား ရတာတွေ ရှိနေပါသေးတယ်။ ခါးကို တိုင်းမယ်ဆိုရင် မတ်နေအောင်နေပြီး ပထမဆုံး အသက်ကို ပြင်းပြင်းရှုထုတ်ပေး ရပါလိမ့်မယ်။ မှန်ကန်တဲ့ ခါးအတိုင်း အတွက်တော့ ပေကြိုးကို ချက်ကို ဖြတ်ပြီး ခါးအလယ် တည့်တည့်မှာ ထားပေးရ ပါလိမ့်မယ်။ အဲဒီလိုပဲ တင်ပါးအချိုးကို တိုင်းတဲ့နေရာမှာ တင်ပါးဆုံရိုးရဲ့ အပေါ်ဘက်မှာ ပေကြိုးကို တင်ပြီး ထပ်တိုင်းရ
ပါလိမ့်မယ်။ သူတို့ ၂ ခုကို အချိုးချလိုက်လို့ အမျိုးသမီးတစ်ယာက်ရဲ့ အချိုးအစားဟာ ဝ.၈၊ အမျိုးသား တစ်ယောက်အတွက် ဝ.၉ လောက် ရှိတယ်ဆိုရင် ကျန်းမာတဲ့ လူတွေလို့ သတ်မှတ်ခဲ့ ကြပါတယ်။

ဒီနေရာမှာ တတွေဟာ BMI ကို ထည့်သွင်းစဉ်းစား ခဲ့ကြပါတယ်။ BMI ဟာ ကျွန်မတို့ရဲ့ အရပ်၊ ကိုယ်အလေးချိန်တွေနဲ့ ဆက်စပ်နေပါတယ်။ ဒါပေမယ့် သူဟာ အဆီတွေ ဘယ်နားမှာ သိမ်းထားတယ် ဆိုတာကိုတော့ မညွှန်ပြနိုင်ပါဘူး။ လူတစ်ယောက်ရဲ့ အဆီတွေဟာ တင်ပါးနဲ့ ပေါင်တွေမှာ စုနေတယ် ဆိုရင်တော့ သူ့ကို သစ်တော်သီး ပုံစံလို့သတ်မှတ်ပြီး သူဟာ ခါးမှာ အဆီတွေ စုနေတဲ့ ပန်းသီး ပုံစံထက် ပိုပြီးတော့ စိတ်ချရပါသေးတယ်။ ပန်းသီးဆိုတာဟာ ဝမ်းဗိုက်မှာ အဆီတွေ ပိုပြီးတော့ များနေတယ်လို့ သတ်မှတ်နိုင်ပြီး အတွင်းအင်္ဂါ တွေဆီမှာ အဆီတွေ စုပုံနေနိုင်တယ်လို့ ယူဆလို့ ရပါတယ်။ အဲဒီလို
ဗိုက်ထဲမှာ လာနေရာယူတတ်တဲ့ အဆီတွေကို ဘယ်လိုထိန်းချုပ် ကြမလဲ။

ခန္ဓာကိုယ် အတွင်းပိုင်းတွေဆီကို လာရောက်စုပုံ နေတတ်တဲ့ အဲ့ဒီအဆီတွေကို ဖယ်ရှားချင်တယ် ဆိုရင်တော့ လိုက်ပါဖို့လိုအပ်တဲ့ အဓိက အချက် ၄ ချက်ကို မေ့လျော့ထားလို့ မရပါဘူး။

(က) ကိုယ်လက် လှုပ်ရှားမှု

ပထမဆုံးက လေ့ကျင့်ခန်း လုပ်ဖို့ပါပဲ။ ဝမ်းဗိုက်မှာ အဆီတွေ စုနေလို့ လှုပ်ရှားရ ခက်လို့ပါ၊ သွားလာရ ခက်လို့ပါ ဆိုတဲ့ အကြောင်းပြချက် လောက်နဲ့ မပယ်ထားသင့်တဲ့ အချက်ကတော့ ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့ပါပဲ။ အတွင်း အင်္ဂါတွေပေါ်မှာ၊ သူတို့အနား တစ်ဝှိုက်မှာ ရှိနေတဲ့ အဆီတွေကို ကျဖို့ဆိုတဲ့ သီးသန့်လေ့ကျင့်ခန်း မရှိပေမယ့် ကိုယ်အလေးချိန် လျော့သွားတာနဲ့ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေတဲ့ အဆီတွေဟာ အလိုလို လျော့သွား တာပါပဲ။ အသည်းမှာ စုပုံနေ တတ်တဲ့ အဆီတွေဟာ အသည်းအဆီဖုံးတဲ့ ရောဂါတွေနဲ့ ဆက်စပ်နေတယ် ဆိုရင်တောင်မှ သူတို့ကို လျော့နည်းစေ ဖို့ဆိုရင် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်တာက အတော့်ကို အထောက်အကူ ပြုပေးပါတယ်။

အေရိုးဗစ် အားကစားကို မိနစ် ၃ဝ လောက်ကစားတာ၊ တပတ်ကို ၄ ကြိမ်လောက် ပုံမှန် လေ့ကျင့်ပေး ရင်တော့ အရေပြားအောက်မှာ သိုလှောင်ထားတဲ့ အဆီတွေ၊ အတွင်းအင်္ဂါတွေဆီမှာ ကပ်နေတဲ့ အဆီတွေပါ လျော့ကျသွားပါတယ်။ ခပ်ဖြည်းဖြည်းလေး ပြေးတာ၊ စက်ဘီးစီးတာ၊ ခပ်မြန်မြန် လမ်းလျှောက် တာတွေဟာ ကောင်းကောင်း အကူအညီပေးနိုင် ပါတယ်။ တနေ့ကို ခြေလှမ်း ၇ဝဝဝ လောက် လှမ်းပေး ရင်တောင်မှ ဝမ်းဗိုက်ထဲက အဆီတွေဟာ လောင်ကျွမ်းသွားနိုင် ပါတယ်။ လူတစ်ယောက်ဟာ လှုပ်ရှားမှု နည်းလာတာ နဲ့အမျှ အတွင်းအင်္ဂါတွေမှာ အဆီတွေ စုဆောင်းတာ ပိုပြီးတော့ များလာပါတယ်။

အချိန်ကြာလေလေ အဆီတွေ ပိုပြီးတော့ များလာလေ ဖြစ်တာကြောင့် ပုံမှန်လေ့ကျင့်ခန်း မလုပ်ဖြစ်တဲ့ သူတွေအတွက် အတော့ကို သတိထားရပါတယ်။ မိမိကိုယ်ကိုယ် သံသယမကင်း ဖြစ်လာတဲ့ အချိန်မှာတော့ ဆရာဝန်၊ ဒါမှမဟုတ်လည်း သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းတဦးဦးနဲ့ တိုင်ပင်ပြီး မိမိနဲ့
သင့်တော်မယ့် ကိုယ်လက်လှုပ်ရှားမှု နည်းလမ်းကို ရွေးချယ်သင့် ပါတယ်။ တခိျု့သူတွေ့တော့ ဗီဇကြောင့် ပိန်နေပေမယ့်လည်း သူတို့ရဲ့ ကိုယ်မှာအဆီတွေ စုနေတတ်ပြီး ခန္ဓာကိုယ် အချိုးအစားနဲ့ မလိုက်ဖက်အောင် ကို အဆီတွေ များနေတတ်ပါတယ်။ ဝနေတဲ့လူ တစ်ယောက်ရဲ့ အသည်း၊ နှလုံးတွေမှာ အဆီတွေ စုနေသလိုပဲ ပိန်နေတဲ့သူ တစ်ယောက်ရဲ့ အတွင်းအင်္ဂါ တွေဆီမှာ အဆီဓါတ်တွေ စုပုံနေတတ်သ လို သွေးထဲမှာလည်း သကြားဓါတ်တွေလည်း မြင့်တက်နေ တတ်ပါတယ်။ အဲဒီလိုမျိုး ပိန်တဲ့သူတွေဟာ ကိုယ်လက်လှုပ်ရှားမှု နည်းနေမယ်ဆိုရင် အဆီတွေ စုစည်းနေတတ်ပါတယ်။ အစားအသောက်ကို ထိန်းပြီး ပိန်နေတဲ့သူတွေဟာ လှုပ်ရှားမှု သိပ်မလုပ်ဖြစ် ခဲ့ရင်လည်း သူတို့ရဲ့ အတွင်းအင်္ဂါ တွေမှာ အဆီဓါတ်တွေ မြင့်တက်နေ တတ်ပါတယ။်


(ခ)အစားအသောက်

ကိုယ်လက်လှုပ်ရှားမှု လုပ်သလိုပါပဲ။ ကိုယ်တွင်း အင်္ဂါတွေဆီမှာရှိတဲ့ အဆီတွေကို ဖယ်ပေးနိုင်မယ့် အစားအသောက်တွေ ဆိုပြီးတော့ သီးသန့်ရှိ မနေပါဘူး။ ဒါပေမယ့် လူတစ်ယောက် ကိုယ်အလေးချိန် ကျတာနဲ့ ဗိုက်က အဆီတွေဟာ အလျင်မြန်ဆုံးနဲ့ ပထမဆုံး လျော့နည်းသွား တာကြောင့် အစားအသောက်ကိုပါ ဂရုစိုက်ရပါလိမ့်မယ်။ အစားအသောက်ကို ဂရုစိုက်ရွေးချယ် တယ်ဆိုတဲ့ နေရာမှာ လုံးဝကြီး အစားလျော့စားဖို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ စားမယ့် အစားအစားမှာ သင့်လျော်တာမျိုးကို ထည့်သွင်းကြည့်ဖို့ပါ။ လူတစ်ယောက်ဟာ ဗိုက်ထဲက အဆီချဖို့အတွက် အစာငတ်ခံ နေစရာမလိုပါဘူး။ သူဟာ နံနက်စာကို ပုံမှန် စားပေးသင့်သလို နံနက်စာကို ပုံမှန် စားပေးသင့်သလို အမျှင်ဓါတ်ကိုလည်း
ရွေးချယ်ဖို့ပါ။ သူ့စားလိုက်အစားထဲမှာ အမျှင်ဓါတ်တွေ များလေ၊ အဆီတွေ စုဆောင်းမှုက နည်းလေလေ ပါပဲ။ နံနက်ခင်းမှာ လတ်ဆတ်တဲ့ အသီးတွေ၊ ဥတွေကို စားပေးပြီး အချိုများလွန်းတဲ့ ကိတ်၊ ဝေဖာ၊ ပေါင် မုန့်မီးကင်တို့ကိုတော့ လျော့စားစေချင်ပါတယ်။


(ဂ)အိပ်စက်မှု

လူတစ်ယောက်ရဲ့ အိပ်ချိန်နည်းတာ၊ များတာဟာ သူ့ရဲ့ ကိုယ်တွင်းမှာ အဆီတွေ စုတာနဲ့လည်း ဆက်စပ်နေပါတယ်။ အိပ်စက်ချိန် မမှန်မှုကြောင့် ၅ နှစ် ပိုပြီးတော့ မြန်မြန် စုနိုင်ပါတယ်။ တနေ့ကို ၅ နာရီ လောက်တောင် မရှိတာ၊ ၈နာရီ ထက်ပိုပြီးတော့ အိပ်စက်တဲ့ သူတွေဟာ တနေ့ကို ၆-၇ နာရီ အိပ်စက်တဲ့ သူတွေထက် အဆီပိုပြီးတော့ စုနေနိုင်ပါတယ်။ ဒါကြောင့် ဝမ်းဗိုက်မှာ စုနေတတ်တဲ့ အဆီတွေကို ဖယ်ချင်တယ် ဆိုရင် အိပ်ချိန်ကို စနစ်တကျ ထားပေးရပါလိမ့်မယ်။ ကျွန်မတို့ နှစ်ခြိုက်စွာ အိပ်ပျော်တာကို အနှောင့်အယှက် ပြုနိုင်မယ့် ဆူညံသံတွေ၊ အလင်းရောင် စူးစူးတွေကို လျော့ပါးအောင်
လုပ်နိုင်ခြင်းကလည်း ဗိုက်ထဲက အဆီတွေကို လျော့ချလိုက်ခြင်း ပါပဲ။


(ဃ)စိတ်ဖိစီးမှု

ခန္ဓာကိုယ် အတွင်းပိုင်းမှာ စုဆောင်းနေတတ်တဲ့ အဆီတွေကို ဖယ်ရှားပစ်ဖို့ အတွက်ဆိုရင် စိတ်ဖိစီးမှုနဲ့ ပတ်သက်တဲ့ အချက်အလက် တွေကိုလည်း မေ့လျော့ထားလို့ မရပါဘူး။ ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ ကိုယ်ရေးကိုယ်တာ စိတ်ဖိစီးမှုတွေ၊ လူမှု ပတ်ဝန်းကျင်နဲ့ ဆိုင်တဲ့ စိတ်ဖိစီး မှုတွေဟာ ခန္ဓာကိုယ်ထဲမှာ အဆီတွေ စုပုံလာအောင် တွန်းအားပေးနေ ကြပါတယ်။ ကွာရှင်းပြတ်ဆဲ ထားတဲ့ အမျိုးသမီးတွေ၊ လုပ်ငန်းတွင်း ဆုံးရှုံးနစ်နာမှုကို ကြုံတွေ့နေရတဲ့ အမျိုးသားတွေဟာ တခြားသူတွေထက် အတွင်း အင်္ဂါတွေမှာ အဆီတွေ စုဆောင်းနေ တတ်ပါတယ်။

လူတစ်ယောက်ဟာ သူနဲ့ ဆက်စပ်မှုရှိနေတဲ့ လူ့အဖွဲ့အစည်းကို ထိန်းချုပ်လို့မရပါဘူး။ ဒါပေမယ့် သက်ရောက်လာတဲ့ အကြောင်းအရာအတွေကို တုံ့ပြန်နိုင်မှုကတော့ ကွာခြားသွားနိုင်ပါတယ်။ စိတ်တည်ငြိမ်ဖို့ တရားထိုင်တာ၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တာ၊ မိမိချစ်ခင်တဲ့ သူတွေနဲ့ အတူတကွ တွေ့ဆုံတဲ့အခါမှာ စိတ်ဖိစီး မှုတွေဟာ လျော့နည်းသွား ပါတယ်။ သူငယ်ချင်းတွေ၊ မိသားစု ဝင်တွေနဲ့ အတူတကွ နေရတဲ့အချိန်မှာ စိတ်ဖိစီးမှု ဟော်မုန်းတွေဟာ လျော့နည်းနေပါ တယ်။ ကိုယ်လက် လှုပ်ရှားမှု ပြုလုပ်တာကတော့ အဆီတွေကို လျော့ကျစေသလို စိတ်ဖိစီး မှုကိုပါ လျော့ကျနိုင်ပါတယ်။

ပိန်တဲ့သူတွေရဲ့ အတွင်းအင်္ဂါတွေမှာလည်း အဆီတွေ စုတတ်တယ် ဆိုတာကို မေ့ထားလို့ မရပါဘူး။ တချို့သူတွေဟာ ဗီဇကြောင့် ပိန်နေပေမယ့်လည်း သူတို့ရဲ့ ကိုယ်အတွင်းပိုင်းမှာ ခန္ဓာ ကိုယ်အချိုးအစားနဲ့ မလိုက်ဖက်အောင်ကို အဆီတွေ စုနေတတ်ပါတယ်။ ဝနေတဲ့ လူတစ်ယောက်ရဲ့ အသည်း၊ နှလုံးတွေမှာ အဆီတွေ စုနေသလိုပဲ ပိန်နေတဲ့ သူတစ်ယောက်ရဲ့ အတွင်းအင်္ဂါ တွေဆီမှာ အဆီဓါတ်တွေ စုပုံနေတတ်ပါတယ်။ သူတို့ဟာ ကိုယ်လက်လှုပ်ရှားမှု နည်းတာကြောင့် သွေးထဲမှာလည်း သကြားဓါတ်တွေလည်း မြင့်တက်နေတတ်ပါတယ်။ အစားအသောက်ကို ထိန်းပြီး ပိန်နေတဲ့သူတွေဟာ လှုပ်ရှားမှု သိပ်မလုပ်တာကြောင့် အတွင်းအင်္ဂါတွေမှာ အဆီဓါတ်တွေ မြင့်တက်နေနိုင်တယ် ဆိုတဲ့
အချက်ကိုတော့ လျစ်လျစ်ရှု့ မထားသင့်ပါဘူး။

ဝမ်းဗိုက်မှာ လာစုနေတဲ့ အဆီတွေကို လျော့ချတယ် ဆိုတာဟာ အလှအပ သက်သက် အတွက်ပဲ
မဟုတ်ပါဘူး။ သူတို့ လာမစုအောင် ဟန့်တားနိုင်တာ၊ စုပြီးသားကို လျော့ကျအောင် လုပ်ဆောင်နိုင် တာတွေဟာကိုယ့်ကိုယ်ကိုကျန်းမာအောင် ပြုစုလိုက်ခြင်း ပါပဲ။ သူတို့မရှိ တော့တာကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် ကျန်းမာရေး ချို့တဲ့မှုတွေကိုပါ ရှောင်ရှား လိုက်နိုင်ပါတယ်။ ဒါကြောင့် အသက်ရှည်ရှည်
နေစေချင်ရင် ခါးအချိုးကို ပုံမှန်တိုင်းပေးပြီး တိုးလာမယ့် အဆီတွေကို မျက်ခြေမပြတ် ကြည့်ရှု့သင့် ပါ တယ်။


နှင်းနုလွင် (ဆေးဝါး)
အာရောဂျံ မဂ္ဂဇင်း

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...