အပူသင်္ကြန်ကို အန်တုခြင်း

မကြာမီ မြန်မာ့နှစ်သစ်ကူးချိန်ကို ကြိုဆိုမည့် ရေကစားပွဲတော် ကျင်းပတော့မည်။ ရေကစားရန် အကောင်း ဆုံး အချိန်များတွင် အပူညွန်းကိန်းက အမြင့်သို့ ဦးတည် နေပေလိမ့်မည်။ ယခုနှစ် အပူသင်္ကြန်ကို မည်သို့ အန်တုမည်နည်း။



မျက်စိ အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာကံညွန့်၊ အရေပြား အထူးကု ဆရာဝန်ကြီး ဒေါက်တာ ကျော်ကျော်၊ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာသီဟသစ်တို့၏ အကြံပြုချက်များကို ကိုးကား၍ သင်္ကြန်တွင် နည်းအမျိုးမျိုးဖြင့် အကဲပိုကြမည့် သူများအတွက် ရှောင် ရန်၊ ဆောင်ရန်များကို ဖော်ပြအပ်ပါသည်။
 
အရေပြားနှင့် ခရမ်းလွန်

ယခင်နှစ် သင်္ကြန်ပွဲတော်တွင် ရေကစားရာမှ အသားအရေ ပျက်စီးခဲ့ဖူးသူ ရန်ကုန်မြို့နေ အသက် ၂၅ နှစ်အရွယ် မသီတာက ယခုရေပွဲတော်တွင်လည်း ထပ်ကစားဦးမည် ဆိုသေးသည်။
“မဏ္ဍပ်ထိုင် ရေပက်တာတောင် အသားရေက မြွေအရေခွံလို ဖြစ်သွားဖူးတယ်” ဟု ၎င်းကဆိုသည်။

ရာသီဥတုအပူ၊ အအေး မမျှတသောကြောင့် သင်္ကြန်ရေကစားသူ များသည် အသားအရေ လောင်ခြင်း၊ မျက်စိနာခြင်း၊ နားရေဝင်ခြင်းနှင့် ဖျားနာခြင်းတို့ ဖြစ်တတ်ပြီး အဓိက သတိပြုသင့်သော အန္တရာယ်မှာ ခရမ်းလွန် ရောင်ခြည်ဒဏ်ပင် ဖြစ်သည်။

နံနက် ၁၀ နာရီမှ ညနေ ၃ နာရီ အထိသည် ရေကစား ပွဲတော်၏ အစည်ကားဆုံး အချိန်ဖြစ်သလို ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်း အမြင့်ဆုံး ရောက်ချိန်လည်း ဖြစ်သည်။ အဆိုပါ ရောင်ခြည်ထဲတွင် UVA နှင့် UVB အာနိသင် နှစ်မျိုး ပါဝင်သည့်အနက် UVB က နေလောင်ဒဏ်ကို ပိုအားပေးသည်။

နေပူဒဏ်ကို ကြောက်မိသော်လည်း သင်္ကြန်တွင်း မလည်ပတ်ရမည်ကို ပိုစိုးရိမ်မိကြောင်း မသီတာက စိတ်အား ထက်သန်စွာ ဆိုလိုက်သည်။

ခရမ်းလွန် ရောင်ခြည်သည် နေရောင်နှင့်အတူ ယှဉ်တွဲပါလာသော ရောင်ခြည် ဖြစ်ပြီး ညွှန်းကိန်း အနည်းအများပေါ် မူတည်၍ အသားအရေအတွက် ဆိုးကျိုးအမျိုးမျိုး ဖြစ်စေနိုင်သည်။

အထူးသဖြင့် အသားဖြူလွန်းသူများနှင့် ကလေးသူငယ်များ ခရမ်းလွန် ရောင်ခြည်ကို ပိုကာကွယ်သင့်သည်။ အလားတူ သင်္ကြန်အတွင်း ရေပက်ခံ လည်ပတ်မည့်သူနှင့် ရေကစားမဏ္ဍပ် ထိုင်သူတိုင်းကလည်း နေဒဏ် ကာကွယ် လိမ်းဆေးများ ဂရုပြုလိမ်းရန် လိုအပ်သည်။

အပူချိန်အမြင့်ဆုံး နေ့လယ် ၁၂ နာရီမှ ၃ နာရီ ဝန်းကျင်ကြား ဦးထုပ်၊ အင်္ကျီလက်ရှည်နှင့် တဘက်မပါဘဲ ရေပက်ခံ လည်ပတ်ခြင်းကို ရှောင်ကြဉ်ရမည်။ နေရောင် တိုက်ရိုက်ထိတွေ့သည့် မျက်နှာပြင် နည်းသထက်နည်းအောင် အဝတ်အစား လုံလုံခြုံခြုံ ဝတ်ဆင်ရန် လိုအပ်သည်။

မျက်နှာ၊ လည်ပင်း၊ နားရွက်နှင့် လက်ဖမိုးများကို နေဒဏ် ကာကွယ်လိမ်းဆေး လိမ်းပေးရမည်။ သတိပြုရမည့် အချက်မှာ နေပူထဲ မထွက်မီ နေရောင် တိုက်ရိုက်ထိတွေ့သော အရေပြားအားလုံးကို နာရီဝက်ခန့် ကြိုတင် လိမ်းကျံခြင်း ဖြစ်ပြီး အနည်းဆုံး SPF ၃၀ ပါ၍ ရေစိုခံသော နေဒဏ် ကာကွယ် လိမ်းဆေးများကို ရွေးချယ်ပေးရမည်။
 
ပင်လယ်နှင့် ခရမ်းလွန်

သင်္ကြန်ကာလမှာ ကမ်းခြေတွင် သွားရောက် အပန်းဖြေသူများလည်း ရှိတတ်ကြသည်။ ပင်လယ်ရေ၊ ပင်လယ်လေနှင့် သင်္ကြန် ဆင်နွှဲမည့်သူများ ခရမ်းလွန် ရောင်ခြည်ကို သတိပြုရန် အထူးအရေးကြီးသည်။

ခရမ်းလွန် ရောင်ခြည်သည် ရေကို ထိုးဖောက်နိုင်သည့်အပြင် ပင်လယ်နှင့် သဲမျက်နှာပြင် တွင် ရောင်ပြန်ဟပ်သည့် လက္ခဏာများ ရှိသည်။ ယင်းကြောင့် ကမ်းခြေ အပန်းဖြေသူများသည် သာမန် ရေကစားသူများထက် ခရမ်းလွန် ရောင်ခြည်ဒဏ်ကို နှစ်ဆနီးပါး ပိုခံစားရနိုင်သည်။

ယင်းကြောင့် ပင်လယ်ရေ မကစားမီ နာရီဝက်ခန့် ကြိုတင်ကာ နေဒဏ် ကာကွယ်လိမ်းဆေး လိမ်း ထားပြီး ရေကစားပြီးတိုင်းလည်း ထပ်မံလိမ်းပေးရမည်။ အရိပ်ရ နေရာများတွင် နေထိုင်၍ နေဒဏ် ကာကွယ်လိမ်းဆေး မလိုအပ်ဟု မယူဆသင့်ပါ။ ကမ်းခြေ၏ ခရမ်းလွန် ရောင်ခြည်ဒဏ်ကို ပင်လယ်၊ သဲသောင်ပြင်နှင့် နီးသူတိုင်း ခံစားရနိုင်သည်။

ရေဆိုးနှင့် အရေပြား

သင်္ကြန်ကာလအတွင်း မြောင်းရေ၊ ချောင်းရေနှင့် ကန်ရေတို့ဖြင့်သာ အသုံးများသည့်အတွက် အရေပြား ဓာတ်မတည့်မှုကို အချိန်မရွေး ခံစားရနိုင်သည်။ ရေပက်ခံ လည်ပတ်ပြီးပြီးချင်း ရေသန့်သန့်နှင့် ခေါင်း မှ ရေလောင်းချိုးပါ။ ဆပ်ပြာ၊ ခေါင်းလျှော်ရည်နှင့် နေ့တိုင်းရေချိုး၊ ခေါင်းလျှော် ပြုလုပ်ပေးသင့်သည်။

ရေချိုးပြီးလျှင် သနပ်ခါး၊ ရေဓာတ် ဖြည့်ပေးသော ခရင်စသည်တို့ကို တစ်ကိုယ်လုံး လိမ်းကြံပေးပါ။ အရေပြားယားယံပြီး အနီကွက်များ ပေါ်လာပါက ရေကစားခြင်းကို ရပ်တန့်သင့်သည်။

ဆံပင်ဆိုးဆေးသတိပြု

အရောင်စုံ သင်္ကြန်အဖြစ် တင်စားရအောင် ဖက်ရှင် ရေစီးကြောင်းက ဆံပင်အရောင် ပေါ်တွင်လည်း ဝင်ရောက် စွက်ဖက်တတ်သည်။ အရောင်နီနီရဲ တောက်တောက်ပြောင်ပြောင် အရောင်မျိုးစုံ၏ နောက်ကွယ်တွင် နောက်ဆက်တွဲ ဆိုးကျိုးများစွာ ဖြစ်နိုင်သည်။

ရေတိုအနေနှင့် ဦးရေပြား ယားယံပြီး ဦးခေါင်း အရေပြားကို ပျက်စီးစေနိုင်သလို ရေရှည်တွင် အသည်းနှင့် အဆုတ်တို့ကို ထိခိုက်စေသည်။ ငယ်ရွယ်လွန်းသော ကလေးငယ်များကို သင်္ကြန်ကာလ အပျော် သဘောနှင့် ဆံပင်ဆေးဆိုး ပေးခြင်းကို လုံးဝရှောင်ကြဉ်ပါ။ အထူးသဖြင့် အသက် ၁၀ နှစ်အောက် ကလေးငယ်များကို ဆံပင် ဆေးမဆိုးပေးသင့်ပါ။

အတွင်းတိမ်အန္တရာယ်

သင်္ကြန်ကာလအတွင်း အများဆုံး ထိခိုက်ဒဏ်ရာ ရတတ်သော ခန္ဓာကိုယ် အစိတ်အပိုင်းတွင် မျက်စိလည်း ပါသည်။ နုနယ်လှသော အစိတ်အပိုင်း ဖြစ်၍ စောစီးစွာ မကုသပါက ရေရှည်တွင် အမြင်အာရုံ ကွယ်ပျောက်သည်အထိ ဆိုးရွားသွားနိုင်သည်။

အထူးသဖြင့် ရေဘောလုံးနှင့် ပစ်ပေါက် ကစားခြင်းသည် အန္တရာယ် အကြီးဆုံး ဖြစ်သည်။ ရေဘော လုံးကြောင့် ထိခိုက်မိသော မျက်စိသည် သွေးခြည်ဥသွားပြီး အချိန်ကြာလာလျှင် အတွင်းတိမ်အထိ ကူးပြောင်းသွားနိုင်သည်။

ယင်းကြောင့် မျက်စိကို အပြည့်အဝ ကာကွယ်ပေးရန် လိုအပ်သည်။ အကောင်းဆုံးက မျက်စိနာ လက္ခဏာ တွေ့ရပြီဆို နီးစပ်ရာ ဆရာဝန်ထံ သွားရောက် ပြသသင့်သည်။

မျက်စိဂရုစိုက်ပါ

ပြင်းထန်သော ရေထွက်အားများသော ရေပိုက်၊ စူးရှသော ရေပိုက်များနှင့် ရေမပက်သင့်ပါ။ ယင်းအပြင် ရေပူဖောင်းများ ပစ်ပေါက်ခြင်း၊ ခွက်နှင့် ရေပက်ခြင်းကြောင့် မတော်တဆ မျက်စိထိခိုက်မှု များသည် သင်္ကြန်ကာလတွင် အများဆုံး တွေ့ရတတ်သည်။

ရေတိုဆိုးကျိုးများ အနေနှင့် မျက်စိနာခြင်း၊ မျက်ကြည်လွှာ ရောင်ရမ်းခြင်း၊ မျက်စိထဲ ရောဂါပိုးဝင်ခြင်းနှင့် မျက်စိထဲ သွေးခြည်ဥခြင်းတို့ ဖြစ်နိုင်ပြီး ရေရှည်တွင် အတွင်းတိမ်၊ အတွင်းရောင်ရမ်းခြင်းနှင့် မျက်စိ ကွယ်ခြင်းတို့ ခံစားရနိုင်သည်။

အလားတူ မသန့်ရှင်းသော ရေများကြောင့် မျက်မှေး ရောင်ရမ်းခြင်းနှင့် မျက်ကြည်နာရောဂါတို့ ဖြစ်နိုင် သည်။

နားစည် ကာကွယ်ပါ

အရှိန်ပြင်းသော ရေပိုက်များ တွေ့ကြုံလာလျှင် မျက်နှာသုတ်ပဝါ အကြီးနှင့် မျက်စိ၊ နားတို့ကို ဂရုစိုက် ကာကွယ်ပေးရမည်။ ခေါင်းစွပ်၊ မျက်နှာ သုတ်တဘက် မပါလျှင် ရေပိုက်ပြင်းအားကြောင့် နားစည်ဒဏ်ရာ ပိုဖြစ်နိုင်သည်။

ထို့အပြင် မသန့်ရှင်းသော ရေများကလည်း နားစည်ယားယံခြင်း၊ နားစည် ရောင်ရမ်းခြင်းနှင့် နားအတွင်းက လေထွက်ခြင်းတို့ ဖြစ်စေသည်။

တစ်နေ့လုံး သင်္ကြန် လည်ပတ်ပြီးလျှင် အိပ်ရာမဝင်ခင် နားနှင့်မျက်စိကို ပူးတွဲ အသုံးပြုနိုင်သော ပဋိဇီဝဆေးကို သုံး၍ဆေးကြောပါ။ နားအတွင်း ဆေးကြောရာတွင် နားအတွင်း မျက်စဉ်းဆေး အပြည့်ထည့်ပြီး တစ်ဖက်သို့ ပြန်စောင်း ချပေးခြင်းနည်းကို သုံးနိုင်သည်။ အဖျားပိုး အကူး မခံပါနဲ့ သင်္ကြန် ရေကစားသူများအကြား အပူ၊ အအေး လွန်ကဲခြင်းကြောင့် မကြာခဏ ဖျားနာတတ်ကြသည်။ အပူနှင့်အအေး လွန်ကဲလာလျှင် ခန္ဓာကိုယ်ခုခံအား ရုတ်တရက် ကျဆင်း သွားပြီး ပြင်ပရောဂါပိုးများ အလွယ်တကူ ဝင်ရောက်နိုင်သည်။

ယင်းကြောင့် နေ့လယ်နေ့ခင်း နားချိန်တွင် အပူအအေး မျှတသော နေရာများတွင် ရွေးချယ် အနားယူပါ။ သင်္ကြန်လည်ပတ်စဉ် လက်ဆေးဂျယ် (Hand Gel) အမြဲဆောင်ထားပြီး လက်ဆေး ပေးသင့် သည်။ နှာစေး၊ ချောင်းဆိုး ခံစားနေရသူများ သင်္ကြန်တွင်း ရေမကစားသင့်ချေ။

အစားအသောက် ရွေးချယ်ရာတွင်လည်း လမ်းဘေး အစားအစာများကို သတိထား ဆင်ခြင်ပါ။ ရေ ဓာတ် ဖြည့်ပေးသော အစားအသောက်များကို ရွေးချယ် စားသောက် ပေးသင့်သည်။ သင်္ကြန်ကာလ အတွင်း အရက်သေစာ အလွန်အမင်း သောက်သုံးခြင်းလည်း ရှောင်ကြဉ်ပါ။

ယင်းသို့ဆိုးကျိုးများစွာ ရှိသော်လည်း နှစ်သစ်ကူးသင်္ကြန်ကို လူတိုင်း ပါဝင်ဆင်နွှဲလိုကြသည်။

အများနည်းတူ မသီတာကိုယ်တိုင်လည်း ယခုနှစ် သင်္ကြန်လည်ပတ်ရန်သာ စိတ်အားထက်သန် နေမိ သည်။ မြန်မာ့ နှစ်သစ်ကူး သင်္ကြန်ကား မကြာမီလာမည်။ ဘေးကင်းရန်ကွာဖြင့် ဆင်နွှဲနိုင်ရန် ရည်သန်ပါ သည်။

{fcomment}

The Voice Weekly

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...