ရန်ကုန်နှင့် မန္တလေးတက္ကသိုလ် ဝင်ခွင့်အမှတ်များ လျှော့ချခေါ်ယူမည်


Photo: Irrawaddy

လာမည့်ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်ဝင်ခွင့်အမှတ်များကို ယခုနှစ် ထက်လျှော့ချခေါ်ယူမည် ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) မှသိရသည်။

“လာမည့်နှစ်အတွက် အထူးပြုဘာသာအတွက် အမှတ်ဘယ်လောက်ရှိရမယ်။ အမှတ်ပေါင်း ဘယ် လောက် ရှိရမယ်ဆိုပြီးခေါ်သွားမယ်။ အရင်နှစ်က ဝင်ခွင့်အမှတ်ထက်လဲ လျှော့ခေါ်မယ်” ဟုအဆင့်မြင့် ပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးကပြောသည်။

၂၀၁၃ တွင်တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသည့် ကျောင်းသားများကို ရန်ကုန်တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်ဝင်ခွင့်ရရှိရန် အမှတ်ပေါင်း ၅၀၀ နီးပါးအထိ သတ်မှတ်ကာ ခေါ်ယူခဲ့ပြီး အသက် မွေး ဝမ်းကျောင်း တက္ကသိုလ်များထက် အမှတ်ပိုမြင့်သဖြင့် ဝင်ခွင့်လျှောက်ထားမှုများ မျှောင်လင့်ထား သည်ထက် နည်းပါးခဲ့ခြင်းကြောင့် လာမည့်တက္ကသိုလ်ဝင်ခွင့်လျှောက်ထားချိန်တွင် ယင်းကျောင်းနှစ်ခု ၏ ဝင်ခွင့်အမှတ် များကို လျှော့ချခေါ်ယူပေးသွားမည်ဖြစ်ကြောင်း ယင်းဌာနမှသိရသည်။

ယမန်နှစ် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာ-သိပ္ပံဘာသာရပ် ၂၀ အတွက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၈၆ ဦးဝင်ခွင့်ရရှိခဲ့ပြီး၊ မန္တလေးတက္ကသိုလ် ဝိဇ္ဇာ-သိပ္ပံဘာသာရပ် ၂၀အတွက် ကျောင်းသား၊ ကျောင်း သူစုစုပေါင်း ၆၅၉ ဦးဝင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

“ရန်ကုန်တက္ကသိုလ်ဝင်ခွင့် အမှတ်တွေကို မြှင့်ပြီးခေါ်လိုက်ရတာက ထူးချွန်ကျောင်းသား၊ ကျောင်းသူ တွေ ကို မွေးထုတ်နိုင်ဖို့အတွက်ပါ။ ပါရဂူဘွဲ့ရတဲ့အထိ မွေးထုတ်ဖို့အတွက် အမှတ်တွေကိုမြှင့်ပြီး ခေါ်ခဲ့ ရတာပါ” ဟုအဆိုပါညွှန်မှူးကဆက်လက်ပြောသည်။

ရန်ကုန်တက္ကသိုလ်ဝင်ခွင့်အမှတ်များမှာ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များထက်ပင် အမှတ်အ များဆုံး ဖြစ်ခဲ့သည့်အတွက် သတ်မှတ်ထားသည့် ကျောင်းသားဦးရေ တစ်ထောင်မှာပြည့်မီခဲ့ခြင်းမရှိဘဲ ၆၀၀ ကျော်ခန့်သာရှိခဲ့ပြီး ယင်းကဲ့သို့ဖြစ်ရခြင်းမှာ အမှတ်စနစ်ကို အခြေခံကာ ခေါ်ယူခဲ့ခြင်းကြောင့် ဟု မြန်မာနိုင်ငံပညာရေးကျွမ်းကျင်သူ ဒေါက်တာစိုးဝင်းဦးက ပြောသည်။

“ရန်ကုန်တက္ကသိုလ်က ထူးချွန်ကျောင်းသားတွေကို အမှတ်နဲ့ဖြတ်ပြီးရွေးတာက အပေါ်မှာပဲပြောင်းလဲ သလိုဖြစ်နေတော့ ထိရောက်တဲ့အပြောင်းအလဲ မဖြစ်နိုင်ဘူး။ ဆရာတို့နိုင်ငံမှာလဲ ထူးချွန်သူတွေကို အကဲဖြတ်နိုင်ဖို့က အမှတ်စနစ်တစ်ခုပဲ ရှိနေတယ်။ ဒါကြောင့်အမှတ်နဲ့ဖြတ်တဲ့စနစ်တွေကို ပြင်ဖို့လိုပါ တယ်” ဟုယင်းကပြောသည်။

ရန်ကုန်တက္ကသိုလ်ဝင်ခွင့်ရ အမှတ်များမှာ ရူပ၊ ဓာတု၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘူမိ၊ ကုန်ထုတ် ဓာတုဘာသာရပ်များအတွက် အမှတ်ပေါင်း ၄၉၀၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ ဥပဒေ၊ မြန်မာစာ၊ နိုင်ငံရေးသိပ္ပံဘာသာရပ်များအတွက် အမှတ်ပေါင်း ၄၇၀၊ ပထဝီ၊ သမိုင်း၊ စိတ်ပညာ၊ ဒဿနိကဗေဒ၊ မနုဿဗေဒ၊ ရှေးဟောင်းသုတေသန၊ အရှေ့တိုင်းပညာတို့အတွက် အမှတ်ပေါင်း ၄၃၀၊ အင်္ဂလိပ်စာ အထူးပြုအတွက် အမှတ်ပေါင်း ၅၀၀ နှင့် ကွန်ပျူတာသိပ္ပံအတွက် အမှတ်ပေါင်း ၄၈၀ သတ်မှတ်ခဲ့ ကြောင်းသိရသည်။

Democracy Today Daily
အတွဲ(၁)၊ အမှတ်(၃၄)၊ ဧပြီလ(၃)ရက်၊ ၂၀၁၄ ခုနှစ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...