မေးခွန်းထုတ်စရာများနှင့် ဟန်မပျက်သင်္ကြန်

ရန်ကုန်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ယခုနှစ် မဟာသင်္ကြန်ပွဲတော် လေးရက်တာကာလ ပြီးဆုံးခဲ့ပြီဖြစ်သည်။ သင်္ကြန်ပွဲတော် မတိုင်မီက ကြိုတင်ထုတ်ပြန်ခဲ့သော စည်းကမ်းချက်များနှင့် လိုက်နာနိုင်မှုအနေအထား၊ အရေးယူဆောင်ရွက်မှုများ အပါအ၀င် မေးခွန်းထုတ်စရာများ ရှိနေခဲ့သည်။

ထို့ပြင် ယခင်ထက် ပိုမိုကျပ်တည်းနေသော စီးပွားရေးအခြေအနေများအရ သင်္ကြန်ပွဲတော်တွင် နိုင်ငံသား အားလုံး ပျော်ရွှင်ခဲ့ပါသလားဆိုသည်မှာလည်း မေးခွန်းတစ်ခုအဖြစ် ရှိနေသည်။ ယခုနှစ် ရန်ကုန်သင်္ကြန် တွင် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ၀င်ရောက်ဆင်နွှဲမှု ပိုမိုများပြားခဲ့သလို Grand Royal Signature ဖျော်ဖြေရေးမဏ္ဍပ်တွင် ထိုင်းအမျိုးသမီးအကအဖွဲ့၏ မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် သရုပ်ပျက်ဝတ်ဆင်ထားမှုပုံများ အွန်လိုင်းစာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုများရှိခဲ့သည်။ ယခင်နှစ်များ ကထက် အရက်၊ ဘီယာ ရောင်းချမှု၊ သောက်သုံးမှု များပြားခဲ့ခြင်း၊ အမျိုးသမီးငယ် အချို့၏ သောက်စားမူး ယစ်မှု၊ ၀တ်စားဆင်ယင်မှုတို့နှင့်ပတ်သက်၍ ယဉ်ကျေးမှုစံများ အပေါ်လည်း မေးခွန်းထုတ် ဝေဖန်မှုများ ရှိနေသည်။


(ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-ဝေယံဖြိုးဦး))

နာမည်ကြီး တေးဂီတအဖွဲ့များ၏ ဖျော်ဖြေမှုများ၊ ရေကစားမဏ္ဍပ်ကြီးများနှင့် ရန်ကုန်သင်္ကြန်သည် အစည်ကားဆုံးဟု ဆိုနိုင်ပြီး မန္တလေးသင်္ကြန်မှာလည်း ကျုံးပတ်လည်တွင် ရေကစားသူ၊ ရေပက်ခံသူ များပြားခဲ့ပြီး ယခင်နှစ်ကထက် ပိုမိုစည်ကားခဲ့သည်ဟု သိရသည်။ ယခင်က ကျုံးတောင်ဘက်တွင်သာ စည်ကားလေ့ရှိသော်လည်း ယခုနှစ်မှာမူ ကျုံးပတ်လည်တွင် မဏ္ဍပ်ပေါင်း ၃၀ ကျော်ဖြင့် ပိုမိုစည်ကားခဲ့ခြင်း ဖြစ်သည်။

နေပြည်တော်တွင်လည်း ဆိုင်ကယ်ဖြင့် ရေပက်ခံသူ များပြားခဲ့ပြီး ဟိုတယ်ဇုန်တွင်သာ ယခင်နှစ်များအတိုင်း စည်ကားခဲ့ပြီး ကျန်မြို့နယ်များတွင်မူ ပုံမှန်အတိုင်းသာ ရှိခဲ့ကြောင်း သိရသည်။

ကျန်ပြည်နယ်နှင့် တိုင်းများတွင်လည်း ယခင်နှစ်များအတိုင်း စည်ကားခဲ့ကြောင်း သိရသည်။ မည်သို့ပင်ဖြစ်စေ ယခုနှစ်သင်္ကြန်ပွဲတော်သည် ဟန်မပျက် ပြီးဆုံးခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် သင်္ကြန်ပွဲတော်ပုံရိပ်များကို စုစည်းဖော်ပြအပ်ပါသည်။


(မြို့တော်ဝန်မဏ္ဍပ်၌ ရေကစားနေသူများကို တွေ့ရစဉ်)

ကမ္ဘာအေးစေတီလမ်း၊ ပြည်လမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းတို့တွင် စည်ကားခဲ့သည့် ရန်ကုန်သင်္ကြန်

အကြိုနေ့

၂၀၁၄ ခုနှစ် မဟာသင်္ကြန် အကြိုနေ့တွင် ရေကစားမဏ္ဍပ်ကြီးများ အဓိကတည်ရှိရာ ကမ္ဘာအေးဘုရား လမ်းနှင့် ပြည်လမ်းပေါ်ရှိ မဏ္ဍပ်များတွင် နံနက်ပိုင်းတွင် ယခင်နှစ်များလောက် မစည်ကားခဲ့သော်လည်း မွန်းလွဲပိုင်း မဏ္ဍပ်များ ဖွင့်ချိန်မှစ၍ လူအပြည့်နီးပါး လာရောက်ရေကစားခဲ့ကြပြီး ရေပက်ခံကားများဖြင့် ပိုမိုစည်ကားခဲ့သည်။

ထိုသို့ နံနက်ပိုင်းတွင် ယခင်နှစ် အကြို နေ့ထက် စည်ကားမှု နည်းခဲ့ခြင်းကြောင့် မဏ္ဍပ်များအနီး ဈေးရောင်း ချနေသော ဈေးသည်များတွင် ဈေးဦးမပေါက်သည့် ဈေးသည်များပင် ရှိခဲ့ကြောင်း ယခင်နှစ်သင်္ကြန် အကြိုနေ့ နံနက်ပိုင်း ဈေးရောင်းချခဲ့သည့် အခြေအနေနှင့် နှိုင်းယှဉ်ပြောကြား ခဲ့ကြသည်။

ပြည်လမ်းပေါ်ရှိ Air Bagan မဏ္ဍပ်၊ Huawei မဏ္ဍပ် အပါအ၀င် ပြည်လမ်းမပေါ်ရှိ Huawei မဏ္ဍပ်များတွင် လည်း တေးဂီတဖျော်ဖြေမှုများ ဖြင့် စည်းကားခဲ့သည်။


(အကြိုနေ့ ညနေပိုင်းက လသာမြို့နယ် မဏ္ဍပ်တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်))

မရမ်းကုန်းမြို့နယ် မြိုင်ဟေ၀န်ပန်းခြံအတွင်း၌ အင်ပါယာတေးဂီတအဖွဲ့ ဖျော်ဖြေရေးမဏ္ဍပ်သို့ လာရောက်ကြည့်ရှု နားနေရန်အတွက် ၀င်ကြေးကျပ် ၁၀၀၀ ပေးဝင်ခဲ့ကြရသော်လည်း လာရောက်သူများဖြင့် စည်ကားခဲ့ပြီး အဆိုပါဖျော်ဖြေရေးမဏ္ဍပ်တွင် ပြည်ပမှ အနုပညာရှင်များနှင့် လူငယ်အနုပညာအချို့လည်း ဖျော်ဖြေခဲ့ကြသည်။ ထို့ပြင် ရန်ကုန်မြို့တွင်းနှင့် ရပ်ကွက်များရှိ မဏ္ဍပ်များတွင်လည်း စည်ကားခဲ့ပြီး သင်္ကြန်သံချပ်အဖွဲ့များ လှည့်လည်ဖျော်ဖြေခဲ့ရာ ပုဇွန်တောင်မြို့နယ် ဗမာသစ် သံချပ်ဆုပေးမဏ္ဍပ်တွင် သံချပ်အဖွဲ့များ စတင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

လက်ရှိဖြစ်ပျက်နေသော မြေယာသိမ်းဆည်းမှုများ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ချို့ယွင်းချက်များနှင့် အဖွဲ့အစည်း များအား ဖိနှိပ်မှုများစသည့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို သရော်ကာ သံချပ်ထိုးခဲ့ကြသည်။ ထူးခြားမှုအနေဖြင့် ကန်တော်ကြီးဥယျာဉ်အတွင်းရှိ Grand Royal Signature ဖျော်ဖြေရေးမဏ္ဍပ်တွင် ထိုင်းအမျိုးသမီးအကအဖွဲ့၏ မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် သရုပ်ပျက်ဝတ်ဆင်ထားမှုပုံများ အွန်လိုင်းစာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုများ ရှိခဲ့သည်။

အကျနေ့

သင်္ကြန်အကျနေ့တွင် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ မဏ္ဍပ်အများစုတွင် ရေကစားသူ များပြားသော်လည်း ယခင်နှစ်လောက် ကားလမ်းပိတ်ဆို့မှု မဖြစ်သည်ကို တွေ့ရသည်။ ထို့ပြင် ယခင်နှစ်များကဲ့သို့ ယာဉ်ထိန်းရဲ အများအပြားဖြင့် လမ်းရှင်းမှုမျိုး မပြုလုပ်ခဲ့ရဘဲ ကားပေါ်မှ လူငယ်အချို့ကမူ လမ်းလယ်ဘလောက်တုံးများ ကို ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

ရန်ကုန်မြို့ ပြည်လမ်းရှိ မဏ္ဍပ်အများစုတွင်မူ ညနေပိုင်းတွင် အလွန်စည်ကားခဲ့သည်ကို တွေ့ရသည်။ အထူးသဖြင့် Iron Cross အဖွဲ့ ဖျော်ဖြေသည့် Air Bagan မဏ္ဍပ်တွင် သင်္ကြန်လည်ပတ်သူများဖြင့် အလွန်စည်ကားခဲ့ပြီး ကြက်ဖ၊ ဂျောက်ဂျက်၊ ယုန်လေး စသည့် Hip Hop အဆိုတော်အများစု ဖျော်ဖြေသည့် Huawei မဏ္ဍပ်တွင်လည်း လည်ပတ်သူများဖြင့် စည်ကားခဲ့သည်။


(ကမ္ဘာအေးစေတီလမ်းရှိ မဏ္ဍပ်တစ်ခုရှေ့တွင် နိုင်ငံခြားသားများ ပျော်ရွှင်စွာ ကခုန်နေစဉ် (ဓာတ်ပုံ-ကြည်နိုင်))

ထို့ပြင် သင်္ကြန်အကျနေ့တွင် ရန်ကုန်မြို့လယ် အနော်ရထာလမ်းမပေါ်တွင် ရေပက်ခံကားများဖြင့် စည်ကားနေသည်ကို တွေ့ရသည်။

အကြတ်နေ့

မဟာသင်္ကြန် အကြတ်နေ့တွင် ရန်ကုန်မြို့တွင်းရှိ မဏ္ဍပ်များတွင် ရေကစားသူများနှင့် ကားဖြင့် ရေပက်ခံ ထွက်သူများ ယခင်ရက်များထက် ပိုမိုများပြားခဲ့သည်။

ယင်းသို့ ရေကစားသူများနှင့် လည်ပတ်သူ များပြားခဲ့ရာတွင် မြန်မာနိုင်ငံ ပြည်သူ ပြည်သားများသာ မက နိုင်ငံခြားသားများပါ ယခင်နှစ်များထက် ပိုမိုပါဝင်ခဲ့သည်။ နိုင်ငံခြားသားများ အနေဖြင့် ရေကစား မဏ္ဍပ်များတွင် ရေပက်ကစားခြင်းအပြင် သင်္ကြန်ကားများငှား၍ မိသားစုလိုက် လည်ပတ်မှုများ၊ လမ်းလျှောက်လည်ပတ်၍ မဏ္ဍပ်များအောက် ကခုန်ခြင်းများကို ပြုလုပ်၍ မဟာသင်္ကြန်ကာလကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

“မြန်မာနိုင်ငံ ဒီမိုကရေစီနိုင်ငံကို ကူးပြောင်းပြီး တစ်နှစ်အကြာမှာ ဒီကိုရောက်တယ်။ အရင် ထိုင်းနိုင်ငံမှာနေတယ်။ အခု မြန်မာနိုင်ငံမှာရှိတုန်း သင်္ကြန်ကာလကို မြန်မာနိုင်ငံကလူတွေနဲ့အတူ ပါဝင်ဖြတ်သန်းကြည့်တာပါ။ အရမ်းကို စိတ်လှုပ်ရှားပြီး ပျော်ရွှင်ဖို့ကောင်းတယ်။ သာယာတယ်။ ဒါပေမဲ့ သင်္ကြန်က လေးရက်တည်းလို့ သိရတယ်။ ဒါက အရမ်းကို တိုတောင်းလွန်းပါတယ်။ ကျွန်တော် မြန်မာနိုင်ငံကို နှစ်သက်ပါတယ်”ဟု အမေရိကန်နိုင်ငံသား မစ္စတာဂျွန်စမစ်တာက သင်္ကြန်နှင့်ပတ်သက်၍ ၎င်း၏စိတ်ဝင်စားမှုကို ပြောပြသည်။


(Grand Royal Signature မဏ္ဍပ်တွင် ထိုင်းအမျိုးသမီးများ ကပြနေစဉ် (ဓာတ်ပုံ-ကြည်နိုင်))

ထို့ပြင် ရေကစားမဏ္ဍပ် အများစုရှိသည့် ကမ္ဘာအေးဘုရားလမ်းမှာ အစည်ကားဆုံးဖြစ်ခဲ့ပြီး ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်တွင်လည်း တေးသံရှင် ထက်ထက်၊ လွှမ်းပိုင်၊ အိုင်ရင်းဇင်မာမြင့်၊ ကောင်းကောင်း စသည့်တေးသံရှင်များ ဖျော်ဖြေခဲ့ရာ ၎င်းမဏ္ဍပ်ရှေ့တွင် လာရောက်ကြည့်ရှုသူ အထူးများပြားခဲ့သည်။

သို့သော် အနော်ရထာလမ်းမကြီးမှာမူ ယမန်နေ့များနည်းတူ ရေပက်ခံကားများ စည်ကားမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ရာ ရာနှင့်ချီသော ရေပက်ခံကားများမှာ နေ့လယ် နေရှိန်ပြင်း သည့်အချိန်အထိ အနော်ရထာ လမ်းမပေါ်တွင်သာရှိခဲ့ပြီး ယာဉ်ကြောရှင်းလင်းမှု အားနည်းခဲ့ကြောင်း သင်္ကြန်လည်ပတ်သူများက သုံးသပ်ကြသည်။

ဝေဇယန္တာလမ်းမကြီး တစ်လျှောက်တွင် တစ်နိုင်တစ်ပိုင် မဏ္ဍပ်များ စည်ကားခဲ့ပြီး မြောက်ဥက္ကလာပ၊ အင်းစိန် စသည့် မြို့နယ်များ မှ ဆင်ခြေဖုံးရပ်ကွက်များတွင်လည်း ရေကစားသူ၊ ရေပက်ခံသူများဖြင့် စည်ကားခဲ့သည်။

အတက်နေ့

မဟာသင်္ကြန် အတက်နေ့ နံနက်ပိုင်း၌ ကန်တော်ကြီးကန်ပတ်လမ်းတွင် ရေကစားသူများ၊ ရေပက်ခံထွက် သည့် ကားများဖြင့် တိုးမပေါက်အောင် စည်ကားခဲ့ကြောင်း သိရသည်။

နေ့လယ်နားချိန်တွင်လည်း မိသားစုများ ရှင်စောပု ယာဉ်ရပ်နားကွင်းရှိ Myanmar Summer Festival 2014 ၌ လူတစ်ဦးလျှင် ကျပ် ၃၀၀၀ နှုန်း၊ ကစားနည်းတိုင်း အနည်းဆုံး ကျပ် ၁၀၀၀ ပေးရသော်လည်း မိသားစုများနှင့် လာရောက်အပန်းဖြေသူများ အထူးစည်ကားလျက် ရှိခဲ့သည်။

ညနေပိုင်းတွင် ကမ္ဘာအေးဘုရားလမ်း၊ ပြည်လမ်းတို့တွင် ရေကစားသူများနှင့် ကား ဖြင့် ရေပက်ခံထွက်သူ များပြားနေသဖြင့် ခြေချမရလောက်အောင်ပင် စည်ကားခဲ့သည်။


(အတက်နေ့ ကန်ပတ်လမ်း၌ ရေကစားသူများနှင့် ရေပက်ခံသူများဖြင့် စည်ကားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း))

ထို့ပြင် မင်းရဲကျော်စွာလမ်းထိပ်ရှိ အနောက်ပိုင်းခရိုင်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဏ္ဍပ်တွင်လည်း သီဆိုဖျော်ဖြေမှုများ ပြုလုပ်ခဲ့ပြီး နာရေးကူညီမှုအသင်း၏ ပေးဆပ်သူများ သံချပ်အဖွဲ့က လည်း သံချပ်များဖြင့် ဖျော်ဖြေခဲ့သည်။

သင်္ကြန်အတက်နေ့ဖြစ်သောကြောင့် လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ဗိုလ်တထောင် စသည့်မြို့ တွင်း ခြောက်မြို့နယ်တွင်လည်း စည်ကားခဲ့သည့်အပြင် တာမွေ၊ စမ်းချောင်း၊ လှိုင်မြို့နယ်များတွင် လည်း နောက်ဆုံးနေ့၌ ညဥ့်နက်သည်အထိ ရေကစားမှုများ ပြုလုပ်ခဲ့ကြသည်။

ယခုနှစ် မဟာသင်္ကြန်တွင် သံချပ်ထိုးသည့်အဖွဲ့များ ယခင်နှစ်ထက် ပိုမိုများပြားခဲ့ပြီး သံချပ်စာသားများမှာ လည်း လက်ရှိနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများကို ထိရောက်စွာ ထင်ဟပ်ပြသနိုင်ခဲ့ သည်။

ယခုနှစ် ရန်ကုန်သင်္ကြန်တွင် ယခင်နှစ်များထက် လုံခြုံရေးအင်အား ပိုမိုချထားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် အင်အား ၅၀၀၀ ကျော်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


(ရှင်စောပုယာဉ်ရပ်နားကွင်းရှိ Myanmar Summer Festival 2014 ၌ ကလေးငယ်များ ကစားနေစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်))

သင်္ကြန်မတိုင်မီ သက်ဆိုင်ရာမှ ရေကစားမဏ္ဍပ်များအနီး အရက်၊ ဘီယာရောင်းချမှု၊ ၀တ်စားဆင်ယင်မှုနှင့် မဏ္ဍပ်များအတွင်း သီးသန့်နားနေခန်းများနှင့် ပတ်သက်၍ စည်းကမ်းချက်များ ထုတ်ပြန်ခဲ့သော်လည်း သင်္ကြန်ကာလရက်များအတွင်း အရက်၊ ဘီယာ လွတ်လပ်စွာရောင်းချနေကြပြီး မဏ္ဍပ်ကြီးအချို့၌ သီးသန့် နားနေခန်းများ ထည့်သွင်းခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

ယင်းနှင့်ပတ်သက်၍ လူမှုကွန်ရက်များတွင် ဓာတ်ပုံများ၊ အကြောင်းအရာများ ရေးသားကာ ဝေဖန်မှုများ ရှိခဲ့သည်။

နေပြည်တော်သင်္ကြန်

နေပြည်တော် သင်္ကြန်ပွဲတော်တွင် မော်တော်ဆိုင်ကယ်များအား ၀င်ခွင့်ပေးပြီးနောက်ပိုင်း မဏ္ဍပ်များတွင် ပိုစည်ကားလာခဲ့ပြီး ရွှေသံလွင် (SKY NET) မဏ္ဍပ်သည် အစည်ကားဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်သင်္ကြန်သည် ဟိုတယ်ဇုန်၌သာ စည်ကားခဲ့ပြီး ကျန်သည့် မြို့နယ်များတွင်မူ မဏ္ဍပ်အနည်းငယ်သာ ရှိခဲ့ပြီး ပုံမှန်ရေကစားမှုများသာ ရှိခဲ့ကြောင်း သိရသည်။


(နေပြည်တော်သင်္ကြန် ဟိုတယ်ဇုန်ရှေ့ မြင်ကွင်း)

ရွှေသံလွင်မဏ္ဍပ်တွင် နာမည်ကြီး အဆိုတော်၊ သရုပ်ဆောင်များ၏ ဖျော်ဖြေမှုများကြောင့် စည်ကားခဲ့ သည့်အပြင် စတုဒီသာ မဏ္ဍပ်သည်လည်း ရေကစားသူများအတွက် အာရုံကျစရာဖြစ်ခဲ့ပြီး ယင်းမဏ္ဍပ်ရှေ့တွင်မူ ယာဉ်ပိတ်ဆို့မှု အများဆုံးဖြစ်ခဲ့သည်။

ပျဉ်းမနားမြို့တွင်လည်း မဏ္ဍပ်များထိုး၍ ရေကစားခဲ့သော်လည်း ဖြတ်သွားဖြတ်လာလောက်သာ ရေက စားကြကြောင်း၊ ပျဉ်းမနားမြို့ရှိ လမ်းမများတွင်မူ ရေပုံး၊ ရေခွက်များဖြင့်သာ ရေကစားခဲ့ကြသည်။

ဟိုတယ်ဇုန် လမ်းတစ်လျှောက်တွင် ဈေးဆိုင်တန်းများသည် ယခင်နှစ်များကထက် ပိုမိုများပြားခဲ့ကြောင်း၊ “အရက်၊ ဘီယာ ရောင်းတဲ့ဆိုင်တွေ အရင်နှစ်ထက် များလာတယ်။ ရောင်းချမှု ပိတ်ပင်မယ်ပြောပေမယ့် လည်း ပေါ်တင်ရောင်းနေတာ တွေ့ရတယ်။ မိန်းကလေးတွေလည်း ဘီယာတော်တော် သောက်လာကြ တယ်။ ဘီယာဘူးတွေကိုင်ပြီး သောက်နေကြတာ နေရာတိုင်းနီးပါး မှာ တွေ့လာရတယ်”ဟု နေပြည်တော် မှ ရေကစားသူ ဒေါ်သီတာက ပြောပြသည်။

နေပြည်တော်သင်္ကြန်တွင် လူငယ်အများစုသည် မော်တော်ဆိုင်ကယ်များဖြင့်သာ ရေကစားကြကြောင်း၊ အများစုသည် အရက်၊ ဘီယာ သောက်သုံးထားသည့်အတွက် ဆိုင်ကယ်တိုက်မှုများ မကြာခဏဖြစ်ပွားခဲ့ကြောင်း၊ ဆိုင်ကယ်တိုက်မှုများကြောင့် အသက်သေဆုံးသည်အထိ ရှိခဲ့ကြောင်း သိရသည်။

သင်္ကြန်မဏ္ဍပ်များ ရပ်နားသည့် နေ့လယ်ပိုင်းအချိန်တွင် နေပြည်တော် ရေပန်းဥယျာဉ်တွင် အနားယူသူ အထူးများပြားခဲ့ကြောင်း သိရသည်။ ယခုနှစ် နေပြည်တော်သင်္ကြန်တွင် နေအောင်၊ ဇင်ဝိုင်း၊ ရဲအောင်၊ မိုးယုစံ၊ ချစ်သုဝေ၊ ဆုန်သင်းပါရ်၊ ရင်ဂို၊ ပပ၀င်းခင်၊ ပူစူး၊ ဘိုဖြူ၊ တွယ်တာ၊ ခင်လှိုင်၊ နေတိုး၊ မြင့်မြတ်၊ စိုးပြည့်သဇင်၊ မေသန်းနု၊ နန်းမြတ်ဖြိုးသင်း စသည်ဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

မန္တလေးသင်္ကြန်

၁၃၇၅ ခုနှစ်မှ ၁၃၇၆ ခုနှစ်အကူး မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတော်တွင် မဏ္ဍပ်အများဆုံး ဆောက်လုပ် ဆင်နွှဲသည့် ကျုံးပတ်လည်၌ တိုးမပေါက်အောင် စည်ကားခဲ့ပြီး ယခုနှစ်တွင် ယခင်နှစ်များကကဲ့သို့ ကျုံးတောင်ဘက်ခြမ်း တစ်ခုတည်းတွင်သာ စည်ကားခဲ့ခြင်းမျိုးမဟုတ်ဘဲ ကျုံးလေးဘက်လေးတန်လုံး၌ မျှတစွာစည်ကားခဲ့ကြောင်း တွေ့ရှိ ရသည်။

ထို့အတူ မြို့တွင်းဧရိယာရှိ ရေကစားမဏ္ဍပ်များနှင့် ကန်တော်ကြီးအတွင်းရှိ ရေကစားမဏ္ဍပ်များတွင်လည်း စည်ကားခဲ့ပြီး ကျုံးပတ်လည်တွင် ယခင်နှစ်များနည်းတူ ယာဉ်ကြောပိတ်ဆို့မှုများ အချိန်ကြာမြင့်စွာ ဖြစ်ပေါ်ခဲ့ သည်။ ယင်းသို့ ယာဉ်ကြောပိတ်ဆို့ မှု မဖြစ်ပေါ်စေရန် ကျုံးလေးဘက်လေးတန်တွင် တစ်လမ်းမောင်း စနစ်ဖြင့် သွားလာမောင်းနှင်စေခဲ့သော် လည်း ဖျော်ဖြေရေးမဏ္ဍပ်များ တည်ရှိရာ ကျုံးတောင်ဘက်ခြမ်းရှိ Alpine မဏ္ဍပ်နှင့် ကျုံးမြောက်ဘက်ရှိ SIR အဖွဲ့၏ ဖျော်ဖြေမှုပါဝင်သော High Class ရေကစားမဏ္ဍပ်ရှေ့ ၀န်းကျင်နေရာများတွင် ယာဉ်ကြောပိတ်ဆို့မှုများကြောင့် ကျုံးလေးဘက်လေးတန် စလုံးတွင် ရေပက်ခံလည် ပတ်သည့်ကားများမှာ ကျုံးပတ်လည်တွင် ပိတ်ဆို့နေခဲ့ကြောင်း တွေ့ရသည်။ ယင်းသို့ အခြေအနေအရ ကျုံးအပြင်ဘက်ရှိ ဒူးကြားလမ်းများ၌ပါ ယာဉ်ကြောများ ပိတ်ဆို့နေခဲ့ပြီး ယခင်နှစ်များကထက် ယာဉ်ကြော ပိတ်ဆို့မှု ပိုမိုလာခဲ့သည်ဟု လည်ပတ်သူအများစုက ဆိုသည်။

ယခုနှစ် သင်္ကြန်ပွဲတော်ကာလတွင် ကျုံးပတ်လည်၌ ရေကစားမဏ္ဍပ်ပေါင်း ၃၆ ခု ဆောက်လုပ်ဆင်နွှဲခဲ့ပြီး မန္တလေးကန်တော်ကြီးပတ်လမ်း တစ်လျှောက်တွင် မဏ္ဍပ် ၁၁ ခုရှိကာ မြို့တွင်းဧရိယာအတွင်း၌မူ မဏ္ဍပ်ရှစ်ခု ရှိကြောင်း သိရသည်။ နှစ်စဉ်နှစ်တိုင်း တိုးမပေါက်သည့် ကျုံးတောင်ဘက်ခြမ်းတွင် အနုပညာရှင်အများအပြား လာရောက်ဖျော်ဖြေသော မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်နှင့် Alpine သောက်ရေသန့်မှ ဆောက်လုပ်ဆင်နွှဲသည့် Alpine မဏ္ဍပ်တို့၏ ဖျော်ဖြေမှုများနှင့် အတူ အစဉ်အလာမပျက် စည်ကားခဲ့သော်လည်း ယခုနှစ်တွင် ကျုံးမြောက်ဘက်ခြမ်းတွင် ဆောက်လုပ်ဆင်နွှဲသည့် High Class ရေကစားမဏ္ဍပ်မှ SIR အဖွဲ့၏ ဖျော်ဖြေမှုများကြောင့် အဆိုပါ ကျုံးမြောက်ဘက်ခြမ်းတွင်လည်း ထူးခြားစွာ စည်ကားခဲ့သည်။

“အရင်နှစ်တွေက ကျုံးတောင်ဘက်ခြမ်း တစ်ခုတည်းမှာပဲ လည်ပတ်တဲ့ကားတွေ ပိတ်ဆို့နေသလို မဟုတ်တော့ဘဲ ဒီနှစ်ကျတော့ လည်ပတ်တဲ့ကားတွေက မြောက်ဘက်ခြမ်းမှာရှိတဲ့ SIR မဏ္ဍပ်ရှေ့မှာပါ ပိတ်ဆို့နေတယ်။ ဟိုအရင်တစ်နှစ်IC မဏ္ဍပ်လာပြီး ဆောက်လုပ်ဆင်နွှဲသလို ကျုံးပတ်လည်စည်ကားမှုက မျှတသွားပေမယ့် မဏ္ဍပ်တစ်ခုတည်းရှေ့လို့ တစ်နေရာတည်းမှာ ယာဉ်ကြောပိတ်ဆို့နေတာကိုတော့ အခုထိ မဖြေရှင်းနိုင်သေးဘူး”ဟု ကိုဝင်းမင်းထွေးက ပြောပြသည်။


(မန္တလေးမြို့ ကျုံးမြောက်ဘက်ရှိ SIR အဖွဲ့မဏ္ဍပ်ရှေ့မြင်ကွင်း)

ယခုနှစ်တွင် သံချပ်အဖွဲ့အနေဖြင့် တမာရိပ် အမျိုးသမီးသံချပ်အဖွဲ့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မန္တလေးတိုင်း) တိုင်းလူငယ် သံချပ်အဖွဲ့နှစ်ခုမှ မြို့တွင်းလှည့်လည် ဖျော်ဖြေခဲ့ပြီး မန္တလေးသင်္ကြန်၏ သင်္ကေတဖြစ်သော သက်တမ်းရှည် မြို့မတူရိယာအသင်းမှာလည်း အစဉ်အလာမပျက် လှည့်လည်ဖျော်ဖြေ ခဲ့ကာ ယခုနှစ် မြို့မတူရိယာအသင်း ယာဉ်ပေါ်တွင် တေးသံရှင် ဒေါ်မာမာအေးမှ ပူးပေါင်းပါဝင် ဖျော်ဖြေသွားခဲ့သည်။

မဏ္ဍပ်ကြီးများဖြင့် ဆောက်လုပ်ဆင်နွှဲခြင်းမဟုတ်သော ကျုံးအနောက်ဘက်တွင် ရေစုပ်စက်ဖြင့် ကျုံးရေ အသုံးပြုကာ ဆင်နွှဲသည့် မိသားစုလိုက် တစ်ပိုင်တစ်နိုင် ရေကစားမှုများမှာ အနောက်ဘက် ကျုံးလမ်း တစ်လျှောက်လုံးတွင် ပြည့်သိပ်နေခဲ့ပြီး လည်ပတ်သူများ အထူးစည်ကားခဲ့ကြောင်း တွေ့ရ သည်။

Eleven Daily News

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...