ကညန အခွန်နှုန်းထားလျှော့ချလိုက်၍ ကားဈေးများစတင်ကျဆင်း


မိုးညို ရန်ကုန်၊ မတ်-၃၁ အတွဲ (၁၃)၊ အမှတ်(၅)

ဧပြီ ၁ ရက်မှစပြီး အသက်ဝင်မည့် ယာဉ်မှတ်ပုံတင်နှုန်းထား အသစ်များကြောင့် ပြည်တွင်းကားဈေးကွက် အတွင်း ဈေးနှုန်းများ စတင်ကျဆင်းလာကြောင်း ကားလုပ်ငန်းရှင်များထံမှ သိရသည်။

‘‘သင်္ကြန်ကျော်မှ ဈေးစကျမယ်ထင်တာ။ အခု ဒီတစ်ရက် နှစ်ရက်အတွင်းကို ဈေးက ဆက်တိုက်ကျလာ တာ’’ဟု ရွှေကမ္ဘာကားအရောင်းပြခန်း မန်နေဂျာဦးမြင့်စိုးကပြောသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ကားတင်သွင်းပြီးပါက ယာဉ်မှတ်ပုံတင်ခနှင့် FOB အခွန်နှုန်းထားများ လျှော့ချလိုက်ခြင်းကြောင့် ၁၃၀၀ စီစီ အင်ဂျင်ပါဝါကားငယ် များ ဈေးဆက်တိုက် ကျဆင်းလာခြင်းဖြစ်သည်ဟု အထက်ပါမန်နေဂျာကဆိုသည်။

အခွန်နှုန်းထားသစ်များအရ Range Rover 2013 model ကို ယခင်နှုန်းကျပ် ၁၇၈ သိန်းမှ ယခု ၁၄၂ သိန်း။ Chevy Camaro, 2010 model ကို ကျပ် ၂၄၇ သိန်းမှ ၁၉၇ သိန်း။ Ford Mustang, 2011 model ကို ကျပ် ၁၇၈ သိန်းမှ ၁၄၂ သိန်း။ Harrier 2005 model ကို ကျပ် ၃၅ သိန်းမှ ၂၈ သိန်း။ Land Cruiser (Petrol)ကို ကျပ် ၅၁ သိန်းမှ ၅၁ သိန်း။ Caldina 2000 ကို ကျပ် ၁၇ သိန်းမှ ၁၀ သိန်းအထိသာ အခွန်ပေးဆောင်ရမည်ဟု ကညနက ထုတ်ပြန်ထားသည်။

ထို့ကြောင့် ၁၃၅၀ စီစီ ကားများမှာ ယခင် ကညနခွန် ကျပ်သိန်း ၂၀ ဝန်းကျင်မှ ယခု ကျပ် ၁၂ သိန်း ဝန်းကျင် လျှော့ချလိုက်သဖြင့် ဈေးကွက်တွင် ကျပ်ရှစ်သိန်းကျော် သက်သာသွားနိုင်ကြောင်း ကညန၏ အခွန်အပြောင်းအလဲပေါ်မူတည်၍ ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်သည်။

လက်ရှိတွင် အေဒီဗန်၊ ပရိုဘောက်စ်၊ ဟွန်ဒါဖစ်၊ ကော့၊ တိုယိုတာ၊ အော့စယို အစရှိသော အင်ဂျင်ပါဝါ ကားငယ်များမှာ ကျပ်ငါးသိန်းမှ ၁၀ သိန်းကျော်အထိ ဈေးနှုန်းများကျဆင်းသွားကြောင်း မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားဝယ်ရောင်း ကိုကျော်စွာစိုးကပြောသည်။

‘‘သင်္ကြန်ပြီးရင် ဒီထက်ဈေးကျနိုင်တယ်။ စလစ်ဈေးမကျတာကတော့ အရမ်းဆိုးတယ်ဗျာ’’ဟု ၎င်းကပြော သည်။

တစ်ဖက်တွင်လည်း ယာဉ်အိုယာဉ်ဟောင်းစနစ်အရ လက်ခံနေသည့် စလစ်ဈေးကျခြင်းမရှိ ၍ မော်ဒယ်မြင့် ကားတင်သွင်းလိုသူများ အခက်တွေ့လျက်ရှိနေသည်။

ကားဈေးဆက်တိုက်ကျဆင်းဖွယ်ရှိသလို စလစ်ဈေးလည်း ထပ်မံကျဆင်းစေလိုကြောင်း ကားဝယ်ရောင်း များက ဆိုသည်။

ယခု ကညန၏ အခွန်နှုန်းထားသစ်တွင် အင်ဂျင်ပါဝါ ၂၀၀၀ ကျော်ကားများ အခွန်အနည်းငယ်လျှော့ချ လိုက်ခြင်းကြောင့် ပျမ်းမျှအားဖြင့် ကျပ်သုံးသိန်းမှ ငါးသိန်းဝန်းကျင်သာ ဈေးကျဖွယ် ရှိကြောင်း ဈေးကွက် ကျွမ်းကျင်သူများက သုံးသပ်သည်။

Brand မော်ဒယ် ယခင်နှုန်း ယခုနှုန်း

တိုယိုတာ(ဘယ်တာ) ၂၀၀၉ ၁၄၅ သိန်း ၁၃၈ သိန်း
တိုယိုတာ(ဗစ်) ၂၀၀၇ ၁၁၀ သိန်း ၁၀၃ သိန်း
Range rover ၂၀၁၃ ၆၅၀ သိန်း ၆၄၅ သိန်း
ဖို့ဒ် မြူဆန် ၂၀၁၁ ၃၆၀ သိန်း ၃၅၅ သိန်း
လန်ခရူဇာ ၂၀၀၆ ၂၆၀ သိန်း ၂၅၅ သိန်း
ကယ်ဒီးနား ၂၀၀၈ ၂၀၀ သိန်း ၁၉၅ သိန်း

7 Day News Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...