မုန်လာဥနီ များများစားခြင်းက အမျိုးသားများ ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ခြေလျော့ကျ

သီတင်းပတ်တိုင်း မုန်လာဥနီ (၃)ကြိမ်မျှ စားသုံးသည့် အမျိုးသားများသည် အဆိုပါကင်ဆာ ဖြစ်နိုင်ခြေ သာမန်ထက် (၁၈)ရာခိုင်နှုန်းမျှ လျော့နည်းနေကြောင်း သိရှိရသည်။



မုန်လာဥနီ များများစားသော အမျိုးသားများ အနေဖြင့် ရေရှည်တွင် ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ခြေ လျော့ နည်းအောင် ကာကွယ်ပြီး ဖြစ်သွားစေကြောင်း သုတေသီများက ထောက်ခံခဲ့သည်။ သီတင်းပတ်တိုင်း မုန်လာဥနီ (၃)ကြိမ်မျှ စားသုံးသည့် အမျိုးသားများသည် အဆိုပါကင်ဆာ ဖြစ်နိုင်ခြေ သာမန်ထက် (၁၈)ရာခိုင်နှုန်းမျှ လျော့နည်းနေကြောင်း သိရှိရသည်။ ပညာရှင်များက အဆိုပါ အာနိသင် သက်ရောက်မှု သည် မုန်လာဥနီထဲတွင် Carotenoid ပမာဏ ကြွယ်ဝများပြားစွာ ပါဝင်ခြင်းကြောင့်ဟု ယူဆထားသည်။ မုန်လာဥနီသည် လူတိုင်းအတွက် ကျန်းမာရေးနှင့် သင့်တော်သော သစ်ဥသစ်ဖု တစ်မျိုးအဖြစ် သတ်မှတ်နိုင်သော်လည်း အမျိုးသားများအတွက် အဓိက ကောင်းကျိုးဖြစ်တည်စေကြောင်း သုတေသန ရလဒ်များက ညွှန်ပြလျှက် ရှိသည်။



မုန်လာဥနီကဲ့သို့ပင် အချို့သော အရောင်အသွေး တောက်ပရွှမ်းစိုသည့် အချို့သော သစ်သီးသစ်ဥ များသည်လည်း အလားတူ အာနိသင်ကောင်းမျိုး ရှိနိုင်ကြောင်း ဥရောပထုတ် Nutrition ဆေးပညာ ဂျာနယ်တွင် ဖော်ပြထားသည်။ Carotenoid အားဖြည့်စားသုံးခြင်းသည် ဆီးကြိတ်တွင် ကင်ဆာကြိတ်များ ဖွံ့ဖြိုးလာနိုင်ရန် ဖြစ်နိုင်ခြေကို လျော့ပါးသွားစေကြောင်း သိရသည်။ ယခုဖော်ပြချက်သည် တရုတ်နိုင်ငံ၊ ရှီဂျီအန်း တက္ကသိုလ်မှ သုတေသီများက ယခင်စမ်းသပ်မှုများကို ပြန်လည်စုရုံး အဖြေရှာပြီး လေ့လာခဲ့သည့် စစ်ဆေးမှု ရလဒ်ကို အခြေတည်ထားခြင်း ဖြစ်သည်။

Meta-Analysisဟု ခေါ်ဝေါ်သည့် အဆိုပါ သုတေသန လုပ်ဆောင်မှုမျိုးသည် ယခင်က တကွဲ တပြား ဆောင် ရွက်ထားသည့် ဦးတည်ချက် တူညီသော သုတေသန မှတ်တမ်းများကို ပေါင်းစု လေ့လာ သည့် သဘောမျိုး ဖြစ်သည်။ သုတေသန ရလဒ်အများစုက မုန်လာဥနီသည်ဖြစ်စေ၊ အခြားသော အရောင်တောက်ပသည့် အသီးအနှံ အမျိုးအနွယ် အချို့သည်ဖြစ်စေ ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ခြေ ကို လျှော့ချပေးသည့် စွမ်းရည်ထူးမျိုး ရှိနေသည်ဟု ထောက်ခံထားကြောင်း သိရှိရသည်။

Planet Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...