မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါး သွေးတိုးရောဂါ ခံစားနေရဟုဆို

 
ရန်ကုန်၊ မတ် ၂၇

ကမ္ဘာပေါ်တွင် သွေးတိုးရောဂါ ဖြစ်ပွားမှုအများဆုံး စာရင်းဝင် မြန်မာနိုင်ငံတွင် လက်ရှိလူဦးရေ၏ ၃၅ ရာခိုင်နှုန်း နီးပါးမှာ သွေးတိုးရောဂါ ခံစားနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေး စီမံချက်မန်နေဂျာ ဒေါက်တာတင့်ဆွေလတ် က ပြောကြား သည်။

ငါးပိ၊ ငါးခြောက်နှင့် ဟင်းချိုမှုန့် စားသုံးမှု မြင့်မားခြင်းကြောင့် သွေးတိုးရောဂါ ဖြစ်ပွားခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မှော်ဘီနှင့် လှည်းကူးမြို့နယ် တို့မှ လယ်သမားမိသားစု များတွင် သုတေသန တွေ့ရှိချက်များအရ အဆိုပါရောဂါ ဖြစ်ပွားနှုန်း ထက်ဝက်အထိ မြင့်တက်နေကြောင်း ၄င်းက ပြောဆိုသည်။

"ဒေါင်ဒေါင်မြည်တဲ့ လယ်သမားကြီး တွေကို သွေးတိုးစစ်တော့ အယောက် ၁၀၀ မှာ ၅၀ က သွေး တိုးဖြစ်နေတယ်" ဟု ၄င်းက စိုးရိမ်ဖွယ် ပြောကြားသည်။

သွေးတိုးရောဂါ ဖြစ်ပွားသူများသည် သာမန်နေထိုင်သူများထက် ဆီးချို ရောဂါ ကူးပြောင်းနှုန်း ထက်ဝက် နီးပါး ပိုမြင့်ကြောင်း၊ ယင်းအတွက် သွေးတိုးရောဂါနှင့် ဆီးချိုရောဂါ ရှိသူများအတွက် အစားအသောက်၊ အနေအထိုင် ဆင်ခြင်ရန် လိုအပ်ကြောင်း ဒေါက်တာတင့်ဆွေလတ်က ဆက်လက်ပြောဆိုသည်။

အဆိုပါ သွေးတိုးနှင့် ဆီးချို သွေးချိုရောဂါ များသည် မြို့ပြဒေသတွင် ဖြစ်ပွားနှုန်းပိုမြင့်ပြီး ၂၀၀၈ ခုနှစ်ဒေသ တွင်း ကျန်းမာရေးဖိုရမ်၌ တင်ပြချက်အရ လူဦးရေ၏ ၄၂ ရာခိုင်နှုန်းတွင် သွေးတိုး လက္ခဏာများ တွေ့ရှိပြီး အရှေ့တောင် အာရှဒေသတွင် ဖြစ်ပွားနှုန်း အများဆုံး ဖြစ်ကြောင်း အဆိုပါဖိုရမ် သုတေသန စာတမ်းအရ သိရှိရသည်။

သွေးတိုးရောဂါ ကာကွယ်ရန် အချိုမှုန့်၊ ငါးပိ၊ ငံပြာရည်များ လျှော့စားပြီး အစားအစာ ပမာဏကို သင့်တင့် မျှတစွာ စားသုံးသင့်ကြောင်း၊ ယင်းအပြင် စားသုံး ရန်မသင့်သော ဆီကြော်အစားအစာများ ကိုရှောင်ကြဉ် သင့်ကြောင်း အထွေထွေ ရောဂါကုဆရာဝန် တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် သွေးတိုး ၊ ဆီးချို သွေးချိုရောဂါ လက္ခဏာများသည် အလုပ်လုပ်နိုင်သော အသက် ၄၀ နှင့် ၆၀ ကြား အသက်အရွယ်များတွင် တွေ့ရသောကြောင့် လူမှုစီးပွားရေး အတွက် ထိခိုက်မှုများစွာ ရှိကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းက သုံးသပ်သည်။

The Voice Weekly

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...