နိုင်ငံကူးလက်မှတ်အတွေ့အကြုံ

Written by အငြိမ်းစားကျောင်းဆရာတစ်ဦး


နိုင်ငံကူးလက်မှတ်နဲ့ပတ်သက်ပြီး ခံစားချက်လေးတွေ တစ်ချိန်က ရှိခဲ့တာကြောင့် အသက် ၆၀ ရောက် လာတဲ့ အချိန်အထိ တစ်ကြိမ်မှ သွားမလျှောက်ဖြစ်တော့ဘူး။ အသက် ၄၀ လောက်တုန်းက တစ်ကြိမ် နိုင်ငံကူးလက်မှတ်လျှောက်ဖို့ ဖြစ်လာတော့ သွားလျှောက်မိတယ်။ အဲဒီအချိန်က ခေတ်ဟောင်း၊ စနစ်ဟောင်းနဲ့ ဝရုန်းသုန်းကားနိုင်တဲ့အချိန်။ ပန်းဆိုးတန်းလမ်းမ နေပူကြဲကြဲကြီးမှာ တန်းစီနေရတာကို စိတ်မရှည်တာနဲ့ပဲ လက်လျှော့ခဲ့တာ ခုထိပဲဆိုပါတော့။ သူငယ်ချင်းတွေကတော့ အဲဒီ အချိန်က လက်လျှော့သွားတာကိုပဲ မင်းကံကောင်းတာတဲ့။ သူတို့ကတော့ အဆင့်ဆင့်သော အဆင့်ဆင့်တွေကို၊ ဘယ်လောက် မြင့်မြင့် ရအောင်ကြံဖန်တက်ပြီး နိုင်ငံခြားထွက်ကြတယ်။ သူတို့မှာက နိုင်ငံခြားထွက်မှ ချမ်းသာမယ် ထင်ကြတာကိုး။ ကျွန်တော်ကတော့ ဒီမှာ စာသင်ပြီး ထမင်းတစ်နပ်စားလ ည်း ကျေနပ်နေ တဲ့ကောင်ဆိုတော့ နိုင်ငံကူးလက်မှတ်နဲ့ နိုင်ငံခြား အရေးဟာ ငါနဲ့ ဘာမှမဆိုင်ဆိုပြီး နှစ်ကာလပေါင်းများ စွာ မေ့ထားခဲ့ရာက နှစ်ပေါင်း ၂၀ အကြာမှာ နိုင်ငံကူးလက်မှတ် လုပ်ဖို့ အကြောင်းပေါ်လာပါတော့တယ်။

ကျွန်တော့်မိတ်ဆွေတစ်ယောက်ကို နိုင်ငံကူးလက်မှတ် ဘယ်လိုလုပ်ရသလဲ၊ ဘယ်မှာလုပ်ရသလဲ၊ ဘယ်လောက်ကုန်သလဲ၊ ဘာတွေလိုသလဲ ဆိုပြီးတော့ သွားစုံစမ်းမိတယ်။ သူက နိုင်ငံကူးလက်မှတ် မကြာခင်ကမှ သက်တမ်းတိုးထားတာ ဆိုတော့ ကိုယ့်ထက် အများကြီး အတွေ့အကြုံတွေ ရှိသူလေ။ သူက မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ ငွေသုံးသောင်းလောက် ထည့်လာ ဆိုပြီး သူကိုယ်တိုင်လိုက်ပို့ပေးတော့မှ ရန်ကုန်မြို့ကြီးမှာ လူအစည်ကားဆုံး နေရာတစ်နေရာကို ရောက်ဖူးခဲ့ပါတော့ တယ်။

ယခင်က နိုင်ငံကူးလက်မှတ်လုပ်ရင် ခြေရှုပ်တဲ့ ပွဲစားတွေကို မနည်းရှောင်ရတယ်။ ခုတော့ နိုင်ငံကူး လက်မှတ်ရုံးကို ရောက်သွားတော့ အဝင်ဝမှာ ကော်ဘူးနဲ့ ဘော့ပင် ဝယ်သွားကြပါဦးလားဆို တဲ့ ဈေးသည်တွေလောက်ပဲ တွေ့ရတော့တယ်။ ဘော့ပင်က ရေးဖို့လိုတယ်၊ ကော်ဘူးက ဓာတ်ပုံတွေ ကတ်ဖို့နဲ့တူတယ်။ ဒါပေမဲ့ ဘာမှ မဝယ်သွားဘဲ ဒီအတိုင်း ဝင်သွားမိ တယ်။

အဝင်မှာ ရဲစစ်ဆေးမှုနှစ်ခုကို ဖြတ်ရတယ်။ ဖြတ်တိုင်း မှတ်ပုံတင်တွေ ထုတ်ပြရတယ်။ နောက်ဆုံးဂိတ်က လည်ဆွဲကတ်ပြား ထုတ်ပေးတယ်။ ဒီအဆောက်အအုံထဲဝင်ဖို့ ရဲအစောင့်အရှောက်နဲ့ စစ်ဆေးရေး ဒီလောက်လိုသလား၊ ဘာကြောင့်လဲ၊ လုံခြုံရေး ကြောင့်လား အတွေးပွားမိတယ်။

ပထမဆုံး ဖောင်ယူဖို့ တန်းစီရတယ်။ ယောက်ျားတစ်တန်း၊ မိန်မတစ်တန်းစီရတယ်။ မြန်မာ့ဓလေ့က တန်းနှစ်ထပ်စီတာ၊ ရှေ့ပေါက်မှာ ကျော်တိုးတာတွေကို ခုထိရင်ဆိုင်ရတုန်းပဲ။ ဒါက လည်း နိုင်ငံခြားထွက် ဖို့ရောက်လာတဲ့ လူတွေက လူတန်းစား ပေါင်းစုံဖြစ်သွားတာကြောင့်လို့ ထင်ပါတယ်။ ယခင် ကနိုင်ငံခြား ထွက်ဖို့ ကြိုးစားသူတွေက သင်္ဘောသားလုပ်ဖို့၊ ပညာသင်ဖို့။ ခုကတော့ ကျွန်ခံဖို့ပါ နိုင်ငံခြားအပြိုင် ထွက်ကြတဲ့ ခေတ်ဆိုတော့ နိုင်ငံကူးလက်မှတ်လျှောက်ထားတဲ့ရုံးမှာ အရောင်အသွေးစုံ၊ အနံ့အသက်ပေါင်း စုံ၊ အသွင်ပေါင်းစုံ၊ အလွှာပေါင်းစုံ၊ လူမျိုးပေါင်းစုံ။

ဓာတ်ပုံရိုက်ဖို့တွေ၊ လျှောက်လွှာဖိုးတွေနဲ့ အခြားကြေးတွေ စုစုပေါင်း ပထမဆုံးနေရာမှာတင် ၅၀၀၀ ကျပ်ကုန်ခဲ့တယ်။ လျှောက်လွှာရ၊ ဓာတ်ပုံရိုက်ခွင့်ချလံရတော့ ဓာတ်ပုံရိုက်တဲ့ဆီကို တစ်ခါပြေးရတယ်။ တန်းစီပြီး ကိုယ့်အလှည့်ကျအောင်စောင့် ရတယ်။ ယခင်ကလို နက်တိုင်တွေ၊ ကုတ်တွေဝတ်ပြီးရိုက်ဖို့ မလိုတော့ဘူး။ ဟောတစ်ယောက်ထိုင်၊ ခေါင်းလေးမော့၊ ပြီးပြီ ဆိုပြီး ရဲတစ်ယောက်က အသင့်ချိန်ထားတဲ့ ကင်မရာနဲ့ ကွန်ပျူတာကို အသုံးပြုပြီး ရိုက်ပေးနေတာ။ မြန်ပါတယ်။ အဝမှာလည်း တစ်ပြားတစ်ချပ် မှ ပေးစရာမလိုလို့ ရေးထားတယ်။ ဘယ်လိုမလဲ။ အဝင်ကောင်တာမှာ ၅၀၀၀ ကျပ်ပေးခဲ့ပြီး မှပဲ။

ဓာတ်ပုံရိုက်ပြီး ငွေသွင်းရမယ်တဲ့။ ငွေသွင်းကောင်တာဘက်ပြေး၊ ချလံယူ၊ တစ်နေရာမှာထိုင်ပြီး ချလံဖြည့်မယ်လုပ်တော့ ရဲလေးတစ်ယောက်ရောက်လာတယ်။ အဘပေး ကျွန်တော်ဖြည့်ပေးမယ်တဲ့။ ကျွန်တော့်နာမည်နဲ့၊ အဘအမည်၊ မှတ်ပုံတင်တွေ မေးပြီးသူပဲ အစအဆုံးဖြည့်ပေးတယ်။ ရဲတွေ သဘောကောင်းကောင်းနဲ့ ပြည်သူ့ရဲ ပီသစွာ ကူညီပါရစေဆိုပြီးလာလုပ်တာကို ဒီတစ်ခါပဲ ကြုံဖူးလို့ ဝမ်းမြောက်မိပါတယ်။ ငွေသွင်းဌာနကို ယခင်ကလို မြန်မာ့စီးပွားရေးဘဏ်တစ်ခုကို ပြေးစရာမလိုဘဲ၊ တစ်မိုးတည်းအောက်မှာ စီစဉ်ပေးထားတာ ကျေးဇူးတင်စရာ ကောင်းပါတယ်။ ဘဏ်မှာ ငွေသွင်းခဲ့ရတာက ၂၀,၀၀၀ ကျပ်။ အဲဒါကလည်း အွန်လိုင်းနဲ့သွင်းတာဆိုတော့ ချလံဖြတ်ပိုင်းကို နည်းနည်းတော့စောင့်ရ တယ်။ ဒီလောက်ကတော့ ပြဿနာ မရှိပါဘူး။ အစိုးရရုံးတွေမှာ ဒီအချိန်လောက် စောင့်ရတာ လုံးဝပြဿ နာ မဟုတ်ပါဘူး။

ချလံရတော့ လျှောက်လွှာမှာ အချက်အလက်တွေ ဖြည့်ရတယ်။ အဲဒီအချက်တွေကလည်း ဘာမှ ခက်ခက်ခဲခဲ မရှိဘူး။ အားလုံး အလွတ်ရနိုင်တဲ့ အချက်တွေ ဖြစ်တာကြောင့် ဒီအတိုင်းချရေးလိုက်တယ်။ ပြီးတော့ လွန်ခဲ့တဲ့ ၄၅ မိနစ်လောက်က ရိုက်ခဲ့တဲ့ ဓာတ်ပုံကို သွားရွေး၊ လဝကဌာနမှာ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းမူရင်းပြ၊ အစစ်ဆေးခံ၊ ဒါလည်း ချက်ချင်းပြီးတယ်။

နောက်တစ်နေရာ ပြေးရပြန်ပြီ။ ဒီတစ်ခါတော့ စာရွက်တွေ၊ ချလံတွေကို ရဲတွေကစိစစ်ကြပီး ပြန်စီပေး၊ ဓာတ်ပုံတွေ ကပ်ပေး၊ ပင်တွေနဲ့တွဲ၊ ဖောက်စက်တွေနဲ့ချုပ်၊ အစီအစဉ်အတိုင်းလုပ်ပေးတယ်။ အဲဒီမှာလည်း တစ်ပြားမှ မတောင်းဘူး။ ဒါပေမဲ့ ဘေးကဇလားထဲကို ကိုယ့်ရှေ့က လူတွေက တစ်ထောင်တန်လေးတွေ ထည့်သွားတော့ ကိုယ်လည်း တစ်ထောင်ထည့်လိုက်ပါ တယ်။ သူတို့ကမတောင်းပါဘူး။ ကိုယ်က ဝန်ဆောင်မှုကို သဘောကျလို့ ပေးတာ။

နောက်တစ်ဆင့် ပြေးရပြန်ပြီ။ လျှောက်လွှာတွေကို နောက်ဆုံးအဆင့် စစ်ဆေးတဲ့ဆီတဲ့။ ရဲလေး တစ်ယောက်က အဘ အသက် ၆၀ ကျော်တွေအတွက် သီးသန့်စီစဉ်ပေးနေ တဲ့ နေရရှိတယ် လို့ ပြောလိုက်တယ်။ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေအတွက် တန်းမစီရအောင် သီးခြားစီစဉ်ပေးတာ။ အဲဒီမှာ ယူလာတဲ့ လျှောက်လွှာတွေထပ်ပြီး ထိုင်စောင့်မှ တစ်နာရီလောက် ကြာသွား တယ်။ အားလုံးတောက်လျှောက်အဆင်ချောလာတာ ဒီနေရာမှာမှ စိတ်ကွက်စရာ ဖြစ်ရတယ်။

ကိုယ်နဲ့ဆိုင်ရာ ဆိုင်ရာ လျှောက်လွှာတွေတစ်ထပ်ကြီးကိုင်လာတဲ့သူတွေ ရောက်လာတယ်။ အပြင်က ပုံမှန် တန်းစီတဲ့နေရာမှ လူများတော့ ဒီအထဲကို ထိုးဝင်လာကြတယ်။ သက်ကြီးရွယ်အိုနဲ့ ကလေးတွေသီးသန့် မဟုတ်တော့ဘူး။ အားကောင်း မောင်းသန်လူငယ်တွေအတွက် ဖြစ်သွားတယ်။ အဲဒီမှာ ပွဲစားလိုလို တစ်ယောက်က နှစ်ကျော့ပြန် လျှောက်လွှာတွေ လာထပ် လိုက်တာ ကျွန်တော်လည်း ငုတ်တုတ်မေ့တဲ့ ဘဝရောက်သွားရတယ်။ ဒီတစ်ချက်ကတော့ လူကိုခင်ရင် မူကိုပြင်သလိုများ ဖြစ်နေသလားဆိုပြီး စိတ်ပျက်မိပါတယ်။

ဒီဌာနက ကွန်ပျူတာစာရင်းသွင်း၊ လက်ဗွေနှိပ်၊ နောက်ဆုံးချလံဖြတ်ပိုင်းယူရတဲ့ နေရာပါ။ မလေးရှားကို အုပ်စုလိုက်လွှတ် မယ့်ပွဲစား၊ ဘုရာဖူးသွားမယ့်ပွဲစားရဲ့အုပ်စုနဲ့ တိုးလိုက်တော့ သာမန် အသက် ၆၀ ကျော်ရင် ဦးစားပေးခံရမယ်ဆိုတဲ့ ကျွန်တော့်လို အရွယ်တွေ မျက်နှာငယ်ငယ်နဲ့ မခေါ်မချင်း ထိုင်စောင့်ခဲ့ရတာကိုတော့ မမေ့နိုင်ပါဘူး။

အစိုးရဌာနတွေမှာ အဆင့်တွေလျှော့၊ ကြိုးနီတွေဖြုတ်၊ ဝန်ထမ်းတွေ ချိုချိုသာသာ အလုပ် လုပ်လာကြတာ ကြိုဆိုရမှာပါ။ ခုလည်း ပြည်ထဲရေးကတာဝန်ယူထားတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဟာ ယခင်နဲ့မတူ တစ်မူထူးခြားလာပြီလို့ ဆိုနိုင် ပါတယ်။ ပွဲစားမလိုဘဲ ကိုယ်တိုင် လိုက်လုပ်နိုင်ခဲ့တာ ကိုယ်တွေ့ ပါ။ ရောက် ချိန်ကနေ ပြန်ထွက်တဲ့ အချိန်အထိ ၃ နာရီပဲ ကြာ ပါတယ်။ စုစုပေါင်း နိုင်ငံကူးလက်မှတ်ထုတ်တဲ့ ရုံးထဲမှာ တရားဝင်ကုန်ကျငွေ ၂၅,၀၀၀ ကျပ်သာဖြစ်ပါတယ်။ နောက် ဆယ်ရက်နေရင် နိုင်ငံကူးလက်မှတ် လာ ထုတ်နိုင်ပါပြီ။ မလိုတာတွေကို ဖြုတ်လိုက်လို့ ကျေးဇူးတင်မိပေမယ့်၊ တကယ့် လိုအပ်တဲ့ စိတ်ဓာတ်လေးတွေ ပြင်ဖို့လိုတဲ့ နေရာတွေရှိနေသေးတယ်ဆိုတာ အကြံပြုတင်ပြလိုက်ရပါတယ်။

Maukkha Education Magazine

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...