နေတိုးနှင့်တွေ့ဆုံခြင်း...

“မွေးရာပါ ပါရမီတစ်ခုလည်း ကိုယ့်မှာရှိနေတယ်လို့ ယုံကြည်တယ်”


စွယ်စုံရအနုပညာရှင်အဖြစ် ပရိသတ်များ သတ်မှတ်အားပေးမှု ရရှိနေသူတစ်ဦးက မင်းသားနေတိုးဖြစ် သည်။ ဇာတ်ကားရိုက်ကူးရာတွင် ဟာသ၊ ဒရာမာ စသည့်ဇာတ်လမ်းများကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင် သူဖြစ်ပြီး ယင်းဇာတ်ကားများတွင်ပါဝင်သော ဇာတ်ဝင်တေးများက နေတိုးကို အဆိုပိုင်းအတွက် တွန်းအား တစ်ခုဖြစ်စေခဲ့သည်။ နေတိုး၏ ချိုသာသောအသံများက အဆိုပိုင်းတွင်လည်း ပရိသတ်အားပေးမှုကို ထပ်မံရယူနိုင်ခဲ့သည်။ ထို့ကြောင့် နေတိုး၏ လတ်တလော ဂီတ၊ ရုပ်ရှင် စသည့် အနုပညာလှုပ်ရှားမှုများ ကို တွေ့ဆုံမေးမြန်းထားသမျှ ပြန်လည်ဖော်ပြလိုက်ရပါသည်။

မေး- အခုနောက်ပိုင်း ကျော်ကျော်ဗိုနဲ့ အတွဲညီညီ ဇာတ်ကားတွေ တောက်လျှောက်ရိုက်ဖြစ်နေတာ အမြဲတွေ့ရတယ်နော်။

ဖြေ- ဟိုးလွန်ခဲ့တဲ့ ငါးနှစ်၊ ခြောက်နှစ်လောက်က ကိုကြံ့(ကျော်ကျော်ဗို)နဲ့ ကျွန်တော်နဲ့ စပြီးဆုံတဲ့ဇာတ်လမ်း တစ်ခုရှိတယ်။ ဒါရိုက်တာမင်းထင်ကိုကိုကြီးနဲ့ရိုက်တဲ့ “နောက်ဆုံးကဗျာ”ကားပေါ့။ ကိုကြံ့ရယ်၊ ကျွန်တော်ရယ်၊ အူဝဲရယ်၊ အဲဒီအချိန်မှာ အငြိမ့်တွေကတာလည်း မရှိသေးဘူး။ အရှေ့မှာ ဟာသတွေရိုက် တယ်။ ဘာတွေရိုက်တယ်ဆိုတာ ဒါရိုက်တာတွေ၊ ပရိုဂျူဆာတွေအပိုင်းက အတွဲညီတယ်ဆိုတော့ လုပ်ရ ကိုင်ရတာ ပိုပြီးအဆင်ပြေတဲ့အခါကျတော့ ရိုက်ဖြစ်နေတာပေါ့။ အဓိကပူးပေါင်းပြီးတော့ လုပ်တယ်ဆိုတဲ့ သဘောက တစ်ကားချင်းစီလည်း ရိုက်ကြတာတွေရှိပါတယ်ပေါ့။

မေး- ကိုကြံ့(ကျော်ကျော်ဗို)နဲ့ အစ်ကိုတို့ နှစ်ယောက်ပေါင်းလုပ်တဲ့ ACE Digital Warehouse ထုတ် လုပ်ရေးက စီစဉ်မှုတွေကို ပရိသတ်တွေဆီ ကျယ်ကျယ်ပြန့်ပြန့်ချပြတာ မတွေ့ရဘူး။ ဘာကြောင့်ပါလဲ။

ဖြေ- ကျွန်တော်တို့ ထုတ်လုပ်မှုနောက်ကွယ်က အကြောင်းအရာတွေက ပရိသတ်တွေက တကယ်တမ်းဆို သိစရာမလိုဘူး။ ပရိသတ်သိစရာလိုတာက ကျွန်တော်တို့ရဲ့အနုပညာကို အဆိုးအကောင်းဝေဖန်ပေးဖို့ အဓိကပိုကျတယ်လို့ထင်တယ်။ ကုန်ပစ္စည်းတစ်ခုက ဘယ်ကနေပဲထွက်လာ၊ ထွက်လာ သုံးစွဲသူကို ထိရောက်မှုဖြစ်စေတယ်ဆိုရင်ရပြီ။

မေး- ဇာတ်ဝင်ခန်းတွေမှာ Makeup Effect ပညာနဲ့ သူများတွေကို ပြင်ပေးတယ်။ ကိုယ်တိုင်လည်းလုပ် တာ တွေ့ရတယ်။ အဲဒီပညာကို အစ်ကို ဘယ်လိုသင်ယူခဲ့တာလဲ။

ဖြေ- စပယ်ရှယ်မိတ်ကပ်ပေါ့။ အဓိကရုပ်ရှင်မိတ်ကပ်ကို မြန်မာပြည်မှာလုပ်တဲ့သူတွေ တစ်ယောက်၊ နှစ်ယောက်လောက်ရှိကြတယ်။ ဒါပေမဲ့ သူတို့တွေက ရှုတင်ပေါ်မှာ အမြဲတမ်းရှိမနေဘူး။ လူလည်းနည်းတဲ့အခါကျတော့ ရိုက်ကူးတဲ့ကားများတော့ လိုတဲ့အခါကျရင် အလွယ်တကူ ငှားဖို့ခဲယဉ်း တယ်ပေါ့။ ဒီဟာလေးတွေ ကိုယ်တိုင်လုပ်ကြည့်ရင်း၊ လုပ်ကြည့်ရင်းမှ ကိုယ်ကလည်း ပန်းချီဝါသနာ ပါတော့ ဒီပစ္စည်းလေးတွေစုဖြစ်တယ်။ ပစ္စည်းတွေ ကိုယ်ဆီမှာရှိနေတော့ တခြားသူတွေလိုအပ်ရင် ကူညီပေးတဲ့ သဘောပါ။ ကျွန်တော်ရဲ့ကားမှာဆို ပိုများတာပေါ့။ တခြားကားတွေတော့ တစ်ခါ၊ နှစ် ခါလောက်တော့သွားပြီး ကူညီပေးဖူးတယ်။

မေး- တခြားပွဲတွေမှာရော နှင်းဆီအဖွဲ့နဲ့ဖျော်ဖြေတဲ့ပွဲတွေမှာ အစ်ကိုလုပ်တဲ့ ပြည်တွင်း၊ ပြည်ပအနုပညာ ရှင်ကြီးတွေရဲ့ ရုပ်တူ၊ အသံတူလုပ်တာတွေကို ပရိသတ်တွေလည်း သဘောကျတယ်။ ရုပ်ရှင်၊ ဗီဒီယို သရုပ်ဆောင်မှုအပြင် ဘက်စုံထူးချွန်တဲ့ သရုပ်ဆောင်လို့ချီးမွမ်းပြောဆိုနေကြတဲ့အပေါ် ဘာများပြောချင်ပါ သလဲ။

ဖြေ- အဲဒါကတော့ ကျွန်တော်က ဘယ်အနုပညာရပ်မဆို ခံစားတဲ့အချိန်မှာ လေးလေးနက်နက်ခံစားတယ်။ သူတို့ရဲ့ အနုပညာဖန်တီးတယ်ဆိုတာက စိတ်ကူးတွေနဲ့ ဖန်တီးတယ်ဆိုတာထက် နှလုံးသားကဖန်တီးတာ။ တကယ်ရင်ထဲကလာတဲ့ အနုပညာဆိုတော့ သူတို့ရဲ့ရင်ထဲကိုရောက်အောင် ကြည့်တတ်ဖို့လိုတာပေါ့။ သူတို့ရင်ထဲကို ကြည့်တတ်ပြီဆိုရင် သူတို့သွားတဲ့လမ်းကြောင်း သူကဘယ်လိုသွားတယ်ဆိုတာ တိတိ ကျကျသိထားတယ်ဆိုရင် ကိုယ်လည်း သွားလို့ရပါတယ်။ အဲလိုပါပဲ။ သူတို့အနုပညာဖန်တီးတဲ့ အချိန်မှာ လည်း သူတို့ရဲ့ အဓိကဖန်တီးမှုက ပရိသတ်ဆီမှာ စိတ်ဝင်စားမှုခံရတဲ့ ကိုယ်ပိုင်အနုပညာဟန်ဆိုတာ ရှိတယ်လေ။ ကိုယ်ပိုင်အနုပညာဟန်ကို ဘယ်လိုစိတ်နဲ့ လုပ်သလဲဆိုတဲ့ သူ့စိတ်ကိုမြင်အောင် ကြည့်တတ် ဖို့လိုတာပေါ့။ အဲဒီလို ကြည့်တယ်ဆိုရင် လွယ်တာပေါ့။ အဲဒီလိုလုပ်တဲ့အချိန်မှာ ရုပ်တူ၊ အသံတူလုပ်တော့ မယ်ဆိုရင် သူ့ရဲ့သီချင်းလေးတွေကို အကြိမ်ကြိမ်အခါခါ နားထောင်ကြည့်ပြီးတော့မှ ကိုယ့်စိတ်ထဲမှာ မှတ်ထားတာပေါ့။ အဓိကတော့ အသံပိုင်းဆိုင်ရာနဲ့ ပြောမယ်ဆိုရင် အသံသင်တန်းတက်ထားတာလည်း တစ်ကြောင်းပါမှာပေါ့။ ဒီလိုကွဲပြားမှုကို လုပ်ရတာလည်း ၀ါသနာပါတဲ့ အတွက်ကြောင့်မို့ နောက်တစ်ချက် ကတော့ မွေးရာပါပါရမီတစ်ခုလည်း ကျွန်တော်ဆီမှာ ရှိနေတယ်လို့ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည် တယ်။ အဲဒါတွေနဲ့လည်း ပေါင်းစည်းတယ်။ နောက်ပြီးတော့ ပရိသတ်အားပေးမှုပေါ့။ ရှေ့မှာလည်း ကျွန်တော် အလားတူတွေ နည်းနည်းလုပ်ဖူးတယ်။ ဗီဒီယိုဇာတ်ကားတွေ၊ အချို့ဟာတွေမှာ ပါတယ် ဆိုတော့ အဲဒီအချိန်မှာ ပရိသတ်အားပေးမှုနဲ့အတူ ဒီဘက်မှာ အင်အားတစ်ခုထပ်ယူရတာပေါ့။ ကျွန်တော့် ရဲ့လုပ်ဆောင်ချက်တွေကို ပရိသတ်က အားမပေးဘူးဆိုလို့ရှိရင်လည်း ဒီလိုမျိုးအနုပညာကို ဖော်ထုတ်ဖို့ က ခဲယဉ်းမယ်လေ။ ပရိသတ်ရဲ့ လိုချင်တဲ့အရာတွေ၊ မထင်မှတ်ထားတဲ့အရာတွေအပေါ်မှာ အမြဲတမ်း စဉ်းစားပြီးတော့ ဖျော်ဖြေရတဲ့သဘောပါပဲ။

မေး- မွေးရပ်မြေမှာ ရခိုင်ဓလေ့နဲ့ပတ်သက်တဲ့ အနုပညာဖန်တီးမယ်လို့ သိရပါတယ်။ ဘယ်တော့လောက် အကောင်အထည်ဖော်ဖို့ရှိပါသလဲ။

ဖြေ- ပရိသတ်လည်း ဇာတ်လမ်းတစ်ပုဒ်လိုခံစားရမယ်။ ရိုးရာဓလေ့ကိုလည်း မြင်နိုင်တဲ့ ဇာတ်လမ်းအမျိုး အစားကို စဉ်းစားပြီးလုပ်နေတယ်။ ဇာတ်ညွှန်း၊ ၀တ္ထု၊ ရိုက်ကူးမှုပိုင်းတွေ အကုန်လုံးကို သေချာစဉ်းစားပြီး အကောင်အထည်ဖော်ရမှာပါ။ နိုင်ငံတကာကို ထိုးဖောက်နိုင်တဲ့ အရည်အသွေးလေးဖြစ်ချင်တော့ အချိန်ယူရတာပေါ့။

မေး- နေတိုးနာမည်နဲ့ Fan Page မှာ “အဖြူရောင်ရဲတိုက်”ရုပ်ရှင်ကားနဲ့ပတ်သက်ပြီး တစ်ဖက်ကပြောတဲ့ အကြောင်းအရာတွေကို အမြဲစာပြန်ပေးဖြစ်ခဲ့တယ်နော်။

ဖြေ- စာပြန်တာ အများကြီးတော့မရှိပါဘူး။ တစ်ဖက်က တောင်းဆိုမှုအပေါ် စိတ်ကျေနပ်အောင် လုပ်ပေး တာပဲရှိပါတယ်။ ရိုက်ကူးခဲ့စဉ်အချိန်တုန်းကနေ အခုလက်ရှိရုံတင်သွားတဲ့အချိန်ထိ ရိုက်ကူးမှု၊ ဇာတ်လမ်းပိုင်းနဲ့ ပတ်သက်ပြီးတော့ ယုံကြည်မှုတွေ အကုန်လုံးပေါ်မှာ ထားခဲ့တယ်။ ရုံပေါ်ရောက်တဲ့အခါ ကျမှ တချို့ကိစ္စလေးတွေက မပါလာတာတွေရှိတယ်။ အခုကားမှာပါတဲ့ ဒါရိုက်တာ၊ သရုပ်ဆောင်တွေက ပရိသတ်အများဆုံး အားပေးလက်ခံကြတဲ့သူတွေဖြစ်တော့ ပရိသတ်တွေက ဒီကားအပေါ် မျှော်လင့်ချက် အများကြီးထားပြီးတော့ စိတ်ကျေနပ်မှုပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြတယ်။ ပရိသတ်ရဲ့ယုံကြည်မှုကို လျစ်လျူရှုလိုက်သလိုဖြစ်တဲ့ အပိုင်းလေးတွေလည်းပါနေတော့ ဝေဖန်မှုလေးတွေရှိကြတာပေါ့။

မေး- “ဖန်ဆင်းရှင်”အခွေမှာ ကိုယ့်အကြိုက်၊ ပရိသတ်အကြိုက်ထပ်တူကျတာ ဘယ်သီချင်းဖြစ်မလဲ။

ဖြေ- “လေနှင်တိမ်”သီချင်းက ရင်ထဲကို အရင်ဆုံးရောက်တယ်လို့ အွန်လိုင်းစာမျက်နှာတွေအပေါ် မှာ တွေ့ရတယ်။ တေးရေးဆရာဝင်းကိုခိုင် ဆိုပြခဲ့တုန်းက ပရိသတ်ရင်ထဲကို ရောက်သလိုပဲ ကျွန်တော့် ရင်ထဲကို ရောက်လာတယ်။ သီချင်းလေးက ကျွန်တော့်ရင်ထဲကို ၉၉ ရာခိုင်နှုန်းလောက်ရောက်တော့ ပရိသတ်ကြိုက်တဲ့ ရာခိုင်နှုန်းက ဘယ်လောက်ရှိမလဲမသိဘူး။ ကိုယ့်ရဲ့အနုပညာကို ပရိသတ်တွေကြိုက် တယ်ဆိုကတည်းက ကျေနပ်စရာကောင်းနေပြီ၊ အလုပ်အတွက် အင်အားတွေလည်း ဖြစ်စေတယ်။

မေး- ဖန်ဆင်းရှင်အခွေက သီချင်းအေးအေးလေးတွေများတော့ ဗီစီဒီကို ဘယ်လိုရိုက်ဖို့စိတ်ကူးထားလဲ။

ဖြေ- ဗီစီဒီကတော့ နှင်းဆီအဖွဲ့နဲ့ အမေရိကသွားပြီးပြန်လာမှ အကုန်လုံးစီစဉ်ရမှာ။ ဒါရိုက်တာတွေကို သီချင်းပေးနားထောင်ပြီး ရိုက်ကူးမှုပုံစံလေးတွေ စဉ်းစားလို့ရအောင် ပြောထားတာလေးတွေရှိတယ်။ ရိုက်ကူးမှုပိုင်းက ဘယ်လောက်ကြာဦးမလဲမသိပေမယ့် ၂၀၁၄ ထဲမှာ ထွက်နိုင်ဖို့ များပါတယ်။

မေး- လူပျိုကြီးဘ၀နဲ့ နေတော့မှာလားလို့ ပရိသတ်တွေက သိချင်နေကြတယ်။ ချစ်သူအကြောင်း၊ မင်္ဂလာ သတင်းပါးစရာတွေရှိနေပြီလား။

ဖြေ- လူပျိုကြီးဘ၀နဲ့တော့ မနေပါဘူး။ နှလုံးသားရေးနဲ့ပတ်သက်ပြီးတော့ လောလောဆယ်မှာ အတိအကျ မဖြေပေးနိုင်တာကို ပရိသတ်တွေနားလည်ပေးပါလို့။ တစ်ချိန်ချိန်မှာတော့ မင်္ဂလာသတင်းကို ကြားရမှာပါ။

ကျေးဇူးတင်ပါတယ်။

7Day News Journal
အတွဲ (၁၂)၊ အမှတ်(၄၉) 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...