မြန်မာမှ လေကြာင်းခရီးဖြင့် လာသူများကို ၁၄ ရက် ဗီဇာကင်းလွတ်ပေးရန် ထိုင်းလွှတ်တော်အတည်ပြု


ခန့်ထက် ရန်ကုန်၊ မတ်-၂၂  အတွဲ (၁၃)၊ အမှတ်(၄)

မြန်မာနိုင်ငံမှ လေကြောင်းခရီးဖြင့်လာပြီး ထိုင်းလေဆိပ် ၂၃ ခုမှ ၀င်ရောက်လာသူများကို ၁၄ ရက် ဗီဇာကင်းလွတ်ခွင့်ပေးရန်အတွက် ထိုင်းလွှတ်တော်က အတည်ပြုလိုက်သောကြောင့် နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း အကျိုးရှိလာမည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းကျွမ်းကျင်သူများက ပြောကြားသည်။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအား ဗီဇာကင်းလွတ်ခွင့်ပေးရန်အတွက် မတ်လ ၂၁ ရက်က ကျင်းပခဲ့သော ထိုင်းနိုင်ငံ လွှတ်တော်အစည်းအဝေးတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ တင်ပြမှုကို အတည်ပြုခဲ့သည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

ဗီဇာကင်းလွတ်ခွင့်ပေးရာတွင် ၁၄ ရက် သက်တမ်းပေးထားပြီး ထိုင်းနိုင်ငံမှ သတ်မှတ်ပေးထားသော လေ ဆိပ် ၂၃ ခုမှ ၀င်ရောက်လာသူများသာ အကျုံးဝင်ပြီး နယ်စပ်ကုန်းလမ်း၊ ရေလမ်းမှ ၀င်ရောက်လာသူများ မပါဝင်ကြောင်း ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူကပြောသည်။

‘‘ခုလို ဗီဇာကင်းလွတ်ခွင့်ပေးမယ်ဆိုတော့ နှစ်နိုင်ငံဆက်သွယ်ရေးက ပိုကောင်းလာမှာပေါ့။ စီးပွားရေး အရရော ခရီးသွားလုပ်ငန်းအရရော အရမ်းကောင်းပါတယ်။ အားလုံးလည်း မျှော်လင့်နေတဲ့ရလဒ်ပါ’’ ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဖြိုးဝေရာဇာကပြောသည်။

ဗီဇာကင်းလွတ်ခွင့်သည် နှစ်နိုင်ငံသဘောတူညီချက် လက်မှတ်ရေးထိုးပြီးမှသာ အကျုံးဝင်မည်ဖြစ်ပြီး လက်မှတ်ရေးထိုးမည့်နေ့ကိုမူ အတိအကျ မသတ်မှတ်ရသေးပေ။

မြန်မာနိုင်ငံမှ တိုက်ရိုက်လေကြောင်းမရှိသော နိုင်ငံများသို့ သွားမည်ဆိုပါက ထိုင်းနိုင်ငံလေဆိပ်မှ တစ်ဆင့်စီးရာတွင်လည်း ဗီဇာလျှောက်ထားရန် မလိုအပ်တော့သဖြင့် မြန်မာနိုင်ငံမှ သွားရောက်သူ များပြားလာနိုင်မည်ဟု မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းဥက္ကဋ္ဌ ဦးဇော်ဝင်းချိုကပြောသည်။

‘‘ဗီဇာရဖို့အတွက် တန်းစီရတဲ့အလုပ်ကို မလုပ်ချင်ဘူး။ ဒါကြောင့်လည်း မသွားချင်ကြဘူး’’ဟု ဦးဇော်ဝင်းချိုက ဆိုသည်။

မြန်မာနိုင်ငံမှ နိုင်ငံခြားသို့ သွားရောက်သူများ၏ ၇၀ ရာခိုင်နှုန်းသည် ထိုင်းသို့ သွားရောက်သူများဖြစ်ကြပြီး အလည်အပတ်ဆေးကုသရန်နှင့် အလုပ်လုပ်ရန်သွားခြင်းမှာ အများဆုံးဖြစ်ကြောင်း နိုင်ငံခြားခရီးသွား ပို့ဆောင်ရေးနယ်ပယ်မှ သိရသည်။

7 Day News Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...