နှလုံးသွေးကြောများအကြောင်း သိကောင်းစရာ


Source of the picture http://biology.about.com

နှလုံးသွေးကြောရောဂါရှိတဲ့ လူနာတွေအနေနဲ့ကတော့ နှလုံးသွေးကြောများအကြောင်းကို သိထားရင်တော့ အများကြီးကို အကျိုးရှိပါတယ်။ နှလုံးရဲ့  ဘယ်သွေးကြောကို ဘယ်နေရာမှာ ဘယ်လောက် ထိသလည်း၊ ဘယ်နှချောင်း ထိသလည်းအပေါ် မူတည်ပြီးတော့ စားဆေးနဲ့ပဲ ကုမလား၊ သွေးကြောချဲ့ဖို့ လိုမလား၊ ခွဲစိပ်ကုသဖို့ လိုမလားဆိုတာကို အထူးကုတွေက ဆုံးဖြတ်ရတာပါ။

အခုခေတ်မှာတော့ ကမ္ဘာတစ်လွှားမှာ အထူးကုဆရာဝန်တွေက လူနာတွေကိုအကုန်သိ၊ အကုန်တတ် တစ်ဖက်သတ် လုပ်ချင်တာ လုပ်လေ့ မရှိတော့ပါဘူး။ လူနာကို အထူးကုက အကျိုးနဲ့ အကြောင်း သေချာရှင်းပြပြီး လူနာကို ဆုံးဖြတ်စေတာ (Informed choice) ဟာ ခေတ်မီတဲ့ ဆေးကုသမှုပါ။

နှလုံးကထွက်တဲ့ တစ်ကိုယ်လုံးကို သွားတဲ့ သွေးကြောမကြီးကို Aorta လို့ခေါ်ပါတယ်။ ဂရိဘာသာ စကားအရ I lift, raise လို့အဓိပ္ဗါယ်ရပါတယ်။ နှလုံးကနေ ထွက်ထွက်ချင်း Aorta ရဲ့အရင်း ကနေ နှလုံးသွေးကြော နှစ်ချောင်း ဘယ်ညာ ဖြာထွက်ပါတယ်။ ဘယ်ဘက်က နှလုံးသွေးကြောမကို Left Main Stem (LMS) နဲ့ ညာဘက်က သွေးကြောကို Right Coronary Artery (RCA) လို့ခေါ်ပါတယ်။ LMS ကနေ ထပ်ပြီး နှလုံးရဲ့  ရှေ့ပိုင်းကိုဆင်းချသွားတဲ့ Left Anterior Descending Artery (LAD) နဲ့ နှလုံးကို ပတ်ပြီးဆင်းသွားတဲ့ Circumflex Artery (CxA) ရယ်ဆိုပြီး အဓိက ၂ ချောင်း ခွဲသွားပြန်ပါတယ်။ ပြီးတော့မှ အပင်က အကိုင်း အခက်တွေလို သွေးကြောတွေက ထပ်ပြီး ဖြာထွက်သွားပါတယ်။

နှလုံးသွေးကြောမ (Left Main Stem (LMS)) ကျဉ်းရင်တော့ နှလုံးသွေးကြောလွှဲ ခွဲစိပ်ကုသမှု (Coronary Artery Bypass Graft Surgery (CABG))လုပ်ဖို့ အထူးကုဆရာဝန်တွေက စဉ်းစားကြပါတယ်။ ခွဲစိတ်ဖို့ မသင့်တော်ရင်တော့ နှလုံးသွေးကြောမ (Left Main Stem (LMS)) ကို သွေးကြောချဲ့တာမျိုးတွေ ရှိပေမဲ့ ရှားပါတယ်။သွေးကြော ၃ ချောင်းလုံးကျဉ်းပြီး နှလုံးညှစ်အားနည်းနေရင်လည်း နှလုံးသွေးကြောလွှဲ ခွဲစိပ်ကုသမှု လုပ်လေ့ရှိပါတယ်။ နှလုံးသွေးကြော တစ်ချောင်း၊ နှစ်ချောင်း ကျဉ်းတဲ့လူနာ အများစု ကတော့ သွေးကြောချဲ့တဲ့ကုထုံးနဲ့ ယခုခေတ်မှာ ကုကြတာများပါတယ်။

နှလုံးအထူးကုတွေရဲ့  တာဝန်ကတော့ လူနာကို ဘယ်လိုကုထုံးမျိုးနဲ့ သင့်တော်မလည်း အဆုံးအဖြတ်ပေးရတာပါ။ အထူးကုသမားတော် အနေနဲ့ ဆုံးဖြတ်ဖို့ခက်ခဲနေတဲ့အခါ လိုအပ်ရင်လည်း တခြားနှလုံးရောဂါ အထူးကုများနဲ့ တိုင်ပင်လေ့ ရှိပါတယ်။ လူနာကလည်း လိုအပ်ရင် (second opinion) အထူးကုနောက်တစ်ယောက်နဲ့ ပြဖို့ ၀န်မလေးပါနဲ့။

ပုံမှန်အတိုင်း မဟုတ်သော နှလုံးသွေးကြောများ
…………………………………………….....
နှလုံးရဲ့ အဓိက သွေးကြော ၃ ချောင်းဟာ ပုံမှန်အားဖြင့် နှလုံးကြွက်သားတွေရဲ့ အပြင်ဘက်မှာနေလေ့ ရှိပါတယ်။ တချို့ သွေးကြောတွေက နှလုံးကြွက်သားအောက် ၀င်နေရင် ကြွက်သားက အပေါ်ကနေ တံတားလိုသွားတဲ့အခါ Myocardial bridging လို့ ခေါ်ပါတယ်။

တချို့သွေးကြောတွေက ထွက်ရမဲ့နေရာကနေ မထွက်ပဲ တခြားနေရာကနေ ထွက်တပ်ပါတယ်။ ဥပမာ ညာဘက်ကထွက်ရမဲ့ သွေးကြော Right Coronary Artery (RCA)က ဘယ်ဘက်က ထွက်တာမျိုးပါ။ ဘယ်ဘက်ကနေ ၃ ချောင်းလုံးထွက်တာလည်း ရှိတတ်ပါတယ်။ များသောအားဖြင့် နှလုံးသွေးကြော ဓာန်မှန်ရိုက်ရင်း အမှတ်တမဲ့ တွေ့လေ့ရှိပါတယ်။ အန္တရာယ်ပေးလေ့ မရှိပါဘူး။

မြန်မာနှလုံးဖောင်ဒေးရှင်း

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...