ကားဘီး လေပေါင်စစ်သလိုပဲ သွေးပေါင်ချိန်တိုင်းတာက ဘာအရေးကြီးသလည်း



မော်တော်ကားနဲ့ အဝေးပြေးခရီးသွားတဲ့အခါ ကားဘီးတွေရဲ့ ကျန်းမာရေးအတွက် ကားဘီးလေပေါင်ကို စစ်လေ့ရှိကြပါတယ်။ လူနာတွေကို သွေးပေါင်ချိန်တိုင်းတာကတော့ သိကြတဲ့အတိုင်း ဆရာဝန်အများစုရဲ့ အလုပ်ပါပဲ။ အထူးသဖြင့် စာရေးသူလို နှလုံးရောဂါ အထူးကုတဲ့သူများအတွက်ကတော့ လူနာတိုင်း ကို သွေးပေါင်ချိန် တိုင်းရပါတယ်။ များသောအားဖြင့်ကတော့ ကိုယ်တိုင်တော့ တိုင်းစရာ မလိုပါဘူးပေါ့။ ဆရာမသူနာပြုတွေကပဲ တိုင်းလေ့ ရှိပါတယ်။ လူမနာရင်ကော သွေးပေါင်ချိန် မတိုင်းသင့်ဘူးလား လို့ မေးချင် မေးကြမှာပဲ။ လူမမာ မဖြစ်ခင် မာတုန်းမှာ သွေးပေါင်ချိန်တိုင်းရင်တော့ ဈေးချိုပါတယ်။ မမာတဲ့အထိ စောင့်နေမိရင်တော့ သိပ်နောက်ကျသွားနိုင်ပါတယ်။

လူနာတွေကို သွေးပေါင်ချိန်တိုင်းတဲ့အခါတိုင်း ကွယ်လွန်သု စာရေးသူရဲ့အဖိုးကို သတိရမိပါတယ်။ အဖိုးက သွေးတိုးရောဂါရှိတော့ စာရေးသူက သွေးပေါင်ချိန် မှန်မှန်တိုင်းဖို့ပြောတဲ့အခါ “သွေးပေါင်တိုင်းရင် တက်နေမှာစိုးလို့ မတိုင်းဘူး” လို့ ပြောလေ့ ရှိပါတယ်။ သူလည်း နှလုံးရောဂါနဲ့ ဆုံးပါးသွားခဲ့တာ ကြာပါပြီ။ သွေးပေါင်ချိန်ကတော့ တက်နေရင် တိုင်းတိုင်း မတိုင်းတိုင်း တက်နေမှာဆိုတော့ သွေးပေါင် ချိန်တိုင်းရင်တော့ သွေးပေါင်ချိန် တက်မတက်သိပြီး လိုအပ်ရင် ကုသမှုကို စောစောရနိုင်တာပေါ့။

အသက် ၄၀ ကျော်သူတွေ အနေနဲ့ကတော့ သွေးပေါင်ချိန်ကို ကြုံရင် တိုင်းကြည့်သင့်ပါတယ်။ မကြုံရင်လည်း အတင်းကြုံပြီး သွေးပေါင်ချိန် တိုင်းသင့်ပါတယ်။ နေလို့ကောင်းနေပါတယ်ဆိုပြီး ဆင်ခြေ ပေးသူတွေက အများကြီးရှိမယ် ထင်ပါတယ်။ သွေးတိုးရောဂါဟာ အသံတိပ် လူသတ်သမား တစ်ယောက်ပါ။ ဘာလို့လည်းဆိုတော့ လေဖြတ်၊ နှလုံးရောဂါရမှ သွေးတိုးတယ်ဆိုတာ သိတဲ့သူတွေက ကမ္ဘာတစ်လွှားမှာဆိုရင် သန်းနဲ့ချီပါတယ်။ သွေးပေါင်ချိန်တိုင်းတာဟာ ကားဘီးကို လေပေါင်စစ်သလိုပဲ အရမ်းအရေးကြီးပါတယ်။ သွေးပေါင်ချိန်ရင်း ကိုယ့်အတွက် အသက်ကယ်ဖို့ လမ်းပေါ်လာတာ ဖြစ်နိုင်ပါတယ်။

သွေးပေါင်ချိန်တိုင်းတဲ့စက် တီထွင်ခဲ့တာ နှစ်ပေါင်း ၁၃၀ လောက် ကြာပါပြီ။ သွေးပေါင်ချိန်တိုင်းတဲ့ ကိရိယာကို သြစတြီးယားနိုင်ငံသား ဂျူးလူမျိုးတစ်ဦးက ၁၈၈၁ ခုနှစ်မှာ တီထွင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ၁၉၀၁ ခုနှစ်ရောက်မှ Harvey Cushing ဆိုတဲ့ အမေရိကန် ဦးဏှောက်ခွဲစိတ်အထူးကု တစ်ဦးကြောင့် ဆေးပညာလောကမှာ ရေပန်းစားလာတာပါတဲ့။ Cushing ဆိုတဲ့ ဆရာဝန်ကတော့ ကိုယ်ထဲမှာ စတီးရွိုက်ဓာတ်တွေများရင် လူဝကြီးဖြစ်ပြီး သွေးပေါင်တွေတက်တဲ့ရောဂါ (Cushing syndrome) ကိုလည်း တွေ့တဲ့သူဖြစ်ပါတယ်။ သွေးပေါင်ချိန်တိုင်ါ်တဲ့ကိရိယာကို Sphygmoanometer စဖေဂမိုမန်နိုမီတာ လို့ ခေါ်ပါတယ်။ ဂရိဘာသာစကားအရ Spaygmos စဖေဂမော့စ် ဆိုတာက သွေးခုန်ချက်၊ manometer မန်နိုမီတာဆိုတာက ဖိအားကိုတိုင်းတဲ့ကိရိယာကို ခေါ်တာပါ။

သာမာန်လူတွေတောင် သွေးပေါင်ချိန်တိုင်းစက်ကို သိကြပါတယ်။ အရင်တုန်းက ပြဒါးနဲ့လုပ်ထား တဲ့ သွေးပေါင်ချိန်စက်တွေကို သုံးကြပေမယ့် အခုခတ်မှာတော့ အလိုအလျှောက်တိုင်းတဲ့ သွေးပေါင်ချိန် စက်တွေ ပေါ်လာတာကြောင့် သွေးပေါင်ချိန်တိုင်းတာ လွယ်လွယိကူကူနဲ့ လုပ်လို့ ရလာပါတယ်။ စက်အမျိုးအစားကောင်းဖို့နဲ့ နည်းလမ်းမှန်မှန်တိုင်းဖို့ကတော့ အရေးကြီးတာပေါ့။

သွေးပေါင်ချိန်တိုင်းတဲ့အခါ လက်မောင်းနှစ်ဘက်လုံးမှာ သွေးပေါင်ချိန် တိုင်းဖို့ ယူကေရဲ့ ဆေးဘက်ဆိုင်ရာ လမ်းညွှန်မှုတွေမှာ တိုက်တွန်းထားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သွေးပေါင်ချိန်ဟာ လက်မောင်း တစ်ဘက်နဲ့တစ်ဘက် မတူပဲ ကွာနေတတ်ပါတယ်။ အဲဒီလို ကွာနေတဲ့အခါ များတဲ့ဘက်ကိုပဲ ယူရပါတယ်။ တက်နေပြီဆိုရင်တော့ လိုအပ်တဲ့ ဆေးကုသမှုတွေကို လုပ်ရမှာပေါ့။

ဒီတစ်ပတ် ရေးသားထားတဲ့ Harvard Medical School ဟားဗတ်ဆေးတက္ကသိုလ်ရဲ့ စာတမ်းတစ်ခုအရ ဆိုရင် လက်နှစ်ဘက်မှာသွေးပေါင်ချိန်က ၁၀ ထက်ပိုပြီးကွာနေရင် နှလုံးရောဂါဖြစ်နိုင်တယ်ဆိုတာ ကြိုသိပါသတဲ့။ နည်းနည်းပါးပါးကွာတာလောက်ကတော့ ပုံမှန်ပါပဲ အရေးမကြီးပါဘူး။ အဲဒီ ဆေး သုတေသနက အသက်၄၀ကျော်တဲ့ လူကောင်းပကတိ ဒေါင်ဒေါင်မြည် ယောင်္ကျား မိန်းမ လူပေါင်း ၃၄၀၀ ကို ၁၃နှစ်ကြာ လေ့လာခဲ့တာပါ။ တွေ့ရှိချက်အရဆိုရင်လက်မောင်း နှစ်ဘက်က သွေးပေါင်ချိန်က ၁၀ ကွာတဲ့ သူတွေမှာ နှလုံးတိုက်ခို်က်မှုနဲ့ လေဖြတ်မှုတွေက ၄၀% နီးပါတောင် ပိုများပါသတဲ့။

လက်မောင်းနှစ်ဘက်မှာသွေးပေါ်ချိန်မတူရင်တော့ အဲဒါဟာ ရှေ့ပြေးလက္ခဏာမို့လို့ ကျန်းမာရေးကို ဂရုစိုက်ဖို့ သတိပေးတာပါ။ အရေးအကြီးတာကတော့ အနေအထိုင် အစားအသောက်ကို ဆင်ခြင်ပြီး ကျန်းမာရေးနဲ့ကိုက်ညီတဲ့ အစားအသောက်တွေစား၊ ဟင်းသီးဟင်းရွက်များများစား၊ ကိုယ်လက်လှုပ်ရှား မှန်မှန်လုပ်၊ ဆေးလိပ်သောက်ရှောင်ကျဉ်၊ အရက်ကို ရှောင်နိုင်ရင်ရှောင် မရှာင်နိုင်ရင်လျော့သောက် ဆိုရင်တော့ နှလုံးတိုက်ခိုက်ခံရမှုနဲ့ လေဖြတ်တာတွေကို ဝေးဝေးကနေ ရှောင်နိုင်တာပေါ့။

အသက် ၄၀ ကျော်သူတိုင်း မိမိကိုယ်ကို ဂရုစိုက်ပြီး သွေးပေါင်ချိန်ကို တိုင်းသင့်ပါတယ်။ စာဖတိသူတွေ လည်း မိမိရဲ့ မိတ်ဆွေ ဆွေမျိုးသင်္ဂဟတွေကိုလည်း သွေးပေါင်ချိန်ဖို့ တိုက်တွန်းကြပါ။ စာရေးသူရဲ့ အဖိုးလို “သွေးပေါင်ချိန်တိုင်းရင် တက်နေတာ သိမှာစိုးးလို့” ဆိုပြီးတော့လည်း မလုပ်ကြပါနဲ့။ “နေလို့ကောင်းနေ သားပဲ မလိုပါဘူး” ဆိုပြီးတော့လည်း မပေါ့ဆကြပါနဲ့။ ဒီဆုံးဖြတ်ချက်ဟာ ဘ၀တစ်သက်တာမှာ အကောင်းဆုံး အရင်းအနှီးတစ်ခုဖြစ်နိုင်ပါတယ်။ ဒီစာကိုဖတ်ရသေးတယ် ဆိုရင်တော့ နောက်မကျသေးပါ ဘူး။ နီးစပ်ရာ ဆေးရုံ၊ဆေးခန်း၊ ဆွေမျိုး၊ မိတ်ဆွေတွေဆီမှာ သွေးပေါင်ချိန်ကို တစ်ခါလောက်တော့ အနည်းဆုံးတိုင်းပါလို့ စာဖတ်သူအပေါင်းကို တိုက်တွန်းပါရစေ။

မြန်မာနှလုံးဖောင်ဒေးရှင်း

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...