မြန်မာနိုင်ငံ၏ တစ်ကျော့ပြန်ပညာရေး



မကြာမီအချိန်မှာ ပြည်သူ့လွှတ်တော်က အမျိုးသားပညာရေးဥပဒေကို လာမည့် စာသင်နှစ်အမီ ပြဋ္ဌာန်း နိုင် ဖို့ ဆွေးနွေးပြဋ္ဌာန်းတော့မှာ ဖြစ်ပါတယ်။ အဲဒီအချိန်ဟာ မြန်မာ့ပညာရေး အချိုးအကွေ့တစ်ခုကို ဖြတ်သန်း ရတော့မယ်လို့ဆိုနိုင်တဲ့ ကာလတစ်ခုလည်းဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ဒီဥပဒေနဲ့ ပတ်သက်ပြီး ကန့်ကွက်ဝေဖန်မှုတွေကိုလည်း ကျယ်ကျယ်လောင်လောင်ကြားသိနေကြရ တာကို လည်း တွေ့မြင်ကြရမှာပါ။

နိုင်ငံလုံးဆိုင်ရာ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးကွန်ရက် (NNER)၊ တက္ကသိုလ်ဆရာအသင်း၊ ကျောင်း သားသမဂ္ဂတို့က ဒီဥပဒေနဲ့ပတ်သက်ပြီး ဝေဖန်ထောက်ပြထားကြပြီး ကန့်ကွက်စာတွေကိုလည်း ထုတ်ပြန်ခဲ့ကြပါတယ်။ သူတို့တွေဟာ အစိုးရက လွှတ်တော်ကို တင်တဲ့ အချိန်အထိ အစိုးရရဲ့ ပြောင်းလဲမှုတွေအပေါ်မှာ အယုံအကြည် မရှိကြောင်းကို ပြောခဲ့ကြပါတယ်။

ဒီဥပဒေကို အယုံအကြည် မရှိဘူးလို့လည်း တက္ကသိုလ်ဆရာအသင်းက လက်ထောက်ကထိက ဒေါက်တာ အာကာမိုးသူက အခုလိုပြောခဲ့ပါတယ်။

“သူတို့က လှည့်စားချင်တာ ပိုများနေတယ်။ ကိုယ့်တည်မြဲရေးတစ်ခုတည်းကိုပဲ ကိုင်ထားတာ။ တကယ်တမ်း ပြုပြင်ပြောင်းလဲချင်တဲ့ သူတွေနဲ့ပဲ ဒီအဖွဲ့တွေကိုဖွဲ့ရမှာ။ ခိုင်းလို့ရတဲ့ သူတွေကိုပဲ ခေါ်ထားတယ်။ အဲဒီက စလွဲနေတာ။ မဖြစ်သင့်ဘူးဆိုတာကို ကျွန်တော်တို့ရဲရဲ ပြောရဲတယ်။ အဲဒီဥပဒေကိုသာ အတည်ပြုလိုက်ရင် ကျွန်တော်တို့ နာမှာ။ ကိုယ်ပိုင်အတွေးတွေမပါပဲ လုပ်ထားတာ။ စေတနာလဲမမှန် ဘူး။ ရိုးသားမှုလဲမရှိဘူး။ အယုံအကြည်ကိုမရှိပါဘူး” လို့ သူကပြောပါတယ်။

အမျိုးသားပညာရေးဥပဒေကို အဲ့ဒီအဖွဲ့တွေ မယုံကြည်ရသည့် နောက်ထပ်တစ်ချက်ရှိနေပါသေး တယ်။ အဲ့ဒါကတော့ အဲ့ဒီဥပဒေဟာ အစိုးရ ဘက်တော်သားတွေ သဘောအကျရေးဆွဲထားတာဖြစ်ပြီး တော့ ပြည်သူကိုဗဟိုပြုထားခြင်းမရှိတဲ့အတွက်ကြောင့်လို့ ယူဆကြခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ အစိုးရဟာ ဒီဥပဒေအတွက် ကနဦးလုပ်ငန်းတွေကို အကောင်အထည်ဖော်ခဲ့တာတွေလည်း ရှိပါတယ်။ ပြည် တွင်းပြည်ပတက္ကသိုလ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးနားလည်မှု စာချွန်လွှာ ရေးထိုးရေးကိစ္စတွေ ကို ဖြေလျှော့ ပေးထားပြီးဖြစ်တယ်။ ၁၂ တန်းပညာရေးစနစ်အတွက် အခမဲ့မူလတန်းပညာရေးကို အကောင်အထည်ဖော်ခဲ့တယ်။ ရန်ကုန်တက္ကသိုလ်မှာ ထူးချွန်ကျောင်းသားတွေ ဝင်ခွင့်ပေးခဲ့တာတွေ ကိုစတင်လုပ်ဆောင်ခဲ့ပါတယ်။

အစိုးရကဖြေလျှော့မှုတွေ လုပ်နေတယ်လို့ ပြောနေပေမယ့်၊ အောက် ခြေမှာဖြစ်ပျက်နေတာတွေကတော့ တလွဲတွေလည်း ရှိနေပါသေးတယ်။ ဥပမာအနေနဲ့ပြောရရင် ကလေးဗဟိုပြုသင်ကြားနည်းစနစ်တွေ အကောင်အထည်ဖော်ခဲ့ပေမယ့် လက်တွေ့ ကျင့်သုံးရာမှာ တော့ ကျောင်းသားအင်အားနဲ့ ဆရာအင်အားကမမျှတော့ ဒီစနစ်ကိုလည်း ပြန်ပြင်ရမယ်လို့အသံတွေ ပြန်ထွက်လာပါတယ်။

ဒါကိုကိုယ်တိုင်ယုံကြည်ရတဲ့ ဆရာတစ်ဦးက “ဆရာတို့နိုင်ငံတကာမှာ CCA သင်ကြားတဲ့ပုံစံကို လေ့လာကြည့်တာ သူတို့ဆီမှာ စာသင်ခန်းတစ်ခန်းကို ကျောင်းသား ၁၅ ယောက်လောက်ကို ဆရာနှစ် ယောက်လောက်နဲ့သင်တာ။ တစ်ယောက်တည်းလဲ သင်ရင်သင်တာပဲ။ ၁၅ ယောက်လောက်ဆိုတော့ ဆရာတစ်ယောက်ဆိုရင် ကောင်းကောင်းနိုင်တယ်။ ဒီနည်းကို ထိထိရောက်ရောက် သင်ချင်ရင် ကျောင်းသားနည်းနည်း ဆရာများများခိုင်းပေးရမယ်။ နောက်တစ်ခုက ကလေးကို များများခိုင်းပေးရ မယ်။ ဆရာတို့ငယ်ငယ်တုန်းက ဆရာက ပုစ္ဆာတစ်ပုဒ်ကို စဉ်းစားခိုင်းတယ်။ အခုခေတ်က ဆရာက ချည်းလုပ်နေတယ်။ စာသင်ပုန်းပေါ်မှာ ရေးပေးပြီး ကျောင်းသားတွေလိုက်ကူးနေတဲ့ ပုံစံဖြစ်နေတယ်” ဟုပြောသည်။

ဒီလိုအယုံအကြည်မရှိအောင်လည်း အစိုးရဖက်က သူတို့အပေါ်မှာ လက်တွေ့လုပ်ပြခဲ့သည်တွေလည်း ရှိခဲ့ပါတယ်။ အဲ့ဒါတွေကတော့ နေပြည်တော်မှာ ပြုလုပ်မယ့် ဥပဒေရဲ့နောက်ဆုံးအဆင့် ဆွေးနွေးပွဲမှာ ဆရာအသင်းနဲ့ NNER တို့ကို အစိုးရရဲ့ အရာရှိတစ်ဦးက ပွဲမလုပ်ခင်နှစ်ရက်အလိုက ဖုန်းနဲ့ဖိတ်ကြား ခြင်းလုပ်ခဲ့တယ်လို့ဆိုပါတယ်။ ဒါကြောင့်ပွဲကိုတက်ရောက်ဖို့ အနယ်နယ်အရပ်ရပ်က အဖွဲ့ဝင်တွေက နေပြည်တော်ကိုရထားတစ်တန်၊ ကားတစ်တန်လာခဲ့ကြပေမယ့် ပွဲမစခင်တစ်ရက်အလိုမှာ အဆိုပါပွဲ ဖိတ်ကြားခဲ့တဲ့ အရာရှိကပင် ဖိတ်ကြားခြင်းကို ပြန်လည်ပယ်ဖျက်ခဲ့ပါတယ်။ သိတဲ့သူတွေကတော့ နေပြည်တော်ကိုမသွားတော့ပဲ နီးစပ်ရာလူတွေကို လိုက်လံအကြောင်းကြားပါတယ်။ သို့ပေမယ့်လမ်း ခရီးမှာရောက်နေတဲ့သူတွေလည်းရောက် နေပြည်တော်ရောက်ပြီးမှ ပြန်ရသူတွေလည်း ရှိပါတယ်။ အားလုံးဒုက္ခတွေရောက်ကြရပါတယ်။ ဒီအကြောင်းအရာကို ပြည်သူတွေကိုချပြဖို့ ရန်ကုန်မှာသတင်း စာရှင်းလင်းပွဲတွေလည်း လုပ်ခဲ့ကြပါတယ်။ ပွဲတော်တော်ဆူခဲ့တာကို တွေ့ရပါတယ်။

“သူတို့ကအစက အနယ်နယ်အရပ်ရပ်က အဖွဲ့ဝင် ၁၅၀ ကိုနေရေးထိုင်ရေး သွားရေးလာရေးကအစ စီစဉ်ပေးမယ်လို့ပြောပေမယ့် လက်တွေ့ကျသော လူကြီးလူကောင်းမဆန်ဘဲ ရုပ်သိမ်းခဲ့တယ်” ဟု NNER အဖွဲ့ဝင်ဒေါ်သူသူမာကပြောသည်။

ဒါတွေဟာ ပြုပြင်ပြောင်းလဲမှုတွေအတွက် စတင်ကြုံတွေ့ရတဲ့ Impact တွေပဲဖြစ်ပါတယ်။ ပြောင်းလဲ မယ်ဆိုရင်တော့ ဖြစ်လာမယ့် အကျိုးဆက်တွေကို သေချာတွက်ချက်ပြီး အနည်းဆုံးဖြစ်အောင် လုပ်ဖို့ လိုတယ်ဆိုတာ ပညာရေးကလူကြီးတွေ သိထားသင့်တယ် ထင်ပါတယ်။ အလုံးစုံပြောင်းလဲဖို့အတွက် အမျိုးသားပညာရေးဥပဒေကတော့ လွှတ်တော်မှာရောက်နေပါပြီ။

ဒီဥပဒေကအတည်ပြုလိုက်ပြီဆိုရင် ဥပဒေအတိုင်းလုပ်ငန်းတွေကို အကောင်အထည်ဖော်ရတော့မှာပါ။ ဒါကြောင့်ဒီဥပဒေက ပြည်သူ့အ တွက် ထိရောက်ပြီးအမှန်တကယ် အကျိုးရှိဖို့လိုပါတယ်။ ဒီဥပဒေနဲ့အဓိကသက်ဆိုင်သူတွေကတော့ ကျောင်းသားနဲ့ဆရာတွေပဲ ဖြစ်ပါတယ်။ အကယ်၍သာ အစိုးရနဲ့လွှတ်တော်ကဆွဲခဲ့တဲ့ ဒီဥပဒေသာ ကျောင်းသားဆရာတွေအတွက် ဒုံရင်းအတိုင်းပဲဆိုရင်တော့ မြန်မာနိုင်ငံ ပညာရေးပြောင်းလဲမှု လမ်းစဉ် ဟာ (၁) ကနေပြန်စရမှာပါ။ ဒီလိုဆိုရင်တော့ ရင်းနှီးထားတာတွေဟာ သဲထဲရေသွန်သလိုသာ ဖြစ်သွား မှာပါ။

“ဒီဥပဒေမှာ အစိုးရအုပ်ချုပ်သူတွေပါဝင်တဲ့ အမျိုးသားပညာရေးကောင်စီဆိုတာကြီးပါနေကတည်းက ဒီဥပဒေကလွဲနေပြီ။ နိုင်ငံတကာမှာ ကြည့်ရင် ပညာရေးမှာ အုပ်ချုပ်သူတွေလုံးဝဝင်စွက်ဖက်ခြင်းမရှိ ဘူး။ အရင်က ဟိုဟာလုပ်လိုက် ဒီဟာလုပ်လိုက်နဲ့ ဝင်စွက်ဖက်ခဲ့ကြလို့ ပညာရေးက နိမ့်ကျခဲ့တယ်။ အခုလည်း အစိုးရအဖွဲ့အစည်း ပါနေတဲ့အတွက် ဒီပညာရေးက တိုးတက်မှုထက်၊ အရင်အတိုင်းပဲနိမ့်ကျ နေဦးမယ်လို့ပြောချင်တယ်” ဟုဒဂုံတက္ကသိုလ်ဆရာအသင်းမှ ဦးဇော်မျိုးလှိုင်ကပြောသည်။

အမျိုးသားပညာရေးဥပဒေကို ပြင်သင့်တယ်လို့ ပြောနေကြတာဟာ ဥပဒေမှာပါတဲ့ ပြဋ္ဌာန်းချက်တွေမှာ ကဗဟိုချုပ်ကိုင်မှုအတိုင်းပဲ ရှိနေဦးမယ်လို့ ယူဆနေတဲ့အတွက်ပါ။ ဥပမာပေးရရင် အခန်း (၃) ပညာ ရေးအခြေခံမူများ၊ ပုဒ်မ (၄) (ဇ) တွင်တက္ကသိုလ်၊ ကောလိပ်များသည် လွတ်လပ်သောစီမံခန့်ခွဲမှုရှိရ မည်ဟု ဆိုထားသော်လည်း အခန်း (၁၀)၊ ပညာရေးစီမံခန့်ခွဲမှုများတွင် ပုဒ်မ (၆၀) (က) ၌ ဥပဒေအရ အမျိုးသားပညာရေးကော်မတီကို အခါအားလျော်စွာဖွဲ့စည်းမည်။ သင့်လျော်သောပုဂ္ဂိုလ်ဖြင့် ဖွဲ့စည်း မည်ဟုဆိုထားသဖြင့် ရှေ့တွင်လွတ်လပ်ခွင့်ပေးထားပြီးနောက်တွင် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ပြန်လည်ချုပ်ကိုင်နေကြောင်း သိရသည်။

အခန်း(၁၂)၊ ဘဏ္ဍာရေးကဏ္ဍတွင် အဆင့်မြင့်ပညာပေါင်းစပ်ညှိနှိုင်းရေးကောင်စီက ဘဏ္ဍာငွေအား လုံးကို တစ်လုံးတစ်ခဲတည်းရရှိမည်ဟု ပြဋ္ဌာန်းထားသည့်အတွက် တက္ကသိုလ်များသည် ယင်းကောင်စီ အောက်တွင်ရှိနေမှသာ ထောက်ပံ့မှုကိုရရှိမည်ဖြစ်ပြီး ကောင်စီအောက်တွင် မရှိခဲ့ပါက ထောက်ပံ့မှုများ အားခံစားခွင့်မရှိသည့်အတွက် တက္ကသိုလ်များကို တစ်ဖက်မှလွတ်လပ်ခွင့်ပေးသည်ဟုဆိုပြီး တစ်ဖက် တွင်ဘဏ္ဍာရေးဖြင့် ပြန်လည်ချုပ်ကိုင်ထားသည့်သဘောကို သက်ရောက်နေကြောင်း အရှေ့ပိုင်း တက္ကသိုလ်၊ ဆရာများအသင်းဥက္ကဋ္ဌဖြစ်သူ ဦးသန်းထိုက်အောင်ကပြောသည်။

“ဆရာတို့အဓိကလိုချင်တာက ဒီဥပဒေမှာ တက္ကသိုလ်တွေကို လွတ်လပ်ခွင့်ပေးမယ်ဆိုရင် လုံးဝလွတ် လပ်ခွင့်ပေးလိုက်။ ဘယ်အဖွဲ့အစည်းမှ မလိုဘူး။ ဘာမှမလိုဘူး” ဟုယင်းကဆက်ပြောသည်။

မြန်မာနိုင်ငံပညာရေးကျွမ်းကျင်သူ ဒေါက်တာစိုးဝင်းဦးက “အစိုးရသစ်အနေနဲ့ သုံးနှစ်တာအတွင်းမှ ပြုပြင်မှုတွေလုပ်နေပေမယ့် ထိရောက်တဲ့ပြောင်းလဲမှုတစ်ချို့သာရှိပေမယ့်၊ မပြောင်းလဲရဲဘဲနဲ့ ပြောင်း လဲနေရတယ်။ ဗဟိုချုပ်ကိုင်မှုအတိုင်းပဲရှိသေးတဲ့အတွက် အနှစ်သာရရှိတဲ့ ပြောင်းလဲမှုကို မတွေ့ရ ဘူး။ မပြောင်းလဲချင်ဘူးလို့ပဲယူဆတယ်” ဟုဝေဖန်သည်။

၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ကိုယ်ပိုင်ကျောင်းဥပဒေဟာဆိုရင် ပြန်လည်ပြင်ဆင်ရန် လိုအပ်ကြောင်း၊ နိုင်ငံတကာတွင် ကိုယ်ပိုင်ကျောင်း ဆိုသည်မှာ ကိုယ်ပိုင်သင်ရိုး၊ ကိုယ်ပိုင်စာမေးပွဲစနစ်များဖြင့် မိမိ ကျောင်းအား မိမိကိုယ်တိုင်စီမံခန့်ခွဲခွင့်ရှိသည့် ကျောင်းများ ကိုခေါ်ခြင်းဖြစ်ရာ မြန်မာနိုင်ငံ၏ ကိုယ်ပိုင် ကျောင်းများမှာ အစိုးရ၏မူဝါဒများအပေါ်တွင်သာ ရပ်တည်နေရသေးတဲ့အတွက် မြန်မာနိုင်ငံရဲ့ ပညာ ရေးပြုပြင်ပြောင်းလဲမှုဟာ မပီပြင်သေးဘူးလို့ ဆိုလို့ရပါတယ်။

မတ်လ ၂၉ ရက်နေ့ကထုတ်ပြန်ခဲ့သော တက္ကသိုလ်ဆရာအသင်း၏ သဘောထားကြေညာချက်တွင် အစိုးရ၏ပညာရေးဥပဒေသည် ဒီမိုကရေစီစနစ်နှင့် ကိုက်ညီမှုမရှိဘဲ ပညာရေးဆိုင်ရာ လွတ်လပ်မှုများ ကိုဆက်လက်ချုပ်ကိုင်ထားရန် ရည်ရွယ်သော ဥပဒေ ပုဒ်မများ ပါရှိနေသည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအတွက် နှောင့်နှေးစေနိုင်သည့် အလျင်စလိုဆောင်ရွက်ရန်မသင့်ဘဲ အများပြည်သူများ၏ သဘောထားများ၊ ပြင်ပအဖွဲ့အစည်းများ၏ သဘောထားအကြံဉာဏ်များကို ရယူရန်လိုအပ်ကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

“ဒီဥပဒေကို လက်ရှိအတိုင်းသာ အတည်ပြုရင် ၁၉၂၀ ဥပဒေကိုလက်ခံခြင်းထက် ပညာရေးလောက ပိုမိုဆုတ်ယုတ်မယ်လို့ မြင်ပါတယ်” ဟု ဒဂုံတက္ကသိုလ်ဆရာအသင်းမှ ဦးဇော်မျိုးလှိုင်က ပြောသည်။

၁၉၂၀ ဥပဒေကတော့ မြန်မာနိုင်ငံရဲ့ ကျွန်ပညာရေးစနစ်တစ်ခုဖြစ်ခဲ့ပြီး ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက်ပိုင်းကစပြီး ၁၉၆၂ ခုနှစ် စစ်အစိုးရအာဏာမသိမ်းခင်အချိန်အထိ မြန်မာနိုင်ငံရဲ့ ပညာရေး ဟာအရှေ့တောင်အာရှမှာ အကောင်းဆုံးပညာရေးစနစ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီလိုအကောင်းဆုံးပညာ ရေးစနစ်တစ်ခုဖြစ်ခဲ့တယ်ဆိုတာကလဲ ကိုယ့်ဘာသာကိုယ် သတ်မှတ်ခံယူထားတာမဟုတ်ပါဘူး။ ကမ္ဘာကအသိအမှတ်ပြုခဲ့တယ်ဆိုတာကို စာပေတွေကနေ သိခဲ့ရတာဖြစ်ပါတယ်။

၁၉၆၂ နောက်ပိုင်း စစ်အစိုးရအာဏာ သိမ်းခဲ့တဲ့အချိန်မှာတော့ မြန်မာနိုင်ငံရဲ့ပညာရေးဟာ ကျရိပ် ဘက်ကို ဦးတည်ခဲ့ပါတယ်။ အဲဒီလိုကျရိပ်ဘက်ကိုဦးတည်လာခဲ့ရာက အကောင်းဆုံးပညာရေးစနစ်က နေအလယ်အလတ်ပညာရေးစနစ်ကို ကျဆင်းခဲ့ပါတယ်။ အဲဒီအချိန် ၁၉၇၄-၇၅ လောက်မှာ မြန်မာ နိုင်ငံရဲ့ပညာရေးစနစ်ထက် နိမ့်ကျခဲ့တဲ့ စင်ကာပူနိုင်ငံဟာ မြန်မာနိုင်ငံကိုကျော်တက်သွားခဲ့ပါပြီ။ အဲဒီ နောက် ၁၉၈၀ လောက်မှာ ထိုင်းတို့၊ မလေးရှားတို့က ကျော်တက်သွားခဲ့ပြီ။

“စစ်အစိုးရအာဏာသိမ်းပြီးတဲ့ အချိန်ကနေစပြီး မြန်မာနိုင်ငံရဲ့ပညာရေးအဆင့်အတန်း ထိုးကျခဲ့ရာက နေကမ္ဘာ့စံသတ်မှတ်ချက်တွေကိုလဲ မရောက်နိုင်ခဲ့ဘူး။ စီးပွားရေးအောင်မြင်ချင်ရင် ရင်းနှီးမြှုပ်နှံရ သလို ပညာရေးစနစ်တစ်ခုအောင်မြင်ချင်ရင်လဲ ရင်းနှီးမြှုပ်နှံရပါတယ်။ ဒါပေမဲ့အစိုးရကိုယ်တိုင်က ပညာရေးအတွက် ရင်းနှီးမြှုပ်နှံမှုကို စိတ်မဝင်စားခဲ့ဘူး” ဟု ဗစ်တိုးရီးယားယူနီဗာစီတီကောလိပ်မှ နာယကဖြစ်သူ ဒေါက်တာနေဝင်းနိုင်ကပြောသည်။

တိုးတက်ပြောင်းလဲနေသောခေတ်ကို ပညာဖြင့်ဦးဆောင်နိုင်မှသာ နိုင်ငံ့ဖွံ့ဖြိုး တိုးတက်မည်ဖြစ် သည်။ နိုင်ငံတကာမှ ဥပမာတစ်ခုပေးရလျှင် ဒုတိယကမ္ဘာစစ်တွင် စစ်ရှုံးခဲ့သောဂျပန်နိုင်ငံသည် အဖက်ဖက်က နိမ့်ကျခဲ့ပြီး တိုင်းပြည်ကိုအစမှပြန်လည်ထူထောင်ခဲ့ရသည်။ ယင်းသို့ထူထောင်ရာတွင် ပညာရေးကို စနစ်တကျအကောင်အထည်ဖော်ပြီး နိုင်ငံကိုမြှင့်တင်ခဲ့ရာ ကမ္ဘာတွင်အချမ်းသာဆုံးနိုင်ငံ စာရင်းဝင်ခဲ့ ပေသည်။ သူတို့ပြုပြင်ပြောင်းလဲခဲ့ရတာကလဲ အလွယ်တကူပြုပြင်ပြောင်းလဲခဲ့ရတာ မဟုတ်ပါဘူး။ အခုမြန်မာနိုင်ငံပညာရေးစနစ် ပြုပြင်ပြောင်းလဲ သလို လေးကြိမ်လောက် အကြိမ်ကြိမ် ပြောင်းလဲခဲ့ပြီးမှ သူတို့နိုင်ငံရဲ့ ပညာရေးစနစ်ကောင်းခဲ့ရတာပါ။

ပညာရေးစနစ်တစ်ခုပြုပြင်ပြောင်းလဲရာတွင် အတွေးအခေါ်ဟောင်းများကို လက်ကိုင်ထားပြီး ပြောင်းလဲ လို့မရပါဘူး။ နိုင်ငံရေး အစွဲအမြင်တွေကြောင့် ပညာရေးကိုဘောင်ခတ်ထားတာမျိုးလဲ မဖြစ် သင့်ပါဘူး။ တရုတ်နိုင်ငံရဲ့ ဥပမာတစ်ခုကိုပေးရရင် တရုတ်နိုင်ငံမှာ ယဉ်ကျေးမှုတော်လှန်ရေး တစ်ခု ဖြစ်ပွားနေ တဲ့အချိန်မှာ ပညာရှင်တွေကနေ နိုင်ငံဖွံ့ဖြိုးတိုးတက်မယ့် ပညာရပ်တွေကိုချပြခဲ့တဲ့အခါ ပညာရှင်တွေ အရေးယူခံခဲ့ရပါတယ်။ ဆိုလိုတာက နိုင်ငံရေးအယူအဆတွေကြောင့် ပညာရေးကို လွဲမှားစွာ မကျင့်သုံးမိစေဖို့ပဲ ဖြစ်ပါတယ်။

“ရှေ့တိုးပေမယ့် နောက်ကကြိုးကိုဖြည်မပေးရင် ရှေ့ကိုမရောက်တော့ဘဲ ဒီနေရာမှာတင် တဝဲလည် လည်ဖြစ်နေတော့မယ်။ အုပ်ချုပ်ရေးအမြင်နဲ့ဆွဲခဲ့တဲ့ ဥပဒေတွေနဲ့ လက်ရှိပညာရေးကို ဆက်မသွား သင့်ဘူး” ဟု ဒေါက်တာနေဝင်းနိုင်က သုံးသပ်ပြောကြားသည်။

လက်ရှိပညာရှင်များရဲ့ လေ့လာချက်များအရ မြန်မာနိုင်ငံရဲ့ ပညာရေးထက် နိမ့်ကျနေဆဲဖြစ်တဲ့ နိုင်ငံဟာ ကမ္ဘောဒီးယားနိုင်ငံ တစ်နိုင်ငံလောက်ပဲ ရှိတော့တယ်လို့ သိရပါတယ်။ သို့သော်လဲ လက်ရှိ ကမ္ဘောဒီးယားနိုင်ငံရဲ့ ပညာရေးကိုအားပေးပြီး စနစ်တကျအကောင်အထည်ဖော်မှုတွေကြောင့် မကြာခင်မှာ ကမ္ဘောဒီးယားနိုင်ငံဟာလည်း မြန်မာနိုင်ငံကို မီလာတော့မှာဖြစ်ပါတယ်။

နိုင်ငံတကာအဆင့်မီ ပညာရေးစနစ်တစ်ခုဖြစ်ဖို့အတွက် အပေါ်ကပဲပြောင်းလဲနေလို့မရပါဘူး။ အဆင့်မြင့်ပညာကဏ္ဍမှာ တက္ကသိုလ်တွေကို လွတ်လပ်ခွင့်ပေးဖို့အတွက် တက္ကသိုလ်အချင်းချင်း လက်မှတ်ရေးထိုးတဲ့ကိစ္စတွေ၊ ပညာတော်သင်ကိစ္စတွေမှာ ဖြေလျှော့မှုတွေ ပေးထားတယ် ဆိုပေမယ့် အောင်ခြေမှာ ခွင့်ပန်ကြားပြီးပညာတော်သင် သွားခဲ့ကြတဲ့ဆရာ၊ ဆရာမတွေကို အလုပ်ဖြုတ်ပစ်ခဲ့တဲ့ ဖြစ်ရပ်တွေက ပြုပြင်ပြောင်းလဲမှုတွေလုပ်နေပါတယ်ဆိုတဲ့သူတွေ တကယ်ရောပြောင်းချင်ကြတာ ဟုတ်ရဲ့လားဆိုတာ မေးခွန်းထုတ်ရတော့မလိုပါပဲ။

မည်သို့ပင်ဆိုစေကာမူ အမျိုးသားပညာရေးဥပဒေက မကြာခင်ပြဋ္ဌာန်းတော့မှာပါ။ အဖွဲ့အစည်းတွေ ကန့်ကွက်လို့ ဆက်လက် အကောင်အထည်ဖော်ရင်တော့ ဒီဥပဒေကောင်းရင်လည်း စံရမှာဖြစ်သလို မကောင်းရင်လည်း ခံရတော့မှာပါ။ ဒါကြောင့်ဥပဒေပြဋ္ဌာန်းရင် ဒီဥပဒေဟာကျောင်းသားတွေ ဆရာတွေအတွက်အကျိုးရှိတဲ့၊ သူတို့လိုချင်နေတဲ့ ပညာရေးမျိုးဖြစ်လာဖို့ကိုပဲ ဆုတောင်းရတော့မှာ ဖြစ်ပါ တယ်။

Democracy Today Daily
အတွဲ(၁)၊ အမှတ်(၃၄)၊ ဧပြီ(၃) ရက်၊ ၂၀၁၄ ခုနှစ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...