နှလုံးတုအမျိုးအစားအသစ်ဖြင့် နှလုံးအစားထိုးခြင်းကို ပြင်သစ်တွင် အောင်မြင်စွာ ပြုလုပ်လိုက်ခြင်း


(Photo credit AP)

ပြင်သစ်ခွဲစိတ်ဆရာဝန်တွေက နှလုံးတုအမျိုးအစား အသစ်သုံးပြီး နှလုံးအစားထိုးခွဲစိတ်မှုနဲ့ နှလုံး အားနည်းနေတဲ့ အမျိုးသားတစ်ဦးကို ကုသပေးလိုက်ပါတယ်။ လူနာကို ၅ နှစ်လောက်အထိ အသက်ဆက်စေနိုင် မဲ့  နှလုံးအတု အမျိုးအစားအသစ်ကို ပထမဆုံး အစားထိုးလိုက်ခြင်း ဖြစ်ပါတယ်။

နာရီဓာတ်ခဲလို ဓာတ်ခဲမျိုးကို ကိုယ်ခန္တာအပြင်မှာတပ်ပြီး သုံးလို့ရတဲ့ နှလုံးအတုကို ပဲရစ်မြို့ Georges Pompidou ဆေးရုံမှာ လူနာကို ခွဲစိတ်ပြီး တပ်ဆင်ပေးလိုက်ပါတယ်။

အဲဒီနှလုံးအတုမှာ လူ့ကိုယ်ခန္တာက လက်မခံနိုင်မှုနည်းအောင် နွားတစ်သျှူးတွေ သုံးပြီးတော့ ထုတ်လုပ် ထားပါတယ်။ ခဏသာ သုံးလို့ရတဲ့ အရင်တုန်းက နှလုံးအတုတွေနဲ့ မတူတဲ့ အချက်ကတော့ ယခုနှလုံး အတုက ၅ နှစ်လောက်အထိ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ပြင်သစ် Carmat ဆေးဘက်ဆိုင်ရာဇီဝ ကုမ္ဗဏီတစ်ခုက ထုတ်တာဖြစ်ပါတယ်။ ပြင်သစ်ဆရာဝန်တွေရဲ့  အဆိုအရ နှလုံးတုအစားထိုးပြီး ကုသထားတဲ့ အမျိုးသားလူနာတစ်ဦးဟာ ခွဲစိတ်အပြီးမှာ သတိပြန်လည်ရပြီး ကျန်းမာနေပါတယ်တဲ့။

Carmat ကုမ္ဗဏီအမှုဆောင်အရာရှိချုပ် Marcello Conviti က “အခုခွဲစိတ်မှုဟာ တစ်ခါတည်းလုပ်ထား တာဖြစ်ပြီး ပြောဖို့ စောသေးပေမဲ့လည်း ကျနော်တို့အနေနဲ့ အရမ်းကို အားရပါတယ်” လို့ ပြောပါတယ်။

European Aeronautic Defence and Space Company (EADS) ကအင်ဂျင်နီယာတွေရဲ့  အကူအညီနဲ့ တီထွင်ထားတဲ့ နှလုံးအတုဟာ အလေးချိန် ၂ ပေါင်ရှိပြီး လူ့နှလုံးသားအစစ်ထက် ၃ ဆလောက်ပိုပြီးလေးပါ တယ်။ လူ့နှလုံးလိုပဲ သွေးညှစ်နိုင်ပြီး သွားလာလှုပ်ရှားတဲ့အခါ ပိုပြီး အလုပ်လုပ်ဖို့ ကွန်ပျူတာနဲ့ တုန့်ပြန်မှုတွေ လုပ်နိုင်ပါတယ်။ နှလုံးတုရဲ့  အတွင်းမှာတော့ သွေးခဲမှုတွေမဖြစ်အောင် လူ့သွေးတွေနဲ့ ထိတွေ့တဲ့ နံရံတွေကို တော့ နွားတစ်သျှူးတွေနဲ့ တည်ဆောက်ထားပါတယ်။

Carmat ကုမ္ဗဏီရဲ့  အဆိုအရ ဥရောပနဲ့ အမေရိကမှာ နှစ်စဉ် နှလုံးအစားထိုးဖို့ လိုတဲ့ လူဦးရေ တစ်သိန်းရှိပါတယ်။

နှလုံးအစားထိုးခွဲစိတ်မှုကို ပြုလုပ်တဲ့ Alain Carpentier က “ခွဲစိတ်မှုအောင်မြင်ရင် လူနာတွေဟာ ပုံမှန် သွားလာလှုပ်ရှားနိုင်ပြီး ဆေးတွေလည်း လိုအပ်တာ နည်းသွားပါမယ်” လို့ ဆိုပါတယ်။ “ဒီလိုအလားတူ စက်မျိုးတွေကို မြင်ဘူးပါတယ်။ ဒါပေမဲ့ ဒီနှလုံးတုလောက်တော့ မကောင်းပါဘူး။ ပိုပြီးလှုပ်ရှား သွားလာနိုင်ပြီး သွေးခဲတာလည်း နည်းပါတယ်” လို့လည်းပြောလိုက်ပါတယ်။

“ဒီသတင်းကတော့ ပြင်သစ်နိုင်ငံအတွက် အရမ်းကိုဂုဏ်ယူစရာပါပဲ” လို့ ပြင်သစ် ကျန်းမာရေးဝန်ကြီး Marisol Touraine က ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောလိုက်ပါတယ်။

Carmat ကုမ္ဗဏီက ပြင်သစ်အစိုးရဆီကနေ လူနာ ၄ ယောက်အထိ နှလုံးတု အစားထိုးဖို့ ခွင့်ပြုချက် ရထားပါတယ်။ လူနာအားလုံးဟာ နှလုံးအားနည်းမှု အဆိုးဆုံးအဆင့်ကို ရောက်နေသူတွေ ဖြစ်ပါ တယ်။ နှလုံးတုစက်တစ်လုံးကို ယူယို တစ်သိန်းခွဲဝန်းကျင်လောက်ဈေးရှိမယ်လို့ ခန့်မှန်းထားပြီး ၂၀၁၅ ခုနှစ်လောက်မှာ စပြီးကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

ကျန်းမာရွှင်လန်းကြပါစေ။

မြန်မာနှလုံးဖောင်ဒေးရှင်း

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...