အလိုရှိသည်...

ရွှေမြို့တော် တစ်ခွင်လုံးကား အုတ်အုတ်ကျက်ကျက်၊ လှုပ်လှုပ်ရွရွ၊ သောသော ညံညံဖြစ်နေ၏။ ပြေးကြ လွှားကြ၊ သယ်ကြ၊ ပိုးကြ၊ သိမ်းကြ၊ ဆည်းကြ၊ ဖျက်ကြ၊ ဖြိုကြနှင့် ကမ္ဘာစစ် ဖြစ်တော့မည့်အလား သောက ပွားလျက် ရှိ၏။ အားလုံး၏ မျက်နှာတွင် စိုးရိမ်ထိတ်လန့်မှုက အထင်းသား။ ဘယ်နေ့ ကိုယ့်အ လှည့် ရောက်လာမလဲ၊ ဘယ်အချိန် ဝုန်းဆို ပေါက်ချလာမလဲ၊ ဘယ်ပုံစံ ဝင်လာမလဲ ပူပင်တွေး များ တွေးပြီးရင်း တွေးနေမိကြ၏။



ညဆိုလည်း အိပ်ကောင်းခြင်း မအိပ်ကြရ။ ကြက်အိပ်၊ ကြက်နိုးသာ မှေးကြရသောကြောင့် မြို့တော်သူ၊ မြို့တော်သားအပေါင်း မျက်ကွင်းဟောက်ပက် ဖြစ်ကုန်ကြ၏။ မိမိတို့ အိမ်ဂေဟာတွင် ရှိသမျှ သံချက်များ ကို သေချာစွာ ပြန်စစ်ဆေးကာ ထပ်ရိုက်သင့်သည်များ ရိုက်၊ ပိုးသင့်သည်များပိုး၊ ကာသင့်သည်များကာ၊ ကျားကန်သင့်သည်များ ကျားကန်ကာ တော်ရုံတန်ရုံဖြင့် ဖြို၍ ဖျက်၍ မရစေရန် ချွေးတလုံးလုံး ပြုပြင်နေကြ ၏။ ဤမျှ ပူပန်တကြီး ပျာလောင်ခတ်နေကြခြင်းမှာ ဘဇာကြောင့်နည်းဟု မေးစရာရှိ၏။

အကြောင်းကား မဟောင်းဘဲ ထပ်ကျော့ကျော့ လာနေသည့် မြူနီစီပယ်လဒ (လင်းတ) အုပ်စု အန္တရာယ် ကို ကြောက်ဒူး တုန်နေကြသောကြောင့် ပင်တည်း။ ဟိုယခင် မဆလာထုပ်သူများ အုပ်စိုးစဉ်ကတော့ မြူနီ စီပယ် ဂဠုန်အဖွဲ့ကို ကြောက်နေကြရသည်။ ယခုကာလ တွင်တော့ ဂဠုန်အဖွဲ့အစား အခန့်သား နေရာ ဝင်ယူလာသည့် လင်းတအုပ်စုကို ကြောက်ရသည်။ သည်နေ့ခေတ် လင်းတများက အုပ်စုပိုတောင့်၏။ နင်ဂျာများ ကဲ့သို့လည်း အမှောင်ထဲတွင် ကောင်းစွာ လှုပ်ရှားနိုင်၏။ မည်သည့်အရာမဆို လျှပ်တစ်ပြက် အချိန်အတွင်းတွင် အလျင်အမြန် ဖြိုဖျက်နိုင်၏။ ဟန့်တားသူ ရှိပါက နှိမ်နင်းရန် ဝါးစိမ်းတုတ်များကိုလည်း ကျွမ်းကျင်စွာ အသုံးပြုတတ်၏။ သူတောင်းစား ဂိုဏ်းထံမှ ဝါးစိမ်းတုတ် သိုင်းပညာ သင်ထားသည်ဟုလည်း သတင်းကြားရ၏။ ထိုလဒ (လင်းတ) အုပ်စုကို ကြိုတင်သွေးပူ လေ့ကျင့်ခန်း ဆင်းသည့်အနေနှင့် ကျူးကျော်အိမ်ရာများ ဖျက်သိမ်းရာတွင် လက်တွေ့ ကွင်းဆင်းလေ့လာ သင်ယူခိုင်းထားကြောင်းလည်း အိုးမလုံ အုံပွင့်သော သတင်းရပ်ကွက်ထံမှ သိရ၏။ ထို့ကြောင့် လင်းတများ အတော်လေး လက်ယဉ်နေ သည့် သဘောရှိသည်။ ထိုလင်းတ အုပ်စုသည် တစ်လောလေးကပင် လုပ်ချင်ရာလုပ် ကွက်ကျား မိုး မြူနီစီပယ်ဥပဒေနှင့် မညီညွတ်ဟုဆိုကာ မြေသိမ်း၊ ယာသိမ်းခံရ၍ အိမ်တွင် ထမင်းပင် ချက်မစားနိုင်ဘဲ တူညီဝတ်စုံဝတ် ဆန္ဒပြနေသူများ၏ သပိတ်စခန်း တဲနန်းများကို ဝင်စီးပြီး အကုန် ဖျက်ဆီးပစ်ခဲ့သည်။ ဝင်ဖျက်သည့် အချိန်ကိုကြည့်ဦး။ ကုလားသေ ကုလားမော တခူးခူး တခေါခေါ ဟောက်ကာ အိပ်ပျော်နေ တတ်သည့် အချိန် မနက်သုံးနာရီ ဖြစ်၏။ ထိုသတင်းကို ကြားသိရသော ရွှေမြို့တော်နေသူ အပေါင်း ကြီးစွာ စိုးရိမ်သောက ဖြစ်ကြရ၏။ အကြောင်းကား ၎င်းတို့ အားလုံးလည်း ထိုလုပ်ချင်ရာလုပ် ကွက်ကျား မိုး မြူနီစီပယ်ဥပဒေနှင့် လွတ်ကင်းသော အရာမရှိ ဖြစ်နေသောကြောင့်တည်း။

မြို့လယ်ကောင် လမ်းအားလုံးရှိ ပလက်ဖောင်းသာမက ကားလမ်းတစ်ဝက် အထိပါ နေရာယူ ခင်းကျင်း ထား သည့် စက္ကူဆိုင်၊ ဖိတ်စာဆိုင်၊ တံဆိပ်တုံးဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင်၊ ပိုက်ဆိုင်၊ ကျူလီယာဆိုင်၊ အိမ်ဆောက်ပစ္စည်းဆိုင်၊ ဖက်ရှင်ဆိုင်၊ ဖုန်းအခွံဆိုင်၊ အိတ်ဆိုင်၊ မျက်မှန်ဆိုင်၊ ထီဆိုင်၊ ဈေးဆိုင်များရှင် မူဆာတို့၊ ဟာနစ်တို့၊ ပီချေးတို့၊ အကိန်းတို့၊ ထောင်ကဲ၊ ပေါက်ဖော်တို့ မျက်ခုံးလှုပ်၊ မုတ်ဆိတ်မွေး၊ နှုတ် ခမ်းမွေး လှုပ်နေကြ၏။ သူတို့ ဆိုင်များကိုလည်း ညကြီးအချိန်မတော် ဝင်စီးနင်းရင် ခက်ရချည့်ဟု တွေးကာ ပူနေကြခြင်း ဖြစ်၏။

၎င်းတို့ထက် ပိုပြီး နှလုံးတုန် ရင်တုန်နေကြသူများမှာ ပစ်စလက်ခတ် ပုံတော်သလိုဆောက် ကန်ထရိုက်တာ များ ဖြစ်၏။ ၎င်းတို့ တွံတေး တူးမြောင်းထဲက နွံခဲများနှင့် ရောထားသည့် ဘိလပ်မြေ အတုများများ၊ သဲများများဖြင့် ခိုအိမ်ကလေးများကဲ့သို့ ဆောက်ထားသည့် အကြောင်းက လင်းတများကို ရေများ များ လောင်းထားပြီးသား ဖြစ်၍ ကိစ္စမရှိ။ ကိစ္စရှိသည်က လမ်းမြေကို မြေညီထပ်တွင် ခိုးမရသောကြောင့် အပေါ်ထပ်များတွင် ဝရန်တာထုတ်ပြီး ခိုးထားသည်များ လမ်းနှင့် မလွတ်ဟုဆိုကာ ဖျက်ခိုင်းလျှင် ဒုက္ခော ဟု တွေးနေကြ၏။ ကန်ထရိုက်တိုက် မြေညီထပ် နေသူများလည်း မလွတ်။ ရင်မနေကြရသည်။ သူတို့ အခန်း မျက်နှာစာရှေ့ လမ်းမြေကို သူတို့ပိုင်သည် ထင်မှတ်ကာ အရံအတားများကာ၊ သစ်ပင်ငယ်၊ ပန်းပင်ငယ်များစိုက်၊ အချို့ အုတ်ခုံများပင် အကျအနတည်ကာ အပိုင်စီးထားသည်များကား စင်စစ်လုပ် ချင်ရာ လုပ်ကွက်ကျားမိုး မြူနီစီပယ်ဥပဒေနှင့် မလွတ်။

သည်လိုဆို ရွှေပြည်ကြီးအရှင် ကိုယ်တော်တိုင် ဖွဲ့တည်ပေးထားသည့် နပန်းလုံးသူများ အကြား ဖျန်ဖြေရေး ဌာနကြီး၏ ဆိုင်းဘုတ်လည်း ယင်းဥပဒေကြီးနှင့် မလွတ်လောက်။ ဆိုင်းဘုတ်ကို ကြည့်တော့ လူသွားလမ်း ပလက်ဖောင်း အလယ်တည့်တည့် ရောက်နေသည်။ သေချာသည်။ ကျောသား၊ ရင်သား မခွဲခြား သည့် မြူနီစီပယ် ဥပဒေကြီးရဲ့ စက်ကွင်းမှ ဒင်းလည်း လွတ်မည်မဟုတ်။

မိန်းမောမူးဝေ သောက်ဆေး၊ လိမ်းဆေး ဖြန့်ဖြူးရောင်းချသူဟု စွပ်စွဲခံထားရသည့် ပုဂ္ဂိုလ်ကျော်ကြီး ပိုင်ဆိုင် သည်ဟု ဆိုသည့် မြို့လယ်ကောင်က အသည်သားများ တည်းခိုရိပ်သာဆောင်ကြီးက လူသွားလမ်း ပလက်ဖောင်းကို ပေါ်ပေါ်တင်တင် ခိုးထားသည့် ကားပါကင်ကရော ထိုဥပဒေကြီး၏ လက်မှ လွတ်လမ်း မမြင်ချေ။

ထိုလမ်းမကြီးအတိုင်း ကမ်းနားဘက်သို့ ဆက်လျှောက်သော် ဆောက်လက်စ၊ လက်စသတ်စ ညီနောင် တာဝါ နှစ်ခုက အထက်ဆိုခဲ့ပါ တည်းခိုရိပ်သာ ဆောင်ကြီးထက် ပိုဆိုး၏။ ဒင်းတို့က ရွှေမြို့တော်နေ အများပြည်သူများ ပိုင်ဆိုင်သည့် လူသွားလမ်း၊ ယာဉ်သွားလမ်း နှစ်ခုစလုံးကို အုတ်နံရံ အသေပိတ်ပြီး အပိုင်စီးထား၏။ ဒင်းတို့ကိုလည်း မြူနီစီပယ် လင်းတဥပဒေကြီးရဲ့ စက်ကွင်း မမိစရာ အကြောင်းမရှိ။

မြို့လယ်ဧရိယာရှိ ခြောက်လမ်းသွား၊ လေးလမ်းသွား လမ်းမကြီးများပေါ်တွင် ကားမရပ်ရဟု ထုံးပေသီး များနှင့် ပေါင်းကာ လင်းတတို့ အမိန့်ထုတ်ထား၏။ သို့သော် ဖြူနီကျား ပလက်ဖောင်းများဘေး တွင် ကျောက်မျက်ရတနာ ပွဲစား၊ ရွှေပွဲစားတို့ နှစ်ထပ်သုံးထပ် ရပ်ထားသော ကားများပိတ်ကာ လမ်းလယ် ယာဉ်ကြောနှစ်ခုသာ တိုးတိုးဝှေ့ဝှေ့ မောင်းရသောကြောင့် မူလနာမည် ပျောက်ပြီး “ကားတွေပုံရာ” နာမည်ရ လမ်းလည်း သည်အတိုင်းဆို လင်းတဥပဒေနှင့် တွေ့ကိုတွေ့မည်။

သည်လိုဆို လူသွားလမ်း ပလက်ဖောင်းပေါ်တွင် ကျားထိုး၊ စစ်တုရင်ထိုး၊ တီဗီကြည့်၊ ဖုန်းထဲထည့်ထား သည့် ပုံများ၊ ဇာတ်ကားများ ကြည့်ပြီး အိပ်ငိုက်နေသူများ၊ ကားဆရာများနှင့် လက်ဝါးချင်း ရိုက်နေသူများ ခိုအောင်းရာ ဖြူနီကျား အိမ်သေးသေးလေးတွေကော အဲသည်ဥပဒေနှင့် လွတ်ပါလောဟု စောဒက တက်ဖို့ ပြင်သူက ပြင်ကြ၏။

သည်အတိုင်းဆို ရွှေမြို့တော်ကြီးတွင် နေထိုင်သူ အားလုံးသည် လင်းတဥပဒေနှင့် လွတ်စရာ အကြောင်း မရှိ။ ခက်သည်က လင်းတတို့က နေ့ခင်း မြင်မြင်ထင်ထင် မလာ။ ညဦးပိုင်းလည်း အသံမပြု။ တစ်နေကုန် ပင်ပန်းကာ လုံးဝ အိပ်မောကျနေမည့် အချိန်မျိုးမှာ ဘီလူးဆိုင်းတီးပြီး ပေါက်ချလာတတ်သည်။ သည်အ တိုင်း ဆိုပါက ရွှေမြို့တော် တစ်ခုလုံး စိစိညက်ညက် ကျေသွားနိုင်သည်။ မဖြစ်ချေ။ သည်အတိုင်းတော့ လုံးလုံး အဖြစ်ခံလို့မရ။ ဒင်းတို့ မလာခင် ကြိုသိနေအောင် လုပ်ရမည်။ သည်လိုဆို ၈၈ ကာလတွေတုန်း ကလို ကင်းပုန်းစောင့်ကြရမည်။

ကင်းပုန်းဝပ် စောင့်သူများကိုလည်း ရပ်ကွက်အလိုက်၊ လမ်းအလိုက် ရွေးကြရသည်။ မည်သို့သော အရည် အချင်း ရှိသူကို ရွေးချယ်ရန် တစ်ယောက်တစ်ပေါက် ဝင်အကြံပေးကြ၏။

မီးကင်းစောင့်သူနှင့် ညစောင့်လုပ်သူများကိုမူ မရွေးကြရန် တညီတညွတ်တည်း ကြိုတင် ကန့်ကွက်ထားကြ သည်။

တချို့က ဇွဲကောင်းသူကို ရွေးစေလို၏။ တချို့က ပိန်ပိန်သွယ်သွယ်၊ သွက်သွက်လက်လက်ရှိသူကို ရွေးခိုင်း သည်။ အပြေးမြန်မြန်သူကို ရွေးစေလိုသူလည်းရှိ၏။ တချို့က အသံကျယ်ကျယ် အော်ပြောနိုင်သူကို ဦးစားပေး ရွေးစေလိုသည်။

ရပ်ကွက်အတွင်းက လမ်းပေါ်တွင် ကလေးများကန်သည့် ပွဲမကျန် စီးရီးအေမှ ဇက်အထိ ဘောပွဲမှန်သမျှ မလွတ်တမ်း၊ မအိပ်တမ်း မျက်ခွံကို ဒေါက်ထောက်ကြည့်ရှု အားပေးတတ်သူများကို တာဝန်ပေးရန်လည်း ဝင်ပြောသူရှိ၏။ အချို့က ညည ဆိုင်ကယ်တစ်စီးနှင့် မအိပ်မနေ ဘော်ဒါကြေး လိုက်ကောက်သူများကို တာဝန်ပေးလိုကြသည်။ သို့သော် ၎င်းတို့မှာ တစ်ခါတစ်ရံ လင်းတများနှင့် အလိုတူအလိုပါများ ဖြစ်နေတတ် ၍ မရွေးရန် ကန့်ကွက်သူအချို့ ပေါ်လာ၏။ ညပိုင်း မုန့်ဖက်ထုပ်နှင့် ပြောင်းဖူးပြုတ်ရောင်းသူ ကလေးများ ကိုမူ အသက်မပြည့်သေးသောကြောင့် ဤမျှ ကြီးလေးသော တာဝန်ပေးရန် မသင့်ဟု တားမြစ်ကြ၏။ စိတ်ကြွဆေးသောက်၊ ဘီယာသောက်၊ အရက်သောက်ပြီး နိုက်ကလပ်တွင် ကင်းမြှီးကောက်ထောင်က၊ ထွန့်ထွန့်လူးက၊ မိကျောင်းသွားကကာ ၂၄ နာရီ ဖွင့်သော ဆိုင်များလှည့်ထိုင် ငွေဖြုန်းတီးနေသူ သကောင့် သားများကို အဆိုင်းချရန် ဆော်သြသူလည်း ရှိ၏။ ကွန်ပျူတာရှေ့ မထတမ်းထိုင်၊ စမတ်ဖုန်းကို မျက်စိနှင့် မခွာစတမ်း ကြည့်ပြီး ပွတ်ကာ၊ ပွတ်ကာ တစ်ညလုံး ဖွဘုတ်သုံးသူများကို ရွေးရန် အကြံပေးသူက ပေး၏။

ထိုသို့ အကြံပေး၊ ဆော်သြ၊ ဆန္ဒပြု၊ သဘောထားပေး၊ မှတ်ချက်ပြုသူတို့ တစ်ယောက်တစ်ပေါက် ဖြစ်ေ နသောကြောင့် မည်သူ့ကို ရွေးချယ်ရမည်မှန်း ဆုံးဖြတ်ရခက်ကာ နောက်ဆုံးတွင် ဖွဘုတ်မှတစ်ဆင့် ထိုက်သင့်သည့် လုပ်အားခပေးပြီး ဟိုဖွဆရာကြီးကဲ့သို့ အလိုရှိသည် ကြော်ငြာထည့်ခေါ်ရန် တညီတညာတည်း ဆုံးဖြတ်လိုက်ကြတော့၏။

“ရွှေမြို့တော်ကြီး အကျိုးအတွက် ညတစ်ညလုံး ကိုယ်ကျိုးစွန့် အနစ်နာခံကာ ရဲ့ရင့်ပြတ်သားစွာ မငိုက်မြည်းစတမ်း မြူနီစီပယ် လင်းတအုပ်စုအား ကင်းပုန်းဝပ် စောင့်ကြည့် သတိပေးနိုင်သူ အလိုရှိသည်” ဟူလို။

The Voice Weekly

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...