ပျောက်ဆုံးလေယာဉ် ရှာဖွေရေးလုပ်ငန်းတွေကို မလေးဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက်ကြည့်ရှု

မလေးရှား ၀န်ကြီးချုပ် နာဂျစ်ရာဇတ်ဟာ သြစတြေးလျနိုင်ငံအနောက်ပိုင်းက ပါသ်မြို့ကို ဧပြီ ၂ ရက်နေ့ မှာ ရောက်ရှိနေပါတယ်။

မလေးရှားလေယာဉ် အမ်အိတ်ခ်ျ ၃၇၀ ကို ရှာဖွေနေတဲ့ လုပ်ငန်းတွေကို ကိုယ်တိုင် ကိုယ်ကျ သွားကြည့် တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့အထိ နိုင်ငံ ၆ နိုင်ငံက စေလွှတ်ထားတဲ့ လေယာဉ် ၁၀ စင်းနဲ့ သင်္ဘော ၉ စင်းဟာ အိန္ဒိယသမုဒ္ဒရာထဲမှာ ရှာဖွေရေးလုပ်ငန်းတွေကို ဆက်လုပ်နေပါတယ်။


ဓာတ်ပုံ – ရိုက်တာ

လွန်ခဲ့တဲ့ မတ်လအတွင်းက ပျောက်ဆုံးနေတဲ့လေယာဉ်ဟာ အဲဒီ ရေပိုင်နက်မှာ ပျက်ကျသွားနိုးဆိုတဲ့ ယူဆချက်နဲ့ အခုထိ ရှာဖွေနေတာ ဖြစ်ပါတယ်။

မလေးရှား အရာရှိတွေဟာ လေယာဉ် စက်ချွတ်ယွင်းသွားသလားဆိုတာကိုလည်း ဘာမှ ရေရေရာရာ အဖြေမထွက်နိုင်သေးပါဘူး။

အခုထိ သက်သေတွေအရတော့ လေယာဉ်ဟာ နဂိုလမ်းကြောင်းကနေ သွေဖည်သွား တယ်ဆို တာလောက်ကိုပဲ ပြောနိုင်ကြပါတယ်။

လေယာဉ်ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကနေ တရုတ်နိုင်ငံ ဘေကျင်းကို ပျံသန်းခဲ့တဲ့ ခရီးစဉ် အတွင်း ၁ နာရီလောက်အတွင်းမှာပဲ အစအန ပျောက်ခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်ပေါ်မှာ ပေါ်သွားတဲ့ ခရီးသည် ၂၂၇ ယောက်ရဲ့ နောက်ကြောင်းရာဇ၀င်တွေကို စုံးစမ်းရေးမှူးတွေ က စစ်ဆေးခဲ့ပြီးနောက် ပြန်ပေးဆွဲနိုင်လောက်တဲ့ အထောက်အထားတွေ မတွေ့ခဲ့ပါဘူး၊

အခုတော့ လေယာဉ်ဝန်ထမ်းတွေရဲ့ အချက်အလက်နဲ့ ဖြစ်နိုင်ခြေတွေကို ဆက်လက် လေ့လာနေပါတယ်။

လောလောဆယ်မှာတော့ ရှာဖွေရေးလုပ်ငန်းတွေကို လှိုင်းကြမ်းလေကြမ်းတဲ့ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ ဆက်လုပ်ပြုလုပ်နေတာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံ ပါသ်မြို့ကနေ အနောက်ဘက် ၉၃၂ မိုင် အကွာအဝေးက ဧရိယာ စတုရန်း မိုင်ပေါင်း ၈ သောင်းခွဲမှာ ရှာဖွေနေတာပါ။

ရှာဖွေရေးလုပ်ငန်းတွေကို သွားကြည့်တဲ့ မလေးရှားဝန်ကြီးချုပ်ဟာ သြစတြေးလျ ၀န်ကြီးချုပ် တိုနီ အက်ဘောနဲ့ ဧပြီ ၃ ရက် ဒီနေ့ တွေ့ဆုံပြီးရင် ဗီယက်နမ်ကို ဆက်သွားဖို့ ရှိပါတယ်။

DVB News

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...