အသီးအရွက်စားခြင်းက အသက်ကြီးလာချိန်တွင် အမျိုးသမီးများကို ပိုမိုကျန်းမာစေ

အမျိုးသမီးများ အနေဖြင့် ဟင်းသီးဟင်းရွက်၊ သစ်သီးသစ်ဥများ များပြားစွာ စားသောက်ခြင်းဖြင့် နောက် ထပ် နှစ်ပေါင်း(၂၀)မျှ အကြာတွင် ၎င်းတို့၏ သွေးကြောများ မာကျောလာသည့် အခြေအနေကို ထင်ထင် ရှားရှား လျှော့ချပေးကြောင်း အမေရိကန် သုတေသီများက ပြောကြားခဲ့သည်။



ငယ်စဉ်က အသီးအနှံ၊ ဟင်းသီးဟင်းရွက် အများအပြား စားသောက်ခဲ့သည့် အမျိုးသမီးများ အနေဖြင့် အသက်အရွယ် ကြီးရင့်လာချိန်တွင် သာမန်ထက် ကျန်းမာရေး အခြေအနေ ပိုမိုကောင်းမွန်တတ်ကြောင်း သိရှိရသည်။ အမျိုးသမီးများ အနေဖြင့် ဟင်းသီးဟင်းရွက်၊ သစ်သီးသစ်ဥများ များပြားစွာ စားသောက်ခြင်းဖြင့် နောက်ထပ် နှစ်ပေါင်း(၂၀)မျှ အကြာတွင် ၎င်းတို့၏ သွေးကြောများ မာကျောလာသည့် အခြေအနေကို ထင်ထင်ရှားရှား လျှော့ချပေးကြောင်း အမေရိကန် သုတေသီများက ပြောကြားခဲ့သည်။ ထိုသို့ တားဆီးနိုင်သည့် အာနိသင်သည် နှလုံးကျန်းမာရေးအတွက် ကောင်းမွန်သော သက်ရောက်မှု မျိုး ဖြစ်ပေါ်စေသည်။ နားလည်ရန် ခက်ခဲသော အချက်မှာ ယင်းအကျိုးကျေးဇူးမျိုးကို အမျိုးသားများတွင် မတွေ့ရှိရခြင်း ဖြစ်သည်။

ထို့ကြောင့် သုတေသီများက နှလုံးကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများသည် လိင်ကွဲပြားမှုပေါ် အခြေခံ၍ မတူညီမှုများ ဖြစ်ပေါ်နိုင်ခြင်း ရှိမရှိ မေးခွန်းထုတ်နေကြသည်။ ယခုသုတေသန ရလဒ်သည် အမျိုးသား၊ အမျိုးသမီး (၂၅၀၈)ဦး၏ ကျန်းမာရေးဆိုင်ရာ မှတ်တမ်းများကို အခြေခံ လေ့လာခဲ့ခြင်း ဖြစ်သည်။ (၁၉၈၀)ပြည့်လွန် နှစ်များက လူငယ်လူရွယ်များအဖြစ် ရှိနေသူများ၏ ယနေ့လက်ရှိ အချိန်ထိ နေထိုင် စားသောက်မှု ပုံစံများကို ပြန်လည် လေ့လာကာ ဆန်းစစ်မှု ပြုလုပ်ခဲ့သည်။ အသက်(၂၀)ကျော် ဝန်းကျင်တွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးသစ်ဥများ အစားများခဲ့သည့် အမျိုးသမီးများသည် လက်ရှိ အနေအထားတွင် အခြားသူများထက် သွေးကြောများ မာကျောတောင့်တင်းလာမှု ဖြစ်နိုင်ခြေ (၄၀) ရာခိုင်နှုန်းကျော် နည်းပါးနေသည်ကို သုတေသီများက လက်တွေ့ ဖော်ထုတ်နိုင်ခဲ့သည်။



“ဒီတွေ့ရှိချက်က အစားအသောက်ရဲ့ ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုတွေဆိုတာ တစ်ဘဝလုံး အတိုင်း အတာထိ ရေရှည်တည်တံ့နိုင်တယ် ဆိုတာကို ပြသနေသလိုပါပဲ။ လူတွေအနေနဲ့ ငယ်စဉ်ကတည်းက ကျန်းမာရေးနဲ့ ကိုက်ညီမယ့် အစားအသောက်မျိုးကို ရွေးချယ်မှီဝဲသင့်ပါတယ်”ဟု ယခုသုတေသန စစ်တမ်း ကို ဦးဆောင်သည့် မင်နီယာပိုလစ် နှလုံးကျန်းမာရေးဌာနမှ ဦးဆောင်သုတေသီ မိုက်ကယ် မိုင်ဒီမာ က ပြောကြားခဲ့သည်။ ပညာရှင်များ အနေဖြင့် ယခုလေ့လာမှုမှတစ်ဆင့် အမျိုးသားများတွင်လည်း အလား တူ သက်ရောက်မှု ရှိသည်ဆိုသော ကောက်ချက်မျိုးကို အတည်မပြုနိုင်ခဲ့ချေ။

“တခြား လေ့လာမှု တချို့မှာတော့ အမျိုးသားတွေ အတွက်လည်း သစ်သီးသစ်ဥတွေ၊ ဟင်းသီး ဟင်းရွက်တွေ များများစားခြင်းဟာ ကောင်းကျိုးဖြစ်စေမယ်လို့ အဖြေထုတ်ခဲ့တာ တွေ့တယ်။ ကျွန်တော်တို့ရဲ့ လက်ရှိ သုတေသန ရလဒ်တွေအရတော့ ဇီဝဗေဒ နည်းလမ်းအရ အမျိုးသားတွေ အသက်ငယ်တုန်း အသီးအရွက် များများစားတဲ့အတွက် ကောင်းမွန်တဲ့ ရလဒ်တစ်ခုခု ဖြစ်ပေါ်နိုင်တယ် ဆိုတာမျိုး ရှာမတွေ့ခဲ့ပါဘူး”ဟု ဒေါက်တာ မိုင်ဒီမာက ဝန်ခံသွားသည်။

Planet Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...