ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'

ဆယ်ကျော်သက် ကောင်မလေးတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားတဲ့ လူငယ်အဆိုတော်လေး
ဘန်နီဖြိုးက သူ့ရဲ့ ဒုတိယမြောက်အခွေဖြစ်တဲ့ 'လူပျိုလှည့်တေး'ကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ
လထဲမှာ ဖြန့်ချိခဲ့ပြီး အခုချိန်ထိလည်း သူ့ သီချင်းသစ်တွေကို နေရာတော်တော်များများမှာ
ကြားနေရဆဲပါပဲ။

သူရဲ့ပထမတစ်ကိုယ်တော်ခွေ 'ချစ်တယ်ဟုတ်' ကိုတော့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ ထွက်ခဲ့
တာဖြစ်ပြီး အခွေမှာပါတဲ့ သီချင်းအတော်တော်များများက အွန်လိုင်း မှာဖြန့်ပြီးသားဖြစ်တာကြောင့်
အောင်မြင်ခဲ့တယ်ဆိုပေမယ့် စီးပွားရေးအရတော့ ပရိုဂျူဆာ က မအောင်မြင်ခဲ့ဘူးလို့ ဆိုရမှာပါ။

တစ်နှစ်နီးပါး အချိန်ယူပြီးမှ ထွက်ခဲ့တဲ့ ဒုတိယအခွေကိုတော့ ပရိသတ်များမျှော်လင့်ရရုံသာ
ပြောပြထားခဲ့ပြီး သီချင်းတွေကို ကြို ဖြန့်တာမျိုးတွေ မလုပ်ခဲ့တာကြောင့် အသစ်စက်စက်တွေလို့
ပြောလို့ရပါတယ်။

သူ့အခွေကာဗာကို မြင်လိုက်တာနဲ့ သဘောကျချင် စရာပါပဲ။ ေ

ရှးခေတ်ဓာတ်ပြားချပ်တွေရဲ့ ဒီဇိုင်းမျိုးတုထားပြီး ကာဗာကို ကြည့်တာနဲ့ ဘန်နီနဲ့အတူ
ဘယ်သူတွေက ပါဝင်သီဆိုထားတယ်ဆိုတာကို မြင်နိုင်သလို သီချင်းခေါင်းစဉ်တွေကလည်း
နောက်ကျောဘက်မှာ ပါပြီးသားပါ။

အခွေစဖွင့်ဖွင့်ချင်းမှာပဲ သူ့ရဲ့စီးရီးနာမည် 'လူပျိုလှည့်တေး'နဲ့ အစပြုထားပြီး ကောင်လေးက
ကောင်မလေးကို ပိုကြေးပန်းကြေးအနေနဲ့ ဆိုပြတဲ့ ပုံစံမျိုးလေးဖြစ်ပြီး အီလက်ထရိုပေါ့ပ်ပုံစံလေးနဲ့
ဘန်နီဖြိုးကလည်း ချစ်စရာကောင်းအောင် သီဆိုထားတာကြောင့် မြူးမြူးလေးနဲ့ ချစ်ဖို့ကောင်းတဲ့
သီချင်းလေးပါပဲ။

ဒုတိယမြောက်ကတော့ 'လမ်းခွဲကဗျာ' ဆိုတဲ့ အလွမ်းသီချင်းလေးပေါ့။

နာမည်မြင်လိုက်တာနဲ့ လွမ်းတော့မယ်ဆိုတာ သိနေတာမို့ ဘန်နီဖြိုးက သူ့ရဲ့ဆွေးမြေ့မြေ့
အသံလေးကို ဖြည့်စွက်လိုက်တာကြောင့် ပိုလွမ်းစရာကောင်းသွားသလိုပါပဲ။

သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ် နားထောင်ရင်း စာရေးသူ အကြိုက်တွေ့တာကတော့
'အလွမ်းတွေနဲ့ အဆွေးတွေနဲ့ ချစ်သူရယ် ဘယ်တော့များမှ နီးမှာလဲ' ဆိုတဲ့ အသံအား
ကောင်းကောင်းနဲ့ မိန်းကလေးအဆိုတော်ဖြစ်တဲ့ သီရိဆွေနဲ့အတူ သီဆိုထားတဲ့ 'ဘယ်တော့များမှ
နီးမှာလဲ' ဆိုတဲ့သီချင်းလေးပါ။

အဝေးရောက်နေတဲ့ ချစ်သူနှစ်ဦး တစ်ယောက်နဲ့ တစ်ယောက် ဆုံစည်းဖို့မျှော်လင့်နေတဲ့ ပုံစံလေး
ဖြစ်ပြီး သီရိဆွေအသံက အရမ်းမိုက်တာကြောင့် ဘန်နီဖြိုးနဲ့ လိုက်ဖက်ပါ့မလားလို့ စိုးရိမ်မိပေမယ့်
R&B သီချင်းကောင်းလေးတစ်ပုဒ် ဖြစ်အောင် အလိုက်ဖက်ဆုံး သီဆိုနိုင်တာကြောင့် တော်တယ်
လို့ပြောရမှာပါပဲ။

စိုင်းစိုင်းခမ်းလှိုင်၊ ကိကိတို့နဲ့ ဆိုထားတဲ့ 'မလွမ်းကြေး' ကတော့ ကောင်မလေးကို လမ်းခွဲပြီးတဲ့
နောက်မှာ ပြန်မလွမ်းဖို့ ပြောနေတာကို သူ့ရဲ့ 'လမ်းခွဲပြီးရင် မလွမ်းကြေး... မလွမ်းကြေး.. အခုမှ
လာလွတ်တဲ့ ငါးကကြီးနေလား... တော်စမ်းပါ ငါအရူးမဟုတ်ပါ.."ဆိုတဲ့ ဘန်နီရဲ့အဆိုတွေကို
စိုင်းစိုင်းနဲ့ ကိကိက ရက်ပ် မိုက်မိုက်တွေနဲ့ ပံ့ပိုးပေးနေတာမို့ ထားသွားခံရတဲ့ ကောင်လေးတွေ
ကတော့ ကြိုက်မှာပါ။

အလွမ်း၊ အဆွေး၊ အချစ်သီချင်းတွေကြားမှာ နောက်တစ်ပုဒ်ထူးခြားတာကတော့ နောက်တက်
ဟစ်ပ်ဟော့အဆိုတော် ငယ်ငယ်လေးတွေဖြစ်တဲ့ X Box, Lil Z၊ ASH တို့နဲ့ ဆိုထားတဲ့ 'I'm
Going Crazy' ကတော့ ရက်ပ်အမိုက်စားတွေနဲ့ ဟစ်ပ်ဟော့သီချင်း အမိုက်စားပါပဲ။

သီချင်း ၁၂ နှစ်ပုဒ်ပါဝင်တဲ့ ဒီအခွေလေးမှာ ဘန်နီဖြိုးနဲ့အတူ စိုင်းစိုင်းခမ်းလှိုင်၊ ကိကိ၊ သီရိဆွေ၊
X Box၊ ASH နဲ့ Lil Z တို့က Featuring ပါဝင်သီဆိုပေးထားတာပါ။

သီချင်းတွေကို ဘန်နီဖြိုး ကိုယ်တိုင် အများဆုံးရေးထားတာဖြစ်ပြီး စိုင်းစိုင်းခမ်းလှိုင်၊ ကိကိ၊ X Box,
Lil Z နဲ့ ASH တို့ကလည်း ပါဝင်ရေးစပ်ထားပါတယ်။

သီချင်းတွေအကုန်လုံး နီးပါးကတော့ နားထောင်ကောင်းပေမယ့် တချို့သီချင်းတွေက သံစဉ်တွေ
တူသလိုခံစားရပြီး အမြူးသီချင်းပြီးရင် အလွမ်းဖြစ်လိုက်၊ လွမ်းပြီးရင် မြူးလိုက်နဲ့မို့
နားထောင်ရင်းတော့ ဖီလင်က ဆန့်ငင်ငင်ပါပဲ။

တစ်ခွေလုံးအနေနဲ့ကတော့ အပြစ်ပြောစရာမရှိအောင် ဘန်နီဖြိုးရဲ့ ရင့်ကျက်ပြောင်းလဲလာမှုတွေကို
မြင်နိုင်မှာဖြစ်လို့ စာဖတ်ပရိသတ်ကြီးလည်း နားမထောင်ရသေးရင် နားထောင်ကြည့်ပြီး
ဝေဖန်ကြည့်ပါဦးလို့။

လွင်မာထွန်း
မြန်မာတိုင်း(မ်)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...