အရှေ့တောင်အာရှ လူလတ်တန်းစားနှင့် အပေါင်ဆိုင် ဈေးကွက်



စင်ကာပူမြို့ Bendemeer ဈေး ဝယ်စင်တာရှိအပေါင်ဆိုင်တစ်ခုတွင် Janani Amirthalinga တစ်ယောက် သမီးဖြစ်သူ ကျောင်းစရိတ်ပေးရန် အတွက် ရွှေလက်ကောက် တစ်ရံ၊ ရွှေ လက်စွပ်တစ်ကွင်းနှင့် ရွှေနား ကပ်တစ်ရံ ကို လာရောက်ပေါင်နှံနေပါသည်။

”ကျွန်မတို့ အိမ်လေးတစ်လုံး ဝယ်လိုက်တယ်လေ။ ဒါ့ကြောင့် ငွေအားလုံး အဲဒီအထဲပါသွားတာနဲ့” ဟု သူမက ပြောသည်။ အစိုးရအရာရှိတစ်ဦးအနေဖြင့် သူမ၏လ စဉ် ဝင်ငွေမှာ စင်ကာပူ ဒေါ်လာ ၃ဝဝဝ (ကန်ဒေါ်လာ ၂၄ဝဝ) ခန့်ရနေပြီး အမျိုးသားဖြစ်သူ၏ ဝင်ငွေလည်း ရှိနေသည့်တိုင်မိသားစုအတွက် မလုံလောက်ဟု သူမက ဆို သည်။

ဤကဲ့သို့သော ကိစ္စမျိုးသည် သူမတို့ မိသားစုတစ်စုတည်း ကြုံတွေ့နေရသည်မဟုတ်။ အိမ်ထောင်စုတစ်ခုချင်းစီက အိမ်၊ ခြံ၊ကားနှင့် အသုံးအဆောင်ပစ္စည်း များ ဝယ် ယူရာတွင် အစိုးရသို့မဟုတ် ပုဂ္ဂလိကဘဏ်များထံမှ ချေးယူအသုံးပြုထားသော အိမ်ထောင်စုချေးငွေပမာဏ မြင့်တက်လာသော အရှေ့တောင်အာရှဒေသတွင် ယင်း ကဲ့သို့ဖြေ ရှင်းပုံများကို နေရာအနှံ့တွင် နိစ္စဓူဝ တွေ့နေရသည်။

ထို့ကြောင့်ပင် သူမသွားခဲ့သော အပေါင်ဆိုင် Value Maxသည် ယခုအခါ စင်ကာပူ စတော့အိတ်ချိန်း ဈေးကွက်တွင် တတိယမြောက်အပေါင်ဆိုင်အဖြစ် စာရင်းဝင်ခဲ့ပြီဖြစ် သည်။ အပေါင်ဆိုင်တွင် ရွှေထည့်ပေါင်နှံ ခြင်းသည် ငွေအလျင်အမြန်ဖော်သည့် နည်းတစ်ခုသာမက အတိုးကလည်း ဘဏ်ချေးငွေလိုပင် အလွန်နည်းသည်။ စင်ကာပူရှိ အပေါင်ဆိုင်များမှာ နှစ်စဉ်အတိုးနှုန်းကို ၁၇ ကျပ်နှုန်းကောက်ခံနေပြီး ဈေးဝယ်စင်တာများတွင် ဘဏ်ခွဲများစွာ ဖွင့်လှစ်ထားသော United Oversea Bank ၏ အတိုးနှုန်း ၁၅ ဒသမ ၄ ကျပ်နှုန်းထက် အနည်းငယ်သာ ပိုများသည်။ ထို့ထက်ပို၍ အပေါင်ဆုံးများတွင် ပေါင်နှံရာ၌ အကြွေးစစ်ဆေးခြင်း၊ လစာဖော်ပြ ရခြင်းတို့ကို ပြုလုပ် ရန်မ လိုဘဲဘဏ်များထက်လျင်မြန်စွာ ငွေဖော်ပေးနိုင်သော အားသာချက်များလည်း ရှိနေရာ အပေါင်ဆိုင်လုပ် ငန်းများ အလျင်အမြန်ကြီး ထွားလာ နေသည်မှာ သဘာဝ ကျပါ သည်။

ထိုထိုကဲ့သို့သော အားသာချက်များအပြင် အရှေ့တောင်အာရှဒေသတွင် နေထိုင်မှုစရိတ်မြင့်တက် လာခြင်းနှင့် အိမ်ထောင်စုအတွက် ချေးငွေ ပမာဏ မြင့်တက် များပြား လာနေခြင်းတို့ကြောင့် လူသန်းပေါင်းများစွာတို့ အပေါင်ဆိုင်သို့ ခြေဦးလှည့်လာ ကြရသည်။ ကမ္ဘာလုံးချီ ငွေကြေး အကျပ်အတည်းကာလလွန်မြောက်ပြီးနောက် ငါးနှစ် ကာလအတွင်း အပေါင်ဆိုင်လုပ်ငန်းများက အရှိန်အဟုန်နှင့် ဖွံ့ဖြိုးလာခဲ့ကြသည်။ဈေးကွက် သုတေသနလုပ်ငန်း တစ်ခုဖြစ်သော Standard & Poor ၏ စာရင်း ဇယား အရ မလေးရှား၊ ထိုင်းနှင့် စင်ကာပူနိုင်ငံတို့သည် အာရှတွင် နိုင်ငံ ၏ဂျီဒီပီနှင့် အိမ်ထောင်စုချေးငွေ အချိုးအမြင့်ဆုံးနိုင်ငံများ ဖြစ်သည်။ မလေးရှား၏ အိမ်ထောင် စုချေးငွေ ပမာဏသည် နိုင်ငံဂျီဒီပီ၏ ၈ဝ ရာခိုင်နှုန်းအထိ ရှိလာပြီး ၂ဝဝ၈ ခုနှစ်က ၆ဝ ရာ ခိုင်နှုန်းထက် အလျင်အမြန် တိုးတက်လာသည်ကို တွေ့ရသည်။

ထို့အတူ ထိုင်းနိုင်ငံတွင်လည်း ပြည်ပ ပို့ကုန်လျော့ကျလာမှုနှင့် စားသုံးသူ ဝယ်လိုအား လျော့ကျလာပြီး အိမ်ထောင်စုအသုံးစရိတ် မြင့်တက်လာခြင်း အပေါ် စီးပွားရေး လုပ်ငန်းရှင်တို့က စိုးရိမ်ပူပန်နေကြသည်။ ”အိမ်ထောင်စုအသုံးစရိတ် မြင့်တက်လာတာနဲ့အမျှ ဝင်ငွေအလတ်စားနဲ့ အနိမ့်စားမိသားစုတွေဟာ ရနိုင်တဲ့ နေ ရာမှန် သမျှကနေ မိသားစုအသုံးစရိတ် ပြည့်ဖို့လုပ် လာတာကို တွေ့နေရတယ်” ဟု မလေးရှားဘဏ် CIMB မှစီးပွားရေးပညာရှင် Song Seng Wun ကဆိုသည်။

ရွှေကို အစဉ်အလာတန်ဖိုးထားကြသော အာရှဒေသတွင် မြင့်တက်လာသော ရွှေဈေးနှုန်းကြောင့် အပေါင်ဆိုင်သို့ မိသားစုပိုင် ရွှေထည်များ စီးဝင်လာပြီး ယင်းသည် ကြီးမားသော အပေါင် ဆိုင်ဈေးကွက် ကို ဖြစ်ပေါ်နေစေသည်။ စင်ကာပူနိုင်ငံတွင် အပေါင်ဆိုင် ရောက်ပစ္စည်းအားလုံး၏ ၇ဝ ရာခိုင်နှုန်း မှာ ရွှေထည်များဖြစ်သည်ဟု သိရ သည်။

”လူတွေက ပြောနေကြတယ်။ ရွှေ ဈေးကောင်းတယ်ပေါ့။ အဖွားရဲ့ရွှေထည်ကပို အပေါင်ဆိုင် ပို့ပြီး ငွေဖော်ရအောင်၊ နောက်လတော့ ပြန်ရွေးကြတာပေါ့ ဆိုတဲ့စကား သံက နေရာတိုင်းမှာ ကြားနေရတယ်” ဟု Mr. Song က ပြောသည်။ ထိုင်းနိုင်ငံတွင် အကြီးဆုံးအပေါင် ဆိုင်လုပ်ငန်းဖြစ်သော Easy Money သည်လည်း မကြာသေးခင် လများအ တွင်းက အပေါင်ခံပစ္စည်းပမာဏ ၂ဝ ရာခိုင်နှုန်းခန့် တိုးပွားလာကြောင်း စာ ရင်းဇယားများအရ သိရသည်။

ထိုကဲ့သို့သော ဈေးကွက်တောင်းဆိုမှုအရ စင်ကာပူတွင် ဆိုင်ခွဲ ၁၅ ခုဖွင့်လှစ်ထားပြီးဖြစ်သည့် Value Max က စင်ကာပူတွင်သာမက အခြားအာရှနိုင် ငံများ သို့ ဈေးကွက်ချဲ့ထွင်ရန် စီစဉ်နေသည်။ ထို့အတူ သုတေသနအလား အလာများအရ အာရှအပြင်ဘက်သို့ပါ ဈေးကွက်ချဲ့ထွင်ရန် အစီအစဉ်ရှိနေသည်ဟု Value Max အမှုဆောင်ညွှန် ကြားရေးမှူး Yeah Lee Ching က ပြောသည်။ ယင်းအတွက် စင်ကာပူ ဒေါ်လာ ၆၆ သန်းအသုံးပြုသွားမည်ဟု စင်ကာပူစတော့အိတ်ချိန်းစာရင်းသို့ တတိယမြောက် အပေါင်ဆိုင်လုပ်ငန်းအဖြစ် စာရင်းဝင်လာသော Value Max ကဆိုသည်။

တရားမဝင် အလွတ်ငွေတိုးပေး စားသူများက မြင့်သော အတိုးနှုန်းထား ကြောင့် အလုပ်မဖြစ်ဘဲ ဖြစ်နေကြ သည့် အချိန်တွင် အပေါင်ဆိုင်များကအလုပ် ဖြစ်နေကြသည်မှာ အတိုးနှုန်းသက်သာရုံမျှသာမ က နှစ်ထပ်တိုး ရယူခြင်း မရှိသည်ကလည်း ကြီးစွာသော အားသာချက်တစ်ရပ် ဖြစ်သည်ဟု ဆိုကြသည်။

”စားသုံးသူတွေက သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်းကိုအပေါင်ခံပြီး ငွေဖော်နေ ကြတယ်။ ဒီလိုကိုယ်ပိုင် ပစ္စည်းနဲ့ ငွေဖော်တာဟာ အိမ်ထောင်စုချေးငွေပမာ ဏကို မြင့်မလာစေဘူး” ဟု Ms Yeah ကဆို သည်။” အပေါင်ဆိုင်မှာ ပစ္စည်းပေါင် တာဟာ ရေတိုချေးငွေအတွက် စိတ်ချ လုံခြုံရတဲ့နည်းလမ်းတစ်ခုလို့ လူ့ အသိုင်းအဝိုင်းက လက်ခံလာကြပါပြီ” ဟု သူမက ပြောသည်။ အပေါင်ဆိုင်နှင့် ဆက်ဆံလာသူများ င် ငွေရေးကြေးရေး ကျပ်တည်း သူများသာမဟုတ်။ လူချမ်းသာများကပါ အပေါင်ဆိုင်နှင့် ဆက်ဆံလာကြ ပြီး အကြောင်းမှာ ရွှေထည်နှင့် ရိုးလက်စ်နာရီကဲ့သို့သော အဖိုးတန်ပစ္စည်းများ တန်ဖိုး၏ ၆ဝ ရာခိုင်နှုန်း အထိ ရယူနိုင်သောကြောင့်ဟု သိရသည်။

”အပေါင်ဆိုင်ကိုလာတာက လူမျိုးစုံပဲ။ ကြွယ်ဝတဲ့သူတွေကလည်း စီးပွားရေးလုပ်ငန်းစဖို့ ရေတိုချေးငွေ ရယူဖို့လာကြတယ်” ဟု Ms. Yeah က ဆိုသည်။”တချို့ လူတွေ ဆို ငွေဖော်ဖို့ တော် တော်လေးကို အလျင်စလို ဖြစ်နေတတ် ကြတယ်”ဟု သူမက ပြောသည်။

ကျော်ရဲလင်း
Ref: Pawnbrokers Shine in Singapore as middle class feel the pinch.
Popular News Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...