အရိုးကောက်ချင်သူများ



(၁)

၁၉၉၀ပြည့်နှစ် မတ်လ ၃ ရက် ဖြစ်ပါသည်။ ဈာပနတစ်ခုတွင် ရုပ်ခန္ဓာတစ်ခုကို အနည်းငယ်သော လူတစ်စုက ထမ်းပိုးသယ်ယူလျက်မြေမြှုပ် သင်္ဂြိုဟ်ခဲ့ကြပါသည်။ ကွယ်လွန်သူအတွက် ခေတ်ကာလ အခြေအနေက မျက်နှာသာမပေးခဲ့ဟု ဆိုပါသည်။ နီးစပ်သည့် ကျန်ရစ်သူများမှာလည်း ငွေကြေးမတတ်နိုင် သည့် အချိန် ဟု ပြောပြပါသည်။ ဒီလိုနှင့် ကွယ်လွန်သူ၏ သမိုင်းစာမျက်နှာတွင် ‘မထင်မရှား ကွယ်လွန်ခဲ့ သည်’ ဟူ၍သာ အဆုံးသတ်မှတ် တမ်းပြုခံရလေ့ရှိကြပါသည်။

နေရာမှာ မေမြို့(ယခုပြင်ဦး လွင်)အပိုင် အနီးစခန်းနှင့် မလှမ်း မကမ်းမှာရှိသည့် ကျွဲနွားထောက် ကျေးရွာ တွင် ဖြစ်ပါသည်။ ကွယ်လွန်သူမှာ ထိုဒေသခံမဟုတ်သည့်အတွက် ရပ်ရွာက အသုံးပြုသော သုသာန်တွင် သင်္ဂြိုဟ်ခွင့်မရခဲ့ဟု သိရပါသည်။ ထို့ကြောင့် ရွာနှင့် ပို၍ဝေးသော ဧည့်သုသာန်ဟုဆို ရမည့် နေရာ တွင် ပြုလုပ်ခဲ့ကြရ ပါသည်။ အသုဘကို ကမကထ လုပ်ပေးခဲ့သူတစ်ဦးမှာ ယခုအခါ အသက်ကိုးဆယ် နီးပါးရှိနေပြီဟု သိရပါသည်။ ကျန်းမာရေး ကောင်းမွန်စွာဖြင့် ထိုရွာတွင် နေထိုင်လျက်ရှိနေပါသေးသည်။

(၂)

ကွယ်လွန်သူမှာ ‘‘သခင်လေးမောင်’’ ဖြစ်ပါသည်။ အသက်(၈၀)နှစ်နှင့် တစ်လအရွယ် ဖြစ်ပါသည်။ သူ၏ဇာတိမှာ မုံရွာအနီး ချောင်းဦးမြို့နယ်ရှိ အမြင့်မြို့ဟောင်း ဖြစ်ပါသည်။ သခင်လေးမောင်ကို အဘ ကုန်သည် ဦးဖိုးထွန်း၊ အမိဒေါ်တင့် တို့က ၁၉၁၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် ဖွားမြင်ခဲ့ခြင်း ဖြစ်ပါ သည်။ မွေးချင်းခုနစ်ယောက်တွင် တတိယမြောက်ဖြစ်ပါသည်။

အမြင့်ရွာကျောင်းမှ စတုတ္ထ တန်းအောင်သည်။ စကောလား ရှစ်ရသည်။ စစ်ကိုင်းအစိုးရ အထက် တန်းကျောင်းမှ ၁၉၂၈ ခုနှစ် တွင် ဆယ်တန်းအောင်သည်။ မန္တလေးဥပစာကောလိပ်နှင့် ရန်ကုန် တက္ကသိုလ်များတွင် ပညာသင်ယူခဲ့သည်။ ၁၉၃၂ ခုနှစ်တွင် B.Sc ဘွဲ့ရခဲ့သော်လည်း ကျွန်ပညာရေးကို ဆန့် ကျင်၍ ဘွဲ့ကိုစွန့်ခဲ့သည်။

(၃)

‘‘ဗမာပြည်သည် တို့ပြည်၊ ဗမာစာသည် တို့စာ၊ ဗမာစကား သည် တို့စကား၊ တို့ပြည်ကို ချစ် ပါ၊ တို့စာကို ချီးမြှင့်ပါ၊ တို့စကား ကို လေးစားပါ’’ ဟူသည့် ကျွန် ခေတ်အတွင်း အမျိုးသားရေး ကြွေးကြော်သံများသည် ၁၉၃၀ ပြည့်နှစ် မေလတွင် ပေါ်ထွက်ခဲ့ ပါသည်။ သခင်ဘသောင်းနှင့် တကွ မျိုးချစ်လူငယ်များ တည် ထောင် ထားသည့် တို့ဗမာအစည်း အရုံးကြီးက ထုတ်ပြန်သော ကြေ ညာစာတမ်းတွင် ထည့်သွင်းဖော် ပြ ခဲ့ခြင်း ဖြစ်ပါသည်။

လွတ်လပ်ရေးအတွက် အမျိုးသားဇာတိမာန်ကို လှုံ့ဆော် စည်းရုံးကြပြီး တိုက်ပွဲဝင်အရေး ဆိုရန် ဆုံးဖြတ်ခဲ့ကြသည်။ ပြတ် သားရဲရင့်၍ တိကျခိုင်မာသော အမျိုးသားရေးဝါဒတစ်ခု တီထွင် ရမည်ဟု ယုံကြည်ခဲ့ကြသည်။ ဤတွင် တို့ဗမာအစည်းအရုံး ခေါင်းဆောင်များနှင့် ၀ိုင်အမ်ဘီ သခင်တင်တို့ လက်တွဲမိပြီး နိုင်ငံကျော်တို့ဗမာသီချင်း ရေးစပ်ခဲ့ကြသည်။

တက္ကသိုလ် ဘာသာပြန် နည်းပြဆရာ သခင်ဘသောင်း၊ သင်္ချာနည်းပြ ဆရာဦးထွန်းစိန်၊ မြန်မာစာ နည်းပြဦးညွန့်၊ ကျောင်း သားကိုနုတို့ တိုင်ပင်ကာ ကျောင်း သားထုရှေ့မှောက်တွင် သီဆို တင်ပြရန် စီစဉ်ကြသည်။ ၁၉၃၀ ပြည့်နှစ် ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ညတွင် သထုံဆောင် သဟာယစာဖတ်ခန်း၌ ပထမဆုံးသီဆိုပြ ကြသည်။ ကျောင်းသားများခန်းလုံးပြည့်တက်ရောက်ခဲ့သည် ဟု ဆိုပါသည်။

ထိုအထဲတွင် ပဲခူးဆောင်မှ ကိုလေးမောင်၊ ပုဂံဆောင်မှ ကိုဗစိန်စသည့် ကျောင်းသားကြီး အချို့ပါဝင်ခဲ့ကြသ ည်။ သူတို့နှစ် ဦးသည် မကြာမီတွင် ‘သခင်’ဘွဲ့ခံ ယူကာ တို့ဗမာအစည်းအရုံး၏ ရှေ့တန်းခေါင်းဆောင် များ ဖြစ် လာခဲ့သည်။ ကျောင်းသားဘ၀ ဖြင့် တို့ဗမာအစည်းအရုံးဝင် သခင်ဖြစ်လာသော ပထမဆုံး ပုဂ္ဂိုလ်နှစ်ဦးဟု သိရပါသည်။

(၄)

၁၉၃၀ ပြည့်နှစ် စက်တင် ဘာလတွင် ရွှေတိဂုံကုန်းတော် အ နောက်ဘက် အလယ်ပစ္စယံမှာ ကျောင်း သားပေါင်းစုံနှင့် လူငယ် ပေါင်းစုံ အစည်းအဝေးကြီး ကျင်းပခဲ့သည်။ ကျောင်းသားလူငယ် ၅၀၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ အမျိုးသားရေးနှင့် စီးပွားရေး၊ လူမှုရေးတို့ကို ဆောင်ရွက်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်များအစည်းအရုံးကြီး ဖွဲ့စည်းခဲ့ကြသည်။ သခင်လေးမောင်သည်အမှုဆောင်အဖြစ် ပါဝင်ခဲ့သည်။

တက္ကသိုလ် နောက်ဆုံးနှစ် ပြီးချိန်တွင် မုံရွာအမျိုးသားကျောင်း ၌ ဆရာအဖြစ် ခေတ္တမျှလုပ်ခဲ့ သေးသည်။ သခင်လေးမောင် သည် လူငယ်များစည်းရုံးရေးအ တွက် ၁၉၃၂ ခုနှစ် ဒီဇင်ဘာလမှစ၍ အချိန်ပြည့် တာဝန်ယူခဲ့သည်။ တို့ ဗမာဝါဒဖြန့်ချိရေး၊ လူငယ်အ သင်းခွဲများ ဖွင့်လှစ်ရေးအတွက် နိုင်ငံအနှံ့ ဟောပြော စည်းရုံးရေး များတွင် ပါဝင်ခဲ့သည်။ ၁၉၃၄ ခုနှစ် ဇွန်လ ၁၆ ရက်တွင် အဖမ်း ခံခဲ့ရပြီး မန္တလေးထောင်၌ သုံးလ ချထားခြင်း ခံခဲ့ရသည်။

ပထမအကြိမ် တို့ဗမာအ စည်းအရုံးနှင့် မြန်မာနိုင်ငံလုံးဆိုင် ရာ လူငယ်များအသင်းညီလာခံ ကို ၁၉၃၅ ခုနှစ် မတ်လ ၃၀ ရက် မှစကာ နှစ်ရက်ကြာကျင်းပခဲ့ သည်။ ရေနံချောင်းမြို့ လယ်ပေါ် တန်ဆောင်းတွင် ပြုလုပ် ခဲ့ခြင်း ဖြစ်သည်။ ထိုညီလာခံတွင် ဌာနချုပ် အလုပ်အမှုဆောင်များကိုတင်မြှောက်ရာ သခင်လေးမောင် သည် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေး ချယ်ခံရသည်။

၁၉၃၅ ခုနှစ် ဇူလိုင် ၆ ရက် တွင် အိန္ဒိယနိုင်ငံသို့သွားခဲ့သည်။ မန္တလေးထောင်၌ သိကျွမ်းခဲ့သည့် သတင်းစာ ဆရာ Shri Hari Rau ၏ ဖိတ်ခေါ်ချက်ဖြင့် ဖြစ်သည်။ အိန္ဒိယတွင် ရောက်နှင့်နေသော ဆရာတော် ဦးဥတ္တမထံ တွေ့ဆုံ ကန်တော့ခဲ့သည်။ အိန္ဒိယတွင် နိုင်ငံရေးမိတ်ဆက်အဖြစ် လေ့လာမှုများစွာ ပြုလုပ်ခွင့် ရခဲ့သည်။ ဒီဇင်ဘာတွင် မြန်မာနိုင်ငံသို့ ပြန် ရောက်ခဲ့သည်။

ရန်ကုန်တက္ကသိုလ်ကျောင်း သားထုနှင့် တို့ဗမာအစည်းအရုံး ပို၍ရင်းနှီးလာသည်။ တက္ကသိုလ် ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ ကိုနု အား ကျောင်းမှထုတ်ပယ်ခြင်း၊ အိုးဝေမဂ္ဂဇင်းအယ်ဒီတာ ကိုအောင်ဆန်းအား ကျောင်း ထုတ်မည်ဟု တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့က ခြိမ်းခြောက်ခြင်းများ သည် ဒုတိယအကြိမ် တက္ကသိုလ် ကျောင်းသားသပိတ်ကြီးကို ဦး တည်ပေါ်ပေါက်စေခဲ့ပါသည်။ ဗဟိုကျောင်းသား သပိတ် စောင့် ရှောက်ရေးကော်မတီတွင် တို့ ဗမာအစည်းအရုံး ကိုယ်စားလှယ် အဖြစ် သခင်လေးမောင် ပါဝင် ဆောင်ရွက်ခဲ့ပါသည်။

၁၉၃၆ ခုနှစ် ဇွန်လ ၂၇ ရက် တွင် မြင်းခြံမြို့၌ ဒုတိယအကြိမ် ညီလာခံကို ကျင်းပခဲ့ကြသည်။ အစည်းအရုံး ဥက္ကဋ္ဌအဖြစ် သခင် လေးမောင်အား တာဝန်ပေးခံရ သည်။ ထိုညီလာခံတွင် ဥက္ကဋ္ဌမိန့် ခွန်းအဖြစ် သခင်လေးမောင်က ဆိုရှယ်လစ်ဝါဒကို ပထမဆုံး တရားဝင်ဟောပြောခဲ့သည်။ ၉၁ ဌာနအုပ်ချုပ်ရေးကို ဆန့်ကျင်ဦး ဆောင်ခဲ့သည်။ ၁၉၃၆ ခုနှစ် (၁၆)ကြိမ်မြောက် အမျိုးသား အောင်ပွဲနေ့တွင် တို့ဗမာအစည်း အရုံးဥက္ကဋ္ဌကိုယ်တိုင် တရားဟောပြောခွင့်ရခဲ့သည်။

မန္တလေးမြို့ ဗဟိုအမျိုးသား ကျောင်းတွင် ကျင်းပသော ဗကသညီလာခံကို တက်ရောက်ကူညီခဲ့ သည်။ ထိုညီလာခံသို့ အိန္ဒိယကွန် ဂရက် ခေါင်းဆောင် နေရူးနှင့် သမီးတို့တက်ရောက်ခဲ့သည်။ ၁၉၃၇ ခုနှစ် မတ်လ ၉ ရက်နှင့် ၁၀ ရက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

သခင်လေးမောင်သည် ပဲခူး တိုင်းနှင့် ရခိုင်ပြည်တို့တွင် ရေ ဘေးသင့်ကယ်ဆယ်ရေး များ ဆောင်ရွက်ခဲ့ သည်။ ရခိုင်ပြည် တွင် တို့ဗမာတရားပွဲများ ကျင်းပ ခဲ့သည်။ ရခိုင်ပြည်လုံးဆိုင်ရာ လူငယ်များ ဖိတ်ကြားချက် အရ မင်း ပြားညီလာခံသို့ တက်ရောက်ခဲ့ သည်။ ၁၉၃၈ ခုနှစ် ပြည်မြို့ တတိယအကြိမ် တို့ဗမာအစည်း အရုံးညီလာခံတွင် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ အထွေထွေအ တွင်းရေးမှူးအဖြစ် လွှဲပြောင်း ထမ်းဆောင်ခဲ့ သည်။

၁၉၃၈ ခုနှစ် ဧပြီလ ရေနံ ချောင်း ရေနံမြေသပိတ်တွင် တရားဟောခဲ့သည်။ ဇွန်လ ၈ ရက်တွင် အဖမ်းခံခဲ့ရ သည်။ ဒီဇင်ဘာ ၃၁ ရက်တွင် အင်းစိန်ထောင် မှ လွတ်လာခဲ့သည်။ တို့ဗမာအ စည်းအရုံး နှစ်ခြမ်းကွဲနေ ချိန် ဖြစ် သည်။ ဆရာကြီးသခင်ကိုယ် တော်မှိုင်း ဦးဆောင်မှုအောက် တွင် ဌာနချုပ်အလုပ်အမှုဆောင် ၀ါဒပြန့်ပွားရေး တာဝန်ခံအဖြစ် ခန့်အပ်ခံရသည်။

၁၃၀၀ ပြည့် အရေးတော်ပုံ အတွင်း ပထမအကြိမ် ဗမာနိုင်ငံ လုံးဆိုင်ရာ အလုပ်သမားအစည်း အရုံးဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံ ရသည်။ ၁၉၃၉ ခုနှစ် ဧပြီလ ၇-၁၀ ရက်တွင် တို့ဗမာအစည်း အရုံး၏ စတုတ္ထအကြိမ်ညီလာခံ ကို မော်လမြိုင်မြို့ မိုင်ဒါကွင်း၌ ပြုလုပ်ခဲ့သည်။ သခင်လေးမောင် သည် ပြန်ကြားရေးဌာနမှူးဖြစ် လာပြီး သခင်အောင်ဆန်းမှာ အ တွင်းရေးမှူးဖြစ်လာသည်။ ဗမာ့ ထွက်ရပ်ဂိုဏ်း စည်းမျဉ်းရေးဆွဲ ရေး အဖွဲ့ဝင်အဖြစ် သခင်လေး မောင်ပါဝင်ခဲ့သည်။

၁၉၄၀ ပြည့်နှစ် သာယာဝတီ-သုံးဆယ်ကြား အမျိုးသား ကျောင်းတွင် ကျင်းပသော တို့ဗမာအစည်းအရုံး၏ ပဉ္စမအကြိမ် ညီလာခံ၌ ဥက္ကဋ္ဌအဖြစ် ဒုတိယ အကြိမ် ရွေးချယ်ခံရသည်။ ထိုနှစ် ဇွန်လ ၂၄ ရက်တွင် သခင်သန်း ထွန်းနှင့်အတူ အကျဉ်းချခံရသည်။ဒုတိယကမ္ဘာစစ်ကြီး ပြင်းထန်လာချိန်တွင် အင်းစိန်ထောင်မှ မုံရွာထောင်သို့ ရောက်ခဲ့ရသည်။

ဂျပန်ခေတ် ဒေါက်တာ ဘမော်အစိုးရအဖွဲ့ ၁၉၄၃-၄၅ တွင်လမ်းပန်းဆက်သွယ်ရေးနှင့် ဆည်မြောင်း ၀န်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ ရခိုင်တော်လှန်ရေးဆရာတော်ဦးစိန္တာလွတ်မြောက်ရေးတောင်းဆိုမှုဖြင့် ၁၉၄၇ ခုနှစ်ဇွန်လတွင် ဖမ်းဆီးခံရပြန်သည်။ ထို့နောက် ဖဆပလ အစိုးရ အတိုက်အခံအဖြစ် ရပ်တည်ခဲ့ သည်။ အလံနီပါတီနှင့် ဆက်သွယ်မှုဖြင့် ၁၉၄၈ ခုနှစ်ဇန်န၀ါရီ ၂၄ ရက်တွင် ထပ်မံဖမ်းဆီးခံရသည်။

အလုပ်သမားပါတီ (၁၉၅၀- ၅၉)၊ ပမညတ တပ်ပေါင်းစု (၁၉၅၅-၆၂)၊ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် -မြန်မာပြည် (၁၉၅၅-၅၉) များတွင် ပါဝင်လှုပ်ရှားခဲ့ သည်။ ၁၉၆၃ ခုနှစ်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပျက်သွားပြီး အစိုးရ၏ အကျဉ်းချခံရသည်။ (၁၉၆၈-၆၉)တွင် တော်လှန်ရေးကောင်စီ၏ ဖိတ်ခေါ်ချက် အရ ၀ိဓူရသခင် ချစ်မောင်၊သခင်လွင်တို့နှင့်အတူ ဆိုရှယ်လစ်ဒီမိုကရေစီလမ်းစဉ်ကို လက်ခံစာတမ်းတင်သွင်းခဲ့ သည်။

သြစတြီးယား ကမ္ဘာ့ငြိမ်း ချမ်းရေးကွန်ဂရက် ၁၉၄၉ ၊ ဆို ဗီယက်၊ တရုတ် ၁၉၅၁၊ ဘာလင် ကမ္ဘာ့ငြိမ်း ချမ်းရေး ကွန်ဂရက် ၁၉၅၄၊ ဟဲလ်စင်ကီ ကမ္ဘာ့ငြိမ်း ချမ်းရေးညီလာခံ ၁၉၅၅၊ စတော့ ဟုမ်းလက်နက် ဖျက်သိမ်းရေး ညီ လာခံ ၁၉၅၈ များသို့ တက်ရောက် ခဲ့သည်။ စာအုပ်များ ရေးသားခဲ့ သည်။ အနုပညာ စာပေဆိုင်ရာဆု (ယခင် စာပေဗိမာန်ဆု) နိုင်ငံရေး စာပေဒုတိယဆုရရှိခဲ့သည်။

၁၉၇၆ တွင် ‘မှိုင်းရာပြည့်’ လှုပ်ရှားမှုဖြင့် ထိန်းသိမ်းခံခဲ့ရ သည်။ ဗဟိုတို့ဗမာအစည်းအရုံး သမိုင်းပြုစုရေး သဘာပတိများ တွင် ပါဝင်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမအဆင့်)ချီးမြှင့်ခံရသည်။ ထို့နောက်ပိုင်းတွင် သခင်ချစ်မောင်၏ ကျေးဇူးဖြင့် ရန်ကင်း ၁၂ လုံးတန်း၊ တိုက်အမှတ် ၂၁၇၊ အခန်း ၁၂ တွင် နေထိုင်ခဲ့ရကြောင်း သခင်လေးမောင်၏တူ ဖြစ်သူ ဦးကျောက်ခဲက ပြောပြပါသည်။ ကျန်းမာရေး မကောင်းခြင်းနှင့် ရန်ကုန်တွင် ဆက်လက်နေထိုင်ရန်အဆင်မပြေခြင်းတို့ကြောင့် ၁၉၉၀ပြည့်နှစ် လွတ်လပ်ရေးနေ့တွင် ပြင်ဦးလွင်သို့ ခေါ်ဆောင်ခဲ့သည်ဟု ဆိုပါသည်။

သခင်လေးမောင်သည် ၁၉၆၆ ခုနှစ် ၀န်းကျင်က ကျွဲနွား ထောက်ရွာအနီးတွင် ခြံမြေအ ဖြစ် ခုတ်ထွင် ရှင်းလင်းခဲ့ကြောင်း၊ ယခုအခါ ထိုခြံမြေသည် အမှတ် (၁)သံမဏိစက်ရုံဝင်း (ယခုကာ ကွယ်ရေး ပစ္စည်းစက်ရုံ)ဧရိယာ တွင် တည်ရှိနေကြောင်း သိရပါ သည်။ ကျွဲနွားထောက်ရွာရှိ ဦးကျောက်ခဲ ၏ ယောက္ခမများပိုင် သော စကားဝါခြံတွင် နေထိုင်ရင်း ၁၉၉၀ ပြည့်နှစ် မတ်လ ၃ ရက် တွင် ကွယ်လွန်ခဲ့ကြောင်း သခင် လေးမောင်၏ နိဂုံးချုပ်ဈာပနမှာ လူမသိ၊ သူမသိ ဖြစ်ခဲ့ရကြောင်း ပြောပြပါသည်။

‘‘တိုက်တိုက်ဆိုင်ဆိုင်ဗျာ။ ဒီနေ့ပဲ အိမ်ကို Sky Net လာဆင် ပေးသွားတယ်။ ကျွန်တော့်လိပ် စာအတိုင်း သူတို့ရုံးချုပ်က တပ် ဆင်ပေးဖို့ ညွှန်ကြားလို့ လာပြီး တပ်ကြတာလို့ ပြောတယ်။ အ လှူရှင်အတိအကျတော့ မသိရ သေးဘူး။ ရန်ကုန်မှာရှိတဲ့ သခင်၊သခင်မ အဆက်အနွယ်များရဲ့ အစီအမံလို့ ထင်ပါတယ်။ ဒါက သခင်လေးမောင် ကွယ်လွန်အပြီး ၂၄ နှစ်ကျော်ကြာတဲ့အချိန်မှာ ပထမဦးဆုံး အသိအမှတ်ပြုမှုတစ် ခုပါ’’ဟု ဦးကျောက်ခဲက ဧပြီလ ၄ ရက်ညက ပြောပြပါသည်။

‘‘သခင်လေးမောင်နဲ့ အိုးဝေ ဦးညိုမြတို့က အမြင့်သားတွေပါ။ အခုဧပြီ ၁၀ ရက်မှာ ဦးညိုမြ နှစ်တစ်ရာပြည့် ပါတယ်။ ဧပြီ ၈ ရက်မှာ ရုပ်တုဖွင့်ပွဲတွေ လုပ်မှာပါ။နိုင်ငံ့သမိုင်းဖြစ်စဉ်မှာ ထင်ရှားခဲ့တဲ့သူတွေရဲ့ မှတ်တမ်းပြုမခံရမှုတွေဟာ ၀မ်းနည်းစရာကောင်းပါတယ်။ တိမ်ကော ပျောက်ပျက်သွားသလို ဖြစ်နေ တယ်။ ဖြစ်နိုင်ရင် ကျွန်တော်တို့ သခင်လေးမောင်ရဲ့အရိုးပြန်ကောက်ချင်ပါတယ်။ ဦးကျောက်ခဲကလည်း သဘောတူတယ်။ သူတို့ရွာမှာ ရှေ့မီနောက်မီတွေရှိတုန်း လုပ်ချင်နေကြတယ်။ ပြည်ပနိုင်ငံတွေတောင် ကိုယ့် တိုင်းပြည်လာပြီး အရိုးဖော်၊ သင်္ချိုင်းတူးလုပ်နေကြတာပဲ’’ ဟု အမြင့်ရွာမှ ဦးညိုသောင်း က ပြော ပြပါသည်။

အတိတ်သည်လည်း သမိုင်း၊မျက်မှောက်သည်လည်း သမိုင်း၊ အနာဂတ်သည်လည်း သမိုင်းဖြစ် ပါသည်။ သမိုင်းသည် ဖျောက် ဖျက်၍မရ။ လိမ်ညာ၍မရ။ ရှောင်လွှဲဖုံးကွယ်၍ မရပါဟု ဆို ချင်ပါသည်။ ကောင်းသည်၊ ဆိုး သည် သတ်မှတ်ခြင်းနှင့်အတူ လူ သားဆန်စွာ အသိအမှတ်ပြုကြဖို့ တာဝန်ရှိပါသည်။ သမိုင်းသည် လူတိုင်းနှင့် သက်ဆိုင်ပါသည်။ အရိုးကောက်ချင်သူများ အမြန် ဆုံး ကောက်ယူထိန်းသိမ်းနိုင်ပါ စေဟု ဆန္ဒပြုလိုက်ရပါသည်။ ။

ကိုးကား- တို့ဗမာအစည်းအရုံးသမိုင်း(ပထမတွဲ)

ပြည်သူ့ခေတ်ဂျာနယ်-အတွဲ- ၃ (အမှတ် ၁၁၀)

လွင်ချန်ဖြိုး

7Day Daily
Issue No: No.348 Monday, April 7, 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...