မြန်မာ့သင်္ကြန်ရေသဘင်ပွဲ ဘယ်နှရက်ကျင်းပကြမှာလဲ



ရန်ကုန်မြို့ တစ်ပတ် ပတ်၍မောင်း သော မြို့ပတ်ရထားနှင့် ဟိုဟိုဒီဒီ အလည်အပတ်ထွက်ဖြစ် ခဲ့ပါတယ်။ ၂၀၁၄ ခု ဧပြီလ ဆန်း ၇ ရက်မှာ ကြည့်မြင်တိုင်ဘူတာ မှ အင်းစိန်ဘက်သို့ထွက်ခွာသည့် မြို့ပတ်ရထားကို စီးနင်းလိုက်ပါ ခဲ့ခြင်းဖြစ်သည်။

မီးရထားက ဘတ်စ်ကားများထက် ချောင် ချောင်ချိချိနှင့် သက်သောင့်သက် သာသွားလာနိုင်သဖြင့် စိတ်ချမ်း သာရပါသည်။ မြို့တစ်ပတ်မှ သုံးရာကျပ်။ ခရီးသွားများစီးနင်း လိုက်ပါရန် ခုံတန်းများက သစ်သစ်ပြာပြာ။ မြန်မာပြည်မှာ စတင်ခုတ်မောင်းသည်မှာ မကြာသေး၍လားမသိ။ သိပ်ပြီးမညစ်ပတ်သေး။ သန့်သန့်ရှင်းရှင်းရှိပါသေးသည်။

မီးရထားထိုင်ခုံတန်းရှည်တွင် ကျွန်မနှင့်ကပ်လျက်မှာ နိုင်ငံခြားသားစုံတွဲခရီးသည်နှစ်ဦးစီးနင်းလိုက်ပါလာသည်။ လူငယ်လေးတွေ။ အသက်အစိတ်၊ သုံးဆယ် ဝန်းကျင်များ။ အေးအေးဆေး ဆေးစကားတပြောပြောလိုက်ပါ လာကြသည်။ မကြာမီ မီးရထား က သမိုင်းဘူတာရုံကို ဆိုက် ရောက်သည်။ တစ်မိနစ်၊ နှစ်မိနစ် သာရပ်ပြီး ရထားမှာ အင်းစိန် ဘက်သို့ စတင်ထွက်ခွာသည်။

ထိုစဉ် ဝေါခနဲ၊ ဗြန်းခနဲ မီးရထားလမ်းဘေးမှ ရေနှင့်လှမ်း ပက်သည်။ မည်သူမည်ဝါမသိ။ ကလေးများလော၊ လူကြီးများ ပေလောမသိ။ ကျွန်မအပါ အဝင် နိုင်ငံခြားသား တိုးရစ်စုံတွဲ ကိုပါ ရေတွေစိုရွှဲသွားခဲ့သည်။ ကျွန်မကတော့ ဒီလိုရေတွေ ဝေါ ခနဲကျလာခြင်းမှာ အတာသင်္ကြန် ရက်နီးလာ၍ ရေဖြင့်ပက်သည်ဟု နားလည်သည်။ တိုးရစ်ခရီးသွား မောင်နှံမှာ ဘုမသိဘမသိနှင့် ရေ တွေရုတ်တရက်ကျလာပြီး စိုးရွှဲ သွား၍ အံ့ဩသွားကြဟန်ရှိသည်။ မိန်းကလေးဖြစ်သူက ဝုန်းခနဲ မတ်တတ်ရပ်လျက် ရေစိုသွား သောလုံချည် (မြန်မာလုံချည်ကို ဝတ်ဆင်ထားသည်)ကို ရေခါချ သည်။ အမျိုးသားလေးကလည်း စိုစွတ်သွားသောအင်္ကျီပေါ်မှ ရေ များကို လက်ဖြင့်သပ်ချသည်။

ကျွန်မပြောချင်သည်။ မြန်မာပြည်မှာ သင်္ကြန်မကျသေးပါ။ သင်္ကြန်ရက်လည်းမရောက်သေးပါ။ အတာသင်္ကြန်မရောက်သေးဘဲ ယခုကဲ့သို့ ရေကြိုတင်ပက်ခြင်း၊ နှစ်ဆန်းတစ်ရက်နေ့ သင်္ကြန်ကာလလွန်ပြီးမှ ရေပက်ခြင်းများသည် သင်္ကြန်ပွဲတော်၏ အနက်အဓိပ္ပာယ်ကို လွဲချော်စွာ ပြုမူခြင်းဟုသာထင်သည်။ ယခု ပင် ကိုယ့်တိုင်းကိုယ့်ပြည်သို့ လာ ရောက်လည်ပတ်ကြသည့် ခရီး သွားဧည့်သည်များကို စိတ်အ နှောင့်အယှက်ဖြစ်စေပြီဟု ထင် ၏။

ယခုကဲ့သို့ သင်္ကြန်ပွဲတော် ရက်မရောက်သေးမီ၊ ပွဲတော်ရက် ပြီးမှ ရေပက်ကြသည့်အဖြစ်မျိုးကို မီးရထားလမ်းဘေးဝဲယာမှ မြို့ရွာ များမှာ အများဆုံးတွေ့ရတတ် သည်။ အဝေးပြေးမော်တော်ကား လမ်းမပေါ်မှ မြို့ရွာတချို့မှာ လည်း တွေ့ကြုံရတတ်ပါသည်။ သင်္ကြန်မကျမီ တစ်လလောက် အလိုကပင် ရေပက်နေတတ်ကြ သည်မှာ သင်္ကြန်နှင့် မည်သို့မှ မပတ်သက်။ ရိုးရာပွဲတော်ကို အသုံးချ၍စည်းပျက်ကမ်းပျက်ပြု မူခြင်းဟုသာ ယူဆမိသည်။

အမှန်စင်စစ် အတာကူး သည့် ရေသဘင်ပွဲတော်မှာ မြန်မာ ပြည်၏ သတ်မှတ်ချက်အရ ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိဖြစ် သည်။ အစိုးရရုံးများ နေပြည် တော်သို့ မပြောင်းရွှေ့မီကာလ များက သင်္ကြန်အကြိုနေ့မှာပင် ရေမပက်ရဟု သတ်မှတ်ခဲ့သည်။ အကြောင်းမှာ အစိုးရရုံးသူရုံးသား များ တရားဝင်ရုံးပိတ်ရက်မသတ် မှတ်သေးဘဲ ရုံးတက်နေရသော ကြောင့်ဖြစ်သည်။ ယခုနောက် ပိုင်းမှာ ရုံးပိတ်ရက်ရှည်တိုးပေး လိုက်သဖြင့် သင်္ကြန်အကြိုနေ့မှာ ပင် တရားဝင်ရေပက်ခွင့်အဖြစ် ရရှိလာသည်။ သို့သော် မြန်မာ တို့အတွက် သင်္ကြန်အကြိုနေ့မှာ ရေပက်လျှင်လည်း မည်သူကမှ စိတ်မဆိုးတတ်ကြပါ။ အကြိုနေ့ မတိုင်မီ ရေပက်သည်ကမူသင်္ကြန် နှင့် မည်သို့မှမသက်ဆိုင်။

အတာသင်္ကြန်ရေသဘင်ပွဲ တော်သည် အရှေ့တောင်အာရှ နိုင်ငံများမှာကျင်းပသော ရိုးရာ နှစ်သစ်ကူးပွဲတော်ဖြစ်သည်။ သင်္ကြန်ပွဲတော်ကို အိမ်နီးချင်း ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ အိန္ဒိယ နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ မလေး ရှားနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တို့မှာလည်း အသီးသီးကျင်းပကြသည်။ ထို့ကြောင့် သင်္ကြန်ရေ သဘင်ပွဲတော်သည် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးများသာ ကျင်းပနေသောပွဲတော်မဟုတ်ပါ။

အရှေ့တောင်အာရှနိုင်ငံ တစ်ခုချင်းစီမှာ ဒေသအလိုက် အခေါ်အဝေါ်ကွဲလွဲမှု၊ ကျင်းပပုံ ကျင်းပနည်း၊ နေ့ရက်ကာလ သတ်မှတ်မှု အနည်းငယ်ကွဲလွဲကြ သော်လည်း နှစ်ဟောင်းမှ အညစ် အကြေးများကို နှစ်သစ်သို့ပါမလာ စေရန်ရည်ရွယ်၍ ရေပက်ဖျန်း သွန်းလောင်းကာ ဆေးကြောသန့် စင်ကြသည်ဆိုသော သဘော တရားမှာအတူတူပင်ဖြစ်သည်။

ရေသဘင်ပွဲတော်ကို ထိုင်း နိုင်ငံမှာ ဧပြီ ၁၃ မှ ၁၅၊ လာအို မှာ ဧပြီ ၁၂ မှ ၁၅၊ ကမ္ဘောဒီး ယားမှာ ဧပြီ ၁၄ မှ ၁၆ အထိ အသီးသီးရက်သတ်မှတ်ကျင်းပ ကြသည်။ အိန္ဒိယ၊ သီရိလင်္ကာ၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့ မှာမူ ဧပြီ ၁၄ ရက် တစ်ရက် သာ ကျင်းပကြသည်။ မည်သို့ပင်ရှိနေ ပါစေ။ သင်္ကြန်ပွဲတော်ကို အရှေ့ တောင်အာရှနိုင်ငံများမှာ နိုင်ငံ တိုင်းက နေ့ရက်အားဖြင့် ကိုယ်စီ ကိုယ်စီ အတိအကျသတ်မှတ် ထားခဲ့ကြသည်။ ထိုကဲ့သို့ ရေ သဘင်ပွဲတော် နွှဲပျော်ကြသည့် နိုင်ငံများအနက် မြန်မာနိုင်ငံမှာ သတ်မှတ်ထားသော သင်္ကြန် ကာလသည် ဧပြီ ၁၃ မှ ၁၆ ရက် အထိဖြစ်သဖြင့် ပွဲတော်ကာလအနေဖြင့် အရှည်ကြာဆုံးဖြစ်နေမည်ဟု ထင်သည်။

ပွဲတော်ရက်အချိန်ကာလ တိုခြင်း၊ ရှည်ခြင်းမှာ ပြဿနာ မဟုတ်ပါ။ သူ့နိုင်ငံသူ့အနေ အထားနှင့် အဆင်ပြေသလို သတ်မှတ်ထားကြသည်မှာ ပြဿနာမဟုတ်သော်လည်း သတ်မှတ်ထားသည့်ပွဲတော်ရက်အတိုင်း စည်းနှင့်ကမ်းနှင့် ရေပက်ဖျန်းခြင်းမင်္ဂလာကို ပြုရန်တော့ လိုအပ်ကြမည်ထင်မိသည်။

အမှန်စင်စစ် နွေရာသီအချိန် မှာ ပျော်ရွှင်မှုနှင့်ပေါင်းစပ်ကာ ရေပက်ဖျန်းလျှင် ကျန်းမာရေး အတွက် တစ်စုံတစ်ရာထိခိုက်တတ်သည်ဟု မကြားမိတတ်သော်လည်း သင်္ကြန်ရက်မတိုင်မီနှင့် သင်္ကြန်အလွန်ကာလမှာ ရိုးရာပွဲတော်နှင့်မသက်ဆိုင်ဘဲ အခွင့်အရေးယူလျက်ရေပက်ကြသည်ကိုမူ မလုပ်သင့်ဟုထင်မိသည်။ ရေစိုစွတ်မည်ကို ကြိုတင်တွက်ဆမထားဘဲ ရေပက်ခံရခြင်းမှာ အများပြည်သူကို စိတ်ကသိကအောက်ဖြစ်ပါလိမ့်မည်။ ကိုယ့်နိုင်ငံ၊ ကိုယ့်ရိုးရာဖြစ်၍ သင်္ကြန်ကာလအချိန်မှာမူရေပက်ခံရန် အလိုရှိသူများက လမ်းမထွက်လျက် ရေပက်ခံကြမည်။ ကိုယ်တိုင်လည်း ရေပက်ဖျန်းသူအဖြစ် ပါဝင်ဆင်နွှဲချင်လည်းဆင်နွှဲမည်။ သတ်မှတ်ကာလအတွင်းမှာ ရေပက်ကြခြင်းမှာမူ ရေပက်ခံထွက်သူများရော၊ ရေပက်သူများပါ ရေစိုနိုင်သည်ကိုသိပြီး ပြင်ဆင်ပြီးဖြစ်နေသဖြင့်ပြဿနာမရှိ။ မြန်မာလူမျိုးတိုင်းကလည်း သင်္ကြန်ကာလမှာ ရေစိုခြင်းကို ပျော်ရွှင်မှုနှင့် ပေါင်းစပ်လိုက် သဖြင့် အအေးမိခြင်း၊ နာဖျား ခြင်းများမဖြစ်တတ်ဟုပင် ယုံ ကြည်ထားကြသည်။ သင်္ကြန်ကို တစ်လကြိုတင်၍ ရေပက်ခြင်း၊ သင်္ကြန်ရက်လွန်မှ ရေပက်နေ ခြင်းများကတော့ ရေစိုခံနိုင်ရန် ကြိုတင်ပြင်ဆင်မထားသူများ အတွက် စိတ်အနှောင့်အယှက် ဖြစ်ရုံမျှမက အပူရှပ်၊ အအေးပတ်နာဖျားခြင်းများဖြစ်နိုင်သည်။ ထို့အပြင် အရေးကြီးသော စာရွက်စာတမ်းများကို သယ်ပိုးသွားလာနေကြရသော ရုံးဝန်ထမ်းများ၊ သက်ကြီးရွယ်အိုများ၊ မွေးကင်းစလသားအရွယ် ကလေးသူငယ်များမှာ ရေစိုစွတ်သွားပါက ကျန်းမာရေးထိခိုက်နိုင်သည်။ အချို့သောဆေးကုမ္ပဏီဝန်ထမ်း များဆိုပါက တန်ဖိုးကြီးသောဆေးဝါးများကို အိတ်တွင်ထည့်ကာ သွားလာနေကြသည်မဟုတ်ပါလား။

မြန်မာခရီးသွားလမ်းညွှန် စာအုပ်များမှာ မြန်မာသင်္ကြန်နှစ် သစ်ကူးရေသဘင်ပွဲတော်ကာလ သတ်မှတ်ရက်များကို ထည့်သွင်း ရေးသားကြမြဲဖြစ်သည်။ သင်္ကြန် ရက်မဟုတ်ပါဘဲ ရေပက်နေခြင်း ကြောင့် မိမိနိုင်ငံသို့ နိုင်ငံရပ်ခြား မှ အလည်အပတ်လာရောက်ကြ သူများ ရေစိုသွားကြလျှင် မြန်မာ တွေ ဘာလုပ်နေကြသည်ဟု ထင် မြင်ယူဆမည်နည်း။ တမင်သက် သက် ရိုင်းပျမှုဟုထင်ကြလေမည် လော။ မပြောတတ်တော့ပါပြီ။

လွန်ခဲ့သောငါးနှစ်က ကျွန်မ သည် သင်္ကြန်မတိုင်မီ နှစ်ပတ် အလိုကာလမှာ ရန်ကုန်၊ မန္တလေး ပြေးဆွဲသော မီးရထားနှင့် ခရီး သွားမိသည်။ လမ်းတစ်လျှောက် တွင် လမ်းဘေးမှ ရွှံ့နွံရေများဖြင့် လှမ်းပက်သည်ကို ခံခဲ့ရဖူးပါ သည်။ ဤကဲ့သို့ ညစ်ပတ်သော ရွှံ့နွံရေများဖြင့် ပက်ဖျန်းခြင်းကို နိုင်ငံခြားသားခရီးသွားများသာ စိုရွှဲသွားလျှင် သြော်.. မြန်မာဆို တာ အရိုင်းအစိုင်းတွေပါလားဟု ထင်မြင်ကြမည်မှာ သေချာသည်။

ယခုအခါ ကျွန်မတို့နိုင်ငံ သည် နိုင်ငံတကာနှင့် ပိုမိုထိတွေ့ ဆက်ဆံရန်ကြိုးပမ်းနေချိန်ဖြစ် သလို ပိုမိုဆက်ဆံလာကြရတော့ မည့်အနာဂတ်များကိုလည်း လှမ်း မြင်နေရပြီထင်ပါသည်။ အရှေ့ တောင်အာရှနိုင်ငံများတွင် ကျင်းပနေသော သင်္ကြန်ပွဲတော်သည် နိုင်ငံခြားဝင်ငွေရှာပေးသည့် ခရီးသွားလုပ်ငန်းဆွဲဆောင်မှုရှိသော ပွဲတော်များထဲမှာ တစ်ခု အပါအဝင်ဖြစ်သည်။ လူအများက စိတ်ဝင်စားပြီး ထင်ရှားကျော်ကြားထူးခြားလှသော ပွဲတော်တစ်ခုလည်းဖြစ်သည်။ အရှေ့အလယ်ပိုင်းနိုင်ငံများမှ အချို့သော ပုဂ္ဂိုလ်များဆိုလျှင် လူတစ်ဦးနှင့်တစ်ဦး ရေကိုဗုံးပေါလအောပက်ဖျန်းနိုင်ကြသည်ကို အံ့ဩနေတတ်ပြီး (မင်းတို့ဆီမှာ ရေတစ်ဂါလန် ဘယ်လောက်ဈေး ပေါက်သလဲ)ဟု မေးမြန်းခြင်းကို ခံခဲ့ရဖူးပါသည်။ အရှေ့အလယ်ပိုင်းနိုင်ငံများမှာ ရေနံသာ ပေါများပြီး ရေရှားပါးလှသည်ကိုး။

အေးမြစေခြင်း၊ သန့်ရှင်းစေ ခြင်း၊ စိတ်ကြည်လင်ချမ်းမြေ့စေ ခြင်း၊ ပျော်ရွှင်စေခြင်းများဖြစ်စေ သော ရိုးရာအစဉ်အလာနှစ်သစ် ကူးပွဲတော်လည်းဖြစ် အထူး သဖြင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု အစဉ်အလာနှင့်လည်း ဆက်နွှယ် ကျင်းပလာခဲ့သည့် ပွဲတော်ဖြစ် သော၊ ကောင်းမြတ်ခြင်းမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံနေသော သင်္ကြန်ပွဲတော်ရက်မြတ်ကို နိုင်ငံ သားတိုင်းက အလေးအနက်ထား ကျင်းပတတ်ရန်လိုပါလိမ့်မည်။ ရိုးရာပွဲတော်ကို အလွဲသုံးစားလုပ် ကာ ပွဲတော်ရက်မတိုင်မီကပင် စည်းမထား။ ကမ်းမထားဘဲ။ မော် တော်ကား၊ မီးရထားပေါ်မှာ ခရီး သွားနေသူများကို လမ်းဘေးဝဲ ယာမှ ရေဖြင့် အရမ်းကာရော လှမ်းပက်နေသူများကို သက်ဆိုင် ရာဒေသအလိုက် ထိန်းသိမ်းနိုင်၊ ဆုံးမပဲ့ပြင်နိုင်မည့်နည်းလမ်းကို ရှာဖွေသင့်ပါသည်။

သီတင်းကျွတ်မှာ ဗြောက် အိုးမဖောက်ရဟူ၍မှ ဥပဒေဖြင့် တားဆီးနိုင်လျှင် သင်္ကြန်ရက် သတ်မှတ်ထားသည်ကို မလေး စား၊ မလိုက်နာသူများကိုလည်း တားမြစ်နိုင်မည့်နည်းလမ်းများ တော့ရှိမည်ထင်မိသည်။ ဥပဒေ ဆိုသည်ထက် လူတစ်ဦးချင်း၊ မိသားစုတစ်စုချင်း၊ ဒေသတစ်ခု ချင်း လူအချင်းချင်းပြောဆို၊ ဆုံးမ၊ ပဲ့ပြင်၊ သွန်သင်ကြလျှင်တော့ အကောင်းဆုံးဖြစ်မည်ထင်ပါ သည်။

မကြာမီ ကျရောက်တော့ မည့် သင်္ကြန်ရေသဘင်ပွဲတော်မှာ သိကြားမင်းကြီးမဆင်းသေးမီ၊ ကြိုတင်ဆင်းကာ ရေပက်နေ တတ်သူများရှိနေ၍ မေးချင်မိပါ သည်။ သင်္ကြန်အလွန်ကာလမှာ ကော ရေပက်နေဦးကြမှာလား။ သိကြားမင်းကြီး နတ်ပြည်ကို ပြန်ကြွတော်မူသည့်တိုင် ရေ သဘင်ပွဲတော်ကို ဆက်လက်ဆင် နွှဲနေကြဦးမှာလား။ မြန်မာ့သင်္ကြန် ရေသဘင်ပွဲ ဘယ်နှရက်ကျင်းပ ကြမှာလဲဟုသာ မေးချင်ပါတော့ သည်။

7Day Daily
No.351 Thursday, April 10, 2014 





မယ်ငွေဥ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...