ဆရာဝန်တွေမရှိတဲ့အရပ်မှာ



အမျိုးသမီးတစ်ယောက် ကလေးကို ခါးထစ်ခွင်ချီထားပြီး၊ အခြားကလေးနှစ်ယောက်က သူမ၏ အနောက်တွင် ရစ်သီသီ လုပ်နေကြသည်။ ထိုအမျိုးသမီးသည် ခြေတံရှည်အိမ်တစ်အိမ်၏ တံခါးဝတွင် ရပ်နေခြင်းဖြစ်ပြီး သူမက နေ့လည်ခင်း နေရောင်ကို မျက်စိမှေးပြီးကြည့်နေသည်။ သူမအသက်သည် ၃၃ နှစ်ရှိပြီဖြစ်သော်လည်း အသက် ၅၀ အရွယ်ဟုထင်ရသည်။ သူမမျက်လုံးတွေက မွဲခြောက်နေပြီး ဝမ်းနည်းပုံပေါက်နေသည်။

သူမက ကျွန်မတို့ကို အိမ်ထဲသို့ ဖိတ်ခေါ်လိုက်သည်။ ကျွန်မက အိမ်ထဲရှိအမှောင်ကို မကြာမီ ကျင့်သားရသွား သည်။ ပလောင် မိသားစုတို့သည် ခြေတံရှည် ခမ်းမသဖွယ်ဆောက်ထားသည့် အိမ်ကြီးထဲတွင် မိသားစုများ စုဝေးနေထိုင်လေ့ရှိသည်။ မိသားစု တွေမြောက်မြားစွာ သူ့နေရာနှင့် သူ နေထိုင်ကြသည်။ ကြမ်းပြင်ပေါ်တွင် မီးဖိုကြီးတစ်ခုကို ဖိုထားသည်။ အိမ်ကြီး၏ ဘေး တစ်ဘက် တစ်ချက်တွင် လေဝင်လေထွက်ပေါက်တွေလည်း မရှိ။ ထောင့်မှန်ကျကျအခန်းထဲတွင် ပြတင်းပေါက် တစ်ပေါက်မှ လည်း မရှိပေ။ အခန်းထဲတွင် မီးခိုးများနှင့် အသက်ရှူ၍မရလောက်အောင် မွမ်းကျပ်နေသည်။ ကျွန်မမျက်စိထဲမှ မျက်ရည်များ ထွက်ကျလာသည်။

အမျိုးသမီးကြီးက သူမဇာတ်ကြောင်းကို ရှင်းပြနေသည်။ သူမခင်ပွန်းသည် ရက်သတ္တပတ်လောက်ချောင်းတွေဆိုးပြီး အိပ်ယာထဲ လဲခဲ့သည်။ ပထမတော့ သူမသည် အရေးမကြီးဟု ထင်ခဲ့သည်။ သူ့ယောက်ျားက သန်သန် မာမာနှင့် ကျန်းမာသော သူတစ်ယောက်ဖြစ်နေသောကြောင့်ပင်။ သို့သော် တဖြည်းဖြည်း သူမခင်ပွန်းသည် အားအင်များ ကုန်ခမ်းလာပြီး အိပ်ယာက မထနိုင်လောက်အောင် ဖြစ်ခဲ့ရသည်။

ဤရွာတွင် နေထိုင်သူများသည် အိမ်တစ်အိမ်ထဲတွင် စုဝေးနေထိုင်တတ်ကြပြီး၊ နေရာက လည်း တောင် ထိပ်တွင်ဖြစ်ကာ ရေပေးဝေရေးစနစ်၊ လျှပ်စစ်မီးလည်းမရရှိကြပေ။

နောက်ဆုံးလူတွေက သုံးနာရီခရီး ခြေလျှင်လျှောက်ကာ လူနာကိုထမ်းလာပြီး ဆေးရုံကို လာပို့ကြသည်။ ဆရာဝန်က လူနာ၏ ရောဂါအခြေအနေမှာ မစိုးရိမ်ရကြောင်း သို့သော် အိပ်ယာထဲတွင် အနားယူပြီး ဆေး ကုသမှုခံယူရမည်ဟုပြောကြားသည်။

လူနာသည် ဆေးရုံတစ်ပတ်ခန့်တက်လိုက်သည့်အခါ သူ့မိသားစုလည်း ဆေးဖိုးနှင့် သူနာပြုအတွက် ပိုက်ဆံတွေပေးလိုက်ရ သဖြင့် ပါလာသမျှကုန်သွားတော့သည်။ သို့ဖြင့် လူနာကို ခြေကျင်သုံးနာရီခန့် ထမ်းပြီး တောင်ပေါ်သို့ပြန်ခေါ်သွားရသည်။ ထိုသူသည် ကျွန်မတို့ မရောက်လာမီ ငါးရက်ခန့်က ဤအိမ်တွင် ဆုံးပါးသွားခဲ့သည်။ သူကွယ်လွန်ချိန်တွင် အသက် ၃၄ နှစ်သာ ရှိသေးသည်။

သူမပြောပြသည့် ဇာတ်လမ်းသည် မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု အနေအထားကို ပြ ဆိုနေခြင်းဖြစ်သည်။ ဝေးလံ ချောင်ကျသည့် ကျေးလက်တောရွာများတွင် ဆေးဝါးကုသရေးအတွက် လိုအပ်သည့် အခြေခံအထောက်အပံ့တွေက နည်းပါးလှ သည်။ မြန်မာနိုင်ငံ ကျန်းမာရေးစနစ်က ထူးဆန်းစွာ "စရိတ်မျှပေး ကျန်းမာရေး" စနစ်ဖြစ်နေပြန်သည်။ ဆေးရုံရှိ ကုတင်များ သည် အားလုံးအတွက် အခမဲ့ဖြစ်သော်လည်း ဆေးဖိုးနှင့် သူနာပြုများ စောင့်ရှောက်ခအပြင် ဆရာဝန်များကိုပါ သူ့နည်း သူ့ဟန်နှ င့် ပေးကမ်းနေကြရသေးသည်။ ဆင်းရဲသော လူနာများပင် အစားအစာနှင့် အသားငါးများကို ပေးနေကြရ သည်။

သို့ဖြစ်ရာ ဆင်းရဲသည့် ကျေးလက်တောရွာနေပြည်သူတို့သည် ဆေးရုံသို့ မလာချင်ကြသည်မှာ အဆန်းတော့ မဟုတ်ပေ။ ထိုဒေသရှိ ကျေးရွာတစ်ရွာသို့ရောက်ချိန်တွင် ကျွန်မတို့ထံ လူငယ်တစ်ဦးက သူ့ဘခင် မကျန်းမာကြောင်းကို လာပြောသည်။ ကျွန်မနှင့် အတူမြန်မာ့တပ်မတော် ဆေးတပ် တွင် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သည့် မိတ်ဆွေတစ်ယောက်ပါလာသည်။ သူက ဆေးသင်တန်းများသို့ လည်း တက်ရောက်ခဲ့ဖူးသည်။ ထိုလူငယ်က ကျွန်မတို့နားသို့ ချဉ်းကပ်လာပြီး ရိုသေစွာဖြင့် ကျွန်မ သူငယ်ချင်းကို "ဆရာ" ဟုခေါ်လိုက်သည်။ ပြီးတော့ သူ့ဘခင်ကို ဆေးကုပေးပါရန်တောင်းပန်သည်။

ကျွန်မ မိတ်ဆွေက "သူ ဘယ်မှာလဲ" ဟုမေးလိုက်သည်။

လူငယ်က တောင်အောက်ကို လက်ညှိုးထိုးပြပြီး "ဟိုး…အောက်မှာ" ဟုပြောသည်။ သူပြသည့်နေရာက အခြားတောင်ခြေ တစ်ခုတွင်ဖြစ်ပြီး သစ်ခက်တွေမိုးထားသည့် တဲတစ်တဲဖြစ်နေသည်။

သူညွှန်ပြသည့်နေရာကဆိုလျှင် လူနာကို တစ်နာရီလောက် သယ်လာရမည်ဖြစ်သည်။ ထိုနေ့အဖို့ အချိန်ကလည်း နှောင်းနေပြီ ဖြစ်သည်။ ကျွန်မမိတ်ဆွေက လူနာ၏ရောဂါအခြေအနေများကို မေးပြီးနောက် သူ ရက်အနည်းငယ်အတွင်း ဆေးများကို ယူပြီးပြန်လာမည်ဖြစ်ကြောင်း လူနာရှင်ကောင်လေး ကို ပြောပြနေသည်။ သူ့အနေဖြင့် မြို့သို့ပြန်ပြီး ဆေးယူကာ တောင်တက် တောင်ဆင်း ခရီးနှင်ရဦးမည်ဆို သည့် သဘောပင်ဖြစ်သည်။

ကျွန်မက မိတ်ဆွေဖြစ်သူကို "ရှင်က ဘယ်မှာ ဆေးသွားယူမှာလဲ" ဟုမေးလိုက်သည်။

"မနက်ဖြန် ဆေးဆိုင်မှာ သွားဝယ်ရမှာပေါ့" ဟုသူကဖြေသည်။

ကျွန်မသိထားသည်က သူ့လစာမှာ တစ်လ ၂၆၀၀ ကျပ်ခန့်သာရသည်။ သူ မသိသော သူစိမ်းတစ်ယောက် အတွက် ဆေးဖိုးငွေကို အကုန်အကျမခံနိုင်ဟု ကျွန်မကထင်နေသည်။ ကျွန်မတို့ ရွာမှထွက်ခဲ့ကြ သည်။ တောင်တက်တောင်ဆင်းနှင့် မြို့ကို ပြန်ခဲ့ကြ ခြင်းဖြစ်သည်။ နောက်တစ်နေ့ဆေးဝယ်သောအခါ ကျွန်မကလည်း သူ့ကို ဆေးဖိုးစိုက်ထုတ်ပေးခဲ့သည်။

မြန်မာနိုင်ငံတွင် အစိုးရက ဆေးဝါးများကို ချုပ်ကိုင်ကန့်သတ်ထားသဖြင့် မှောင်ခိုဈေးကွက်က ထွန်းကားနေ သည်။ မှောင်ခိုဈေးကွက်တွင် တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံထုတ်ဆေးတွေအားလုံးရသည်။ မြန်မာတွေက ထိုဆေးတွေကိုပင် အားကိုး အားထားပြုနေကြရသည်။ တရုတ်နိုင်ငံထုတ်ဆေးများ သည် ဈေးလည်းသက် သာပြီး မြန်မာဆရာဝန်များအတွက် အသုံးတည့် နေသည်။ နောက်ပိုင်းတွင် ဆေးဆိုင်များ၌ အစိုးရက အသိအမှတ်ပြုထားသည့် ဆေးကုမ္ပဏီများမှ ဆေးများသာ ရောင်းရမည် ဆိုသည့် အမိန့်သစ်တွေ ထွက် လာပြန်သည်။

အစိုးရ အသိအမှတ်ပြုသည့်ဆေးများဆိုသည်မှာ စင်ကာပူ၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများမှ တင်သွင်းသည့်ဆေးများ လည်းပါသည်။ သူတို့က ထိုနိုင်ငံမှဆေးများကို အရည်အသွေးပြည့်ဝသည်ဟု ထင်နေပုံရသည်။ ထိုဆေးတွေက ဈေးအလွန် ကြီးသည်။ ဥပမာ ပင်နီဆလင်ဆေးတောင့် ဆယ်တောင့် ကို မှောင်ခိုဈေးကွက်တွင် ၁၀၀ ကျပ်သာပေးရသည်ဆိုလျှင် တရားဝင် တင်သွင်းသည့် ရောင်းချခွင့်ပြု ထားသောဆေးက ၉၀၀ ကျပ်လောက် ပေးရမည်ဖြစ်သည်။ သို့ဖြစ်ရာ ဆေးဆိုင်များတွင် အစိုးရ တရားဝင်ရောင်းခိုင်သည့်ဆေးများကို ဟန်ပြတန်းများ၊ အဆင့်များတွင်ထားပြီး၊ တရုတ်ဆေးများကို တစ်နေရာတွင်ထားကာ လာဝယ်လျှင် ထုတ်ရောင်းပေသည့်စနစ် ကျင့်သုံးကြရသည်။ တရားဝင်ဆေးကို သာ ဝယ်သုံးရမည်ဆိုလျှင် ဆေးကုရင်း တန်းလန်း အသက်ပျောက်သွားနိုင်သောကြောင့် တရားမဝင်ဆေးတွေကိုလည်း အသက်ကယ်ဆေးအဖြစ် သုံးသင့်လျှင် သုံးနေကြရသည်။ သို့ဖြစ် ရာ ဆေးကုသနေသော ဆရာဝန်များပင် တာဝန်ချိန်တွင် တရားဝင်ဆေးကိုသုံးပြီး၊ စီးပွားရှာချိန်တွင် တရုတ်ဆေးများကို သုံးနေကြရသည်။

နောက်တစ်နေ့နံနက်တွင် ကျွန်မတို့ မြို့လည်တွင်တွေ့ဆုံကြ သည်။ ဆေးဆိုင်ကလမ်းထောင့်တွင် ရှိသည်။ ဆေးဆိုင်နံရံရှိ စင်များပေါ်တွင် ဆေးဘူးတွေ ပုလင်းတွေကို ဆင့်ကာစီထားသည်။ အဖြူရောင် ကုတ်အင်္ကျီဝတ်ထားသည့် အမျိုးသမီး တစ်ယောက်က ကျွန်မတို့အနီးသို့လာရပ်ကို ဘာလိုချင်သလဲဟုမေး သည်။ ကျွန်မက မိတ်ဆွေဖြစ်သူကို လူနာအတွက် ဆေးဖိုးအားပေးမည်ဟု ပြောထားပြီးဖြစ်သည်။

သူကလိုအပ်သောဆေးများကိုပြောလိုက်ရာ အမျိုးသမီးက ပဋိဇီဝဆေးများနှင့် အက်စ်ပရင်ဆေးများကို ထုတ်ပေးသည်။ ကျွန်မက "ဒါအကုန်ပဲလား" ဟုမေးလိုက်သည်။ ထိုဆေးဖိုးက ငွေကျပ် ၃၀၀ ပင်မပြည့်။ ကျွန်မမိတ်ဆွေက ဈေးများ လွန်းသည်ဟု ကျွန်မကထင်သွားပုံရသဖြင့် "ဘာဖြစ်လို့လဲ" ဟုပြန်မေးသည်။ ကျွန်မက သူ့အနေဖြင့် ထိုမျှလောက်သောငွေကို သူ့လစာထဲမှ စိုက်ပေးနိုင်ကြောင်းသိသည်။ ကျွန်မက သူ့ကို နှစ်ပတ်စာလောက် ပဋိဇီဝဆေးများနှင့် အက်စ်ပရင်ဆေးများကို ဝယ်သွားရန် တိုက်တွန်းရသည်။ ထို့ပြင် ဓာတ်ဆားရည်အိတ်တွေကိုလည်း အတင်းထည့်ဝယ်ခိုင်းခဲ့ရသည်။

နောက်တစ်နေ့တွင် မြို့မှထွက်ခွာလာခဲ့ကြသည်။ ကျွန်မကတော့ မိတ်ဆွေဖြစ်သူနှင့်အတူ ရွာသို့ပြန်မ လိုက်နိုင်တော့။ သူက ဆေးအိတ်ကိုလွယ်ပြီး စက်ဘီးပေါ်တက်ကာ ကျွန်မကိုပြုံးပြီး နှုတ်ဆက်သွား သည်။ နောက်တစ်နေ့နံနက်တွင် သူသည် တောင်ပေါ်သို့ သုံးနာရီခရီး ခြေကျင်တက်ရဦးမည်။ ဤအလုပ်က သူ့အလုပ်ဖြစ်ပြီး သူက ကျွန်မကို "ကျေးဇူးတင်ပါတယ် ဟာ။ နင်အဘိုးကြီး အသက်ကို ကယ်လိုက်တာပါ" ဟုပြောသည်။

နောက်ရက်အနည်းငယ်အကြာတွင် ကျွန်မသည် ရန်ကုန်တွင် ဆရာဝန်တစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ ကျွန်မ က သူ့ကို ဝေးလံသည့် တောင်ပေါ်နေလူမျိုးစုများကြားတွင် ဖြစ်ပေါ်နေသော ကျန်းမာရေးပြဿနာများ အကြောင်းကို ပြောပြသည်။ သူမက "ကျွန်မ လည်း စိတ်မကောင်းပါဘူး။ အဲဒီလို ရေရှားတဲ့ တောင်ပေါ်ဒေ သတွေကို သွားပြီး တာဝန်ထမ်းချင်တဲ့ ဆရာဝန်တွေ သိပ်မရှိ ဘူး။ ကျွန်မတို့ မြို့ပေါ်မှာလည်း သိပ်မထူး ပါဘူး" ဟုပြောသည်။

မြန်မာနိုင်ငံဆရာဝန်တွေဘဝကလည်း လုပ်ပိုင်ခွင့်တွေက အကန့်အသတ်တွေများလွန်းသဖြင့် လက်တွေ့ အခွင့်အရေးတွေ နည်းပါးလှသည်။ ကျေးလက်သို့လည်း စွန့်စားပြီး မသွားချင်၊ မြို့ပေါ်တွင် ဆေးကုစားမည် ဆိုတော့လည်း စီးပွားရေး မကောင်းသည့်သူများက ဆေးခန်းဖွင့်ထားသည့်နေရာသို့မလာ၊ လမ်းဘေး ကွမ်းယာဆိုင်တွင်သာ ဆေးတွေဝယ်သောက် နေကြသဖြင့် ဆရာဝန်ပေါက်စများ အတွက် ဆေးခန်းဖွင့်ပြီး ရပ်တည်မည်ဆိုသည့် စိတ်ကူးများသည် လေထဲဆောက်သည့် တိုက်ပမာ ဖြစ်သွားခဲ့ရသည်။ သို့ဖြစ် ရာ ဆေးပညာဖြင့် ဘွဲ့ရသော်လည်း မြို့ပေါ်တွင် မရပ်တည်နိုင်သဖြင့် ကျေးလက်အထိ ဆရာဝန်တွေ ဆင်းနေကြရပြီး ကျွန်မသူငယ်ချင်းရှိရာ ရေရှားသည့်တောင်ပေါ်ဒေသအထိ မရောက်လာကြသည် ကတော့ သေချာသည်။ အဘယ်ကြောင့်ဆိုသော် တောင်ပေါ်တွင် သဘာဝရေလည်းရှားသည်၊ သဘာဝ မကျသည့် ရေလည်း ရှားသည် မဟုတ်ပါလား။

Ref : Whispers at the Pagoda, Potraits of Modern Burma; Julie Sell

Maukkha Education Magazine

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...