မလေးရှားလေယာဉ်ပျောက် ရှာတွေ့ဖို့ နီးစပ်လာပြီလား

မလေးရှားလေယာဉ်ပျောက်ရဲ့ Black Box ရှာဖွေမှုဟာ မကြာသေးခင်က အိန္ဒိယ သမုဒ္ဒရာထဲမှာ ဖမ်းယူရမိတဲ့ အချက်ပေး မှု ၂ ခုထက်မနည်းရပြီးနောက်ပိုင်း အခု ကြာသပတေးနေ့မှာတော့ ရှာဖွေမှု နယ်ပယ် အရင်ကထက် တဖြည်းဖြည်း ကျဉ်းမောင်းလာနေပြီလို့ ဆိုပါတယ်။ ဒါဟာ လေယာဉ်ပျောက်ကို ရှာတွေ့ဖို့ နီးစပ်လာတာလို့ ပြောလို့ရနိုင်ပါတယ်။


မလေးရှားလေယာဉ်ပျောက်ရှာဖွေရေး ရေယာဉ်တစင်း၊ ဓာတ်ပုံ- အေအက်ပီ

သြစတြေလျး ရှာဖွေရေး ခေါင်းဆောင် က မနေ့က ပြောတာမှာတော့ Black Box ရဲ့ ဘက်ထရီကုန်ဖို့ အစပျိုးလာပေမယ့် ဒီရက်ပိုင်းအတွင်း သဲလွန်စတွေကို တွေ့ရလိမ့်မယ်လို့ ဆိုလာပါတယ်။

ဒါကြောင့် JACC ပူးပေါင်းရှာဖွေရေးအဖွဲ့က အခု ကြာသပတေးနေ့ ကြေညာရာမှာတော့ ရှာဖွေမှု ဧရိယာ ဟာ သြစတြေးလျ အနောက်ဘက် ကီလိုမီတာ ၅၇၈၂၃ စတုရန်း ကီလိုမီတာရှိနေရာကနေ အခုဆို စတုရန်း ကီလိုမီတာ ၂ သောင်းလောက် မှာပဲ လုပ်ဆောင်ရတော့မယ်လို့ ရိုက်တာသတင်းတပုဒ်က ဆိုပါတယ်။

အခု ရှာဖွေမှုကို သြစတြေးလျနိုင်ငံ ကမ်းခြေမြို့ ဖြစ်တဲ့ ပါ့တ်သ်မြို့ရဲ့ အနောက်မြောက်ဘက် ကီလိုမီတာ ၂၂၈ဝ အကွာ အိန္ဒိယ သမုဒ္ဒရာမှာ ရှာဖွေမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ထပ်မံရရှိတဲ့ မလေးရှားလေယာဉ် ပျောက်ရဲ့ Black Box ကလို့ယူဆရတဲ့ အချက်ပေး လှိုင်း ထုတ်လွှင့်မှုကြောင့် လေယာဉ်ပျက်ကျနိုင်ခြေရှိတဲ့ နေရာကို စုံစမ်း ရှာဖွေ ဖော်ထုတ်နေတာ လည်း
ဖြစ်ပါတယ်။

ပျောက်ဆုံးနေတဲ့ မလေးရှား လေကြောင်းလိုင်းက MH 370 လေယာဉ်ရှာဖွေရေးလုပ်ငန်းဟာ အမေရိကန် ဒေါ်လာ သန်း ရာနဲ့ချီ၍ ကုန်ကျရန် ရှိနေတာကြောင့် လေကြောင်းသမိုင်းတွင် ကုန်ကျစရိတ် အကြီးဆုံး ရှာဖွေမှုဖြစ်လာရန် ရှိနေပါတယ်။

ရှာဖွေရေးကာလ ၁ လ ပြည့်မြောက်တဲ့ အချိန်မှာ ရှာဖွေရေးလုပ်ငန်းအတွက် အနည်းဆုံး ဒေါ်လာ ၄၄ သန်း ခန့် သုံးစွဲပြီးဖြစ်တယ်လို့ Reuters သတင်းဌာနက ခန့်မှန်းပါတယ်။

ဒီအကြောင်း ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ ပျောက်ဆုံး မလေးရှား လေယာဉ် ရှာဖွေ ကုန်ကျစရိတ် စံချိန်တင် ဆိုတဲ့ သတင်းမှာ အပြည့် အစုံ ဖော်ပြထားပါတယ်။ လင့်က http://burma.irrawaddy.org/news/2014/04/09/57407.html ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ကတည်းက ပျောက်ဆုံးသွားတဲ့ မလေးရှား လေယာဉ် MG 370 ဘိုးရင်း ၇၇၇ လေယာဉ်နဲ့ ပတ်သက်ပြီး အပျက်အစီး ဒါမှ မဟုတ် အစိပ်အပိုင်း သဲလွန်စဆိုတာ အခု ထိတော့ ဘာတခုမှ မတွေ့ရသေး ပါဘူး။

ပင်လယ်ပြင်ထဲမှာတော့ တချို့ လေယာဉ်ရဲ့ အစိပ်အပိုင်းလို့ ယူဆကြတဲ့ ပစ္စည်းတချို့ မျောနေတယ်ဆိုတဲ့ ဂြိုလ်တု ပုံရိပ် တွေ ရခဲ့ပေမယ့် ဘယ်လိုမှ အတည်ပြုလို့မရသေးပါဘူး။

အိမ့်သံစဉ် ~
Irrawaddy Blog

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...