ပင်လယ်ရေကို လောင်စာအဖြစ် သုံးနိုင်မည့်နည်းလမ်း အမေရိကန်တွေ့ရှိ



သိပ္ပံပညာရှင်များ ဆယ်စုနှစ်ပေါင်းများစွာ ကြံစည်နေကြသော ကိစ္စဖြစ်သည့် ပင်လယ်ရေကို ယူကာ လောင်စာအဖြစ် အသုံးပြုနိုင်မည့် နည်းလမ်း၏အဖြေကို နောက်ဆုံးတွင် အမေရိကန် ရေတပ် အနေဖြင့် တွေ့ရှိပြီဖြစ်သည်ဟု ဧပြီ ၉ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အရည်အသွင် ဟိုက်ဒရိုကာဗွန် လောင်စာအား တီထွင်ပြုလုပ်နိုင်ခဲ့ခြင်းအား “ကစားပွဲ အလှည့်အပြောင်း တစ်ရပ်” ဟု ဂုဏ်ပြုလျက်ရှိကြသည်။ ယခုတွေ့ရှိချက်ကြောင့် လောင်စာအတွက် ထောက်ပံ့ပို့ဆောင်မှု လမ်းကြောင်းကို တိုတောင်းသွားစေမည်ဖြစ်ကာ အားနည်းချက်ကို အသုံးချ၍ အလွယ်တကူ တိုက်ခိုက် လာနိုင်သောကိစ္စများကို ရှောင်ရှားနိုင်မည် ဖြစ်သည်။

အမေရိကန်တွင် စစ်ဘက် ရေနံထောက်ပံ့ရေးသင်္ဘော ၁၅ စင်းပါသော ရေတပ်သင်္ဘောစု တစ်စုရှိကာ လေယာဉ်တင်သင်္ဘောများ နှင့် အချို့ ရေငုပ်သင်္ဘောများတွင်သာ နျူကလီးယား စွမ်းအင်ကို အသုံးပြုထား သည်။

အဆုံးစွန်ရည်ရွယ်ချက်မှာ နောက်ဆုံးတွင် ရေနံအပေါ် အကြီးအကျယ် မှီခိုနေရခြင်းကို ဖယ်ရှားရန်ဖြစ်ပြီး အကယ်၍ ရေနံစွမ်းအင် ပြတ်လပ်သွားပါက သို့မဟုတ် ရေနံဈေးနှုန်းများ အတက်အကျ ကြမ်းပါကလည်း အမေရိကန် ရေတပ်အနေဖြင့် ဒုက္ခရောက်တော့မည် မဟုတ်ပေ။

ပင်လယ်ရေမှနေ၍ ကာဗွန်ဒိုင်အောက်ဆိုက်နှင့် ဟိုက်ဒရိုဂျင်ဓာတ်ငွေ့များ ထုတ်နုတ်ရယူနိုင်မည့် နည်း လမ်းကို အမေရိကန်ပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် ဓာတ်ငွေ့ပြောင်း ကိရိ ယာကိုအသုံးပြု၍ ဓာတ်ငွေ့မှ အရည်အသွင်ပြောင်းရေး နည်းစနစ်ဖြင့် လောင်စာတစ်မျိုးကို ထုတ်လုပ်မည် ဖြစ်သည်။ ထို လောင်စာအနေဖြင့် သင်္ဘောများကိုသာမက လေယာဉ်များကိုပါ စွမ်းအင် ပံ့ပိုးပေးနိုင်လိမ့် မည်ဟု ပညာရှင်များက မျှော်လင့်နေကြသည်။

ယခုတွေ့ရှိသော နည်းပညာကြောင့် သင်္ဘောများအနေဖြင့် လောင်စာအတွက် ရေနံထောက်ပံ့ရေး သင်္ဘောများကို မှီခိုနေမည့်အစား ပင်လယ်ထဲတွင် လောင်စာကို ထုတ်လုပ်နိုင်စွမ်း ရှိလာတော့မည် ဖြစ်သည်။

Mizzima News

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...