မြန်မာစာဘယ်လဲ



“အင်္ဂလိပ်စာပေကို မြန်မာတို့သင်ကြားလေ့လာသည့်နေ့မှစ၍ မြန်မာစာပေကို အရေးတကြီးသင်ကြား ခြင်း အလေ့များစွာဆုတ်ယုတ်သွားသည်မှာ ထင်ရှားလှပေ၏။ ရှေးအခါက မြန်မာကလေးငယ်များ၏ ပညာ ဆည်းပူးရာဌာနဖြစ်သော ဘုန်းကြီးကျောင်းများသည် ယခုအခါ လူသံတိတ်ဆိတ်၍ ကျောင်းသားများ ကင်းမဲ့နေသည်ကိုသာ တွေ့မြင်ရပေမည်။ မြန်မာစာကို အလေးမပြုဘဲ အင်္ဂလိပ်စာတို့ကို အရေးတကြီး သင်ကြားလေ့လာသောအခါ သည်ကမ္ဘာစစ်ကြီးမဖြစ်မီ ဆယ်နှစ်၊ ဆယ့်ငါးနှစ်အတွင်းက ဖြစ်၏။ ထို့ထက်ရှေးကျသောအခါကမူကား မင်းပြောင်းမင်းလွဲ ပြီးခါစဖြစ်၍ နိုင်ငံခြားတို့၏ စာကိုလေ့လာရန် စိတ်မရှိကြချေ။ ကမ္ဘာစစ်ကြီးမဖြစ်မီကမူကား မြန်မာစာကိုလေ့လာရန်ပင်ခပ်ရှက်ရှက် ဖြစ်လေ့ရှိကြပေ ၏။

အထက်ပါစာပိုဒ်မှာ ခေတ်စမ်းစာဆိုကြီး ဆရာသိပ္ပံကျောင်းသားမောင်မြသွင် အမည်ဖြင့်ရေးခဲ့သော “ကမ္ဘာစစ်ကြီး အမျိုးသားကျောင်းများနှင့် မြန်မာစာ” ဆောင်းပါးမှ စာတစ်ပိုဒ်ဖြစ်သည်။ ပထမကမ္ဘာစစ် မဖြစ်မီက မြန်မာလူမျိုးတို့သည် ကိုယ့်မြန်မာစာပေကို အလေးမထားဘဲ အင်္ဂလိပ်စာတတ်မှ လူရာဝင် သလိုဖြစ်ကာ အင်္ဂလိပ်စာပေကိုသာ အလေးထားသင်ကြားလေ့လာခဲ့ကြရာမှ ကမ္ဘာစစ်ကမြန်မာတို့ အား သတင်းစာဖတ်ရန် တိုက်တွန်းနှိုးဆော်သကဲ့သို့ ဖြစ်ပုံ၊ ကျောင်းသားများ၏ သပိတ်မှောက်ကိစ္စ ကြီးသည် လည်း မြန်မာစာပေကို လေ့လာရန်အားပေးသော အမှုကြီးတစ်ခုဖြစ်ပုံတို့ကို ရေးသားတင်ပြ ထားသောဆောင်းပါးဖြစ်လေသည်။

တစ်ရက်မှာ ကျွန်တော့်စာအုပ်စင်တွင် စာအုပ်တစ်အုပ်ကိုလိုက်ရှာရင်း ကျွန်တော့်မှတ်ဉာဏ်ထဲမှာ အတန်ငယ်မေ့နေပြီဖြစ်သည့် အထက်တန်းကျောင်းသားဘဝက စကားပြေလက်ရွေးစင် စာအုပ်လေး ကို မမျှော်လင့်ဘဲ ပြန်တွေ့၏။ ကျွန်တော့်ငယ်ချစ်ဦးပေမို့ စာအုပ်စင်မှ တယုတယပြန်ယူကာ ဖွင့်ဖတ် လိုက်တော့ ပထမဆုံးတွေ့ရသည်က အထက်ပါဆောင်းပါး။ နောက်ဆရာမြမျိုးလွင်၏ မြန်မာ့ခြင်းခတ် ပညာ၊ ဆရာဇဝန၏ သတင်းစာသုံးမြန်မာစာ စသည်စသည်။ အဲဒီနောက်မှာသေနင်္ဂဗျူဟာ စစ်ပညာ ဟုပမည်ပေးထားသည့် ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရာဆောင်းပါး။ ထို့နောက်မှာမောင်ထင်၊ ဇေယျ၊ ဦးသန့်၊ သခင်ဘသောင်း၊ လူထုဒေါ်အမာ၊ မင်းသုဝဏ်၊ ဇော်ဂျီ၊ မန်းတင်၊ သိပ္ပံမောင်ဝ၊ အောင်သင်း၊ တိုက်စိုး၊ တင်မိုးစသည့် စာပေပညာရှင်ကြီးများ၏ လက်ရာစာတမ်းငယ်များ၊ ဆောင်းပါးများ။

ကျွန်တော်သည် ရှာလက်စစာအုပ်ကို ဆက်မရှာဖြစ်တော့ဘဲ ငယ်ချစ်ဦးစကားပြေလက်ရွေးစင် စာအုပ် လေးနှင့်ပင် ထိုနေ့ကအချိန်ကုန်သွားသည်။ ဖတ်ပြီးသည့်နောက်မှာ ကျွန်တော့်ခေါင်းထဲတွေး စရာတွေ က တသီတန်းကြီးပေါ်လာသည်။ ကျွန်တော်တို့ ကျောင်းသားဘဝကထိုစကားပြေ လက်ရွေးစင် စာအုပ် ကို ကျွန်တော်တစ်ယောက်တည်း နှစ်သက်သည်မဟုတ်။ ကျွန်တော်တို့ သူငယ်ချင်းများ အားလုံး လိုလို နှစ်သက်ကြသည်။ မြန်မာစာဆရာက အသင်ကောင်းလို့လားဆိုတော့ မဟုတ်နိုင်ဟုထင်သည်။ အကြောင်းမှာကျွန်တော်တို့ကို ဆရာကဆယ်ပုဒ်ပြည့်အောင်ပင် မသင်ခဲ့သောကြောင့်ဖြစ်သည်။ သို့သော် ကျွန်တော်ဘယ်နှခေါက်မှန်း မသိအောင်ပင် ဖတ်ဖြစ်ခဲ့ကြပါသည်။ “ငဘ” စကားပြေကိုဖတ် ပြီး “ငဘ” ဝတ္ထုကြီးကိုဖတ်ချင်စိတ်ပေါက်လာခဲ့သည်။ “ဇော်ဟိတ်နှင့် တိုင်းလုံးကျော်တို့လက်ဝှေ့ပွဲ” စကားပြေကို ဖတ်ပြီး ရွှေဥဒေါင်း၏ဝတ္ထုများကို ဖတ်တတ်လာခဲ့ခြင်းဖြစ်သည်။ အထက်တန်းပင်ရင်း စကားပြေ လက်ရွေးစင်စာအုပ်သည် ကျွန်တော်တို့ကို စာပေဝါသနာပါအောင် မျိုးစေ့ချပေးခဲ့သော ဥယျာဉ်မှူးဟု ဆိုနိုင်သည်။ ကျွန်တော်တို့ခေတ်က ကျောင်းသားများ မြန်မာစာကိုလည်းဝါသနာ ပါကြ သလို မြန်မာစာမှာ လည်း ဝါကျတစ်ကြောင်းဖြောင့်ဖြောင့် မရေးနိုင်လောက်အောင် မညံ့ကြပါ။

ပြီးခဲ့သည့် မတ်လ ၂၂ ရက်ထုတ် 7Day Daily မျက်နှာဖုံးတွင် သတင်းတစ်ပုဒ်ဖတ်လိုက်ရ၏။ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဖြေဆိုသူငါးသိန်းရှစ်သောင်းကျော်အနက် စိတ်ကြိုက်မြန်မာစာ တွဲဖြင့် ဖြေဆိုသူနှစ်ဦးသာရှိသည်ဟု ဆိုသည်။ ယင်းနှစ်ဦးအနက် တစ်ဦးမှာ အသက် (၅၀) ကျော်နေပြီ။ မနှစ်ကလည်း သူတို့နှစ်ဦးသာရှိသည်ဟု ဆိုသည်။ သူတို့နှစ်ဦးစာမေးပွဲအောင်သွားလျှင် စိတ်ကြိုက် မြန်မာ စာတွဲယူမည့် ကျောင်းသားမရှိတော့ဘူးလား။ ကိုယ့်ကိုယ်ကိုယ်မေးရင်း ကျွန်တော်စိတ်မ ကောင်းဖြစ်မိ သည်။ ကျွန်တော်တို့ကလေးတွေ မြန်မာစာကို စိတ်မဝင်စားကြတော့ဘူးလား။ စိတ် ကြိုက်မြန်မာစာမှ မဟုတ် ရိုးရိုးပင်ရင်းမြန်မာစာကိုလည်း မယူဘဲနေ၍ရလျှင် မယူမည့်ကျောင်းသား တွေအများကြီးရှိသည်။ ကဗျာတွေ၊ ခက်ဆစ်တွေ မကျက်ချင်။ စကားပြေတွေ မဖတ်ချင်။ ကျွန်တော်တို့တုန်းကလို ဘယ်နှခေါက် မှန်း မသိအောင် ဖတ်ဖို့မပြောနှင့်။ ဆရာမသင်ရသေးသည့် သင်ခန်းစာကို ကြိုတင်ပြီး တစ်ခေါက်လောက် ဖတ်ကြည့်သည့် ကျောင်းသားပင်အတော်နည်းသွား ပေပြီ။ အထက်တွင် ကျွန်တော်ဖော်ပြခဲ့သည့် သိပ္ပံကျောင်းသားမောင်မြသွင်၏ ဆောင်းပါးထဲကလို ကမ္ဘာစစ်မဖြစ်မီကအတိုင်း မြန်မာစာပေကို အရေးတကြီး သင်ကြားသည့် အလေ့များဆုတ်ယုတ်သွား ကြပြီလား။

အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ လေ့လာဆန်းစစ်ကြည့်ကြဖို့လိုပြီဟု ကျွန်တော်ထင်သည်။ အချို့ ကလည်းပြောကြသည်။ နည်းပညာများ ဖွံ့ဖြိုးလာသော ယနေ့ခေတ်တွင် ခေတ်မီပညာရပ်များကို သင်ကြားတတ်မြောက်လိုလျှင် အင်္ဂလိပ်စာတတ်မှဖြစ်မည်။ ဒါကြောင့်မြန်မာစာကို စိတ်ဝင်စားမှုနည်း ပါးလာခြင်းဖြစ်သည်ဟု ဆိုကြ၏။ အနည်းအကျင်းတော့ ဟုတ်ချင်ဟုတ်ပါလိမ့်မည်။ သို့သော် ဤအ ချက်သည် အဓိကအကြောင်းရင်းမဖြစ်နိုင်ဟုထင်သည်။ မြန်မာစာကို ကလေးများစိတ်ဝင်စားမှုနည်းပါး ရခြင်း၏အဓိကအကြောင်းရင်းသည် ယနေ့ခေတ်နှင့် အလှမ်းကွာလွန်းသော ပြဋ္ဌာန်းချက် သင်ရိုး များ ကြောင့်ဟု ဆိုချင်သည်။

ကျွန်တော်တို့ခေတ်က ပြဋ္ဌာန်းစာအုပ်ထဲရှိ စာရေးဆရာများကို အပြင်မဂ္ဂဇင်းများတွင်လည်း တွေ့နိုင် သည်။ ကျောင်းပြဋ္ဌာန်းစာအုပ်ထဲက စာရေးဆရာတစ်ယောက်၏အမည်ကို အပြင်မဂ္ဂဇင်းထဲမှာ တွေ့ရ သည့်အခါထိုစာရေးဆရာကို ပိုစိတ်ဝင်စားသွားသည်။ ပြဋ္ဌာန်းစာအုပ်ထဲက ထိုစာရေးဆရာ၏စာကို ဖတ်ပြီးသည့်တိုင် ပြန်ဖတ်ကြည့်မိ၏။ သည်လိုနှင့်ကျွန်တော်တို့သည် မြန်မာစာကို စိတ်ဝင်စားခဲ့ကြ၏။ ယနေ့ခေတ်တက္ကသိုလ်ဝင်တန်း မြန်မာသင်ရိုးများကိုကြည့်ပါ။ စိတ်ကြိုက်မြန်မာစာတွင် မြန်မာစာပေ သမိုင်း၊ သံဝရပျို့၊ မောင်ရင်မောင်မမယ်မ၊ မြန်မာကဗျာဖွဲ့ နည်း၊ မြန်မာဝတ္ထုတိုလက်ရွေးစင် စသည် များ ပြဋ္ဌာန်းထား၏။ ခေတ်နှင့်အနီးဆုံးဟူ၍ မြန်မာဝတ္ထုတိုလက်ရွေးစင်မှ ငွေတာရီတစ်ယောက်လောက် သာပါသည်။ ဒါတောင် ငွေတာရီ၏ စာပေလက်ရာများကို အပြင်မဂ္ဂဇင်းများတွင် မတွေ့နိုင်တော့ချေ။ ပင်ရင်းမြန်မာစာတွင်လည်း ၂၀၀၂ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်ကမှ ထပ်မံ၍ထည့်သွင်းပြဋ္ဌာန်းခဲ့သော သိပ္ပံ မောင်ဝ၊ တိုက်စိုး၊ ရွှေဥဒေါင်း၊ သော်တာဆွေ စသူတို့၏စကားပြေများ၊ ဇော်ဂျီ၊ ငွေတာရီ၊ နောင်၊ ထီလာစစ်သူ စသူတို့၏ကဗျာများလောက်သာ သည်ခေတ်နှင့် အနည်းငယ်နီးသည်။ ကျန်တာတွေက ပဒေသရာဇ်ခေတ်စာပေလက်ရာများဖြစ်၏။

သည်ခေတ်ကလေးတွေ မြန်မာစာကို စိတ်ဝင်စားစေချင်လျှင် သူတို့ခေတ်နှင့်နီးစပ်သော စာပေလက် ရာများသာ ဖြစ်သင့်သည်။ သူတို့ခေတ်နှင့် မနီးစပ်သော ကျောက်စာများ၊ ရာဇဝင်များ၊ အရေးတော်ပုံ များ၊ အဲချင်း၊ ညည်းချင်းများကို စိတ်ဝင်စားလိမ့်မည်မဟုတ်ချေ။ အခြေခံပညာအဆင့်တွင် မြန်မာစာကို စိတ်ဝင်စားမှသာ ကျွန်တော်တို့ခေတ်ကလို တက္ကသိုလ်အဆင့်တွင် မြန်မာစာမေဂျာကို တကယ်စိတ် ဝင်စား၍ယူသည့် ကျောင်းသားတွေပေါ်ထွက်လာပေမည်။ ဒါမှသာထူးချွန်သည့် မြန်မာစာပေရှင်တွေ များများပေါ်ထွန်းလာပေမည်။ ဒါမှသာထူးချွန်သည့် မြန်မာစာပေရှင်တွေများများ ပေါ်ထွန်းလာပေလိမ့် မည်။ ယခုမူ တက္ကသိုလ်တွင် မြန်မာစာမေဂျာကို နောက်ဆုံးနေရာက ထားလျှောက်ကြသည့်ကျောင်း သားတွေကများနေပေသည်။ အခြားမေဂျာတွေမရမှ မြန်မာစာမေဂျာတွေမရမှ မြန်မာစာမေဂျာတက် မည်ဟူသည့် သဘောဖြစ်နေပေသည်။

အချို့ကလည်း ပြောကြသည်။ ယခုကဲ့သို့ ခေတ်စုံအောင်ထည့်သွင်းထားခြင်းဖြင့် ခေတ်အလိုက်မြန်မာ စာပေဖြစ်ပေါ်တိုးတက်လာမှုကို ကျောင်းသားများ အလွယ်တကူ သဘောပေါက်သွားစေနိုင်သည်ဟု ဆို၏ ကျွန်တော့်အမြင်ပြောရလျှင် လမ်းလျှောက်တတ်ခါစ ကလေးကို သစ်ပင်အမြင့် တက်ခိုင်းသလို ဖြစ်နေသ လားထင်မိ၏။ မြန်မာစာပေခေတ်အဆက်ဆက် ဖြစ်ပေါ်တိုးတက်မှုအစီအစဉ်ကို သိစေလို လျှင်တက္ကသိုလ် အဆင့်တွင် မြန်မာစာမေဂျာသမားများကိုသာ သင်သင့်သည်။ တက္ကသိုလ်အဆင့် ရောက်မှသာ ဦးနှောက် ဉာဏ်ရည်လည်း ပိုမိုဖွံ့ဖြိုးလာပြီဖြစ်သဖြင့် မိမိသင်ကြားရသည့် သင်ခန်းစာ များအပေါ် ဝေဖန်သုံးသပ် မှု၊ ခေတ်အလိုက်ပေါ်ထွန်းလာသော စာပေများအပေါ် နှိုင်းယှဉ်လေ့လာမှု များပြုနိုင်မည် ဖြစ်သည်။

ယခုမူအခြေခံပညာအဆင့်ကလေးများ၏ မြန်မာစာအရည်အသွေးက တစ်နှစ်ထက်တစ်နှစ် ကျဆင်း လာနေသည်။ ဘာသာတွဲများခွဲကာစက ကျွန်တော်တို့လို မြို့ငယ်ကလေး၌ပင် စိတ်ကြိုက်မြန်မာစာယူ သည့် ကျောင်းသားငါးယောက်လောက်ရှိသေးသည်။ ယခုတစ်နိုင်ငံလုံးတွင်မှ နှစ်ဦးသာရှိတော့၏။ ဒါတောင်အတွင်းကျောင်းသားမဟုတ်။ နောင်တွင်တစ်ဦးမှ ရှိမည်မထင်တော့။ ကလေးတွေ တဖြည်း ဖြည်း ညံ့လာသည်ဟု ကလေးတွေကိုချည်း အပြစ်ပြောမနေဘဲ သင်ကြားသူဆရာ၊ ဆရာမများ၏ အရည် အသွေးနှင့် သင်ရိုး၏အားနည်းချက်များကို ပြန်လည်ဆန်းစစ်ဖို့ သင့်ပါသည်။ ထိုသို့မဟုတ်လျှင် တော့ ကျွန်တော်တို့၏ မြန်မာစာဘယ်လဲဟုသာ မေးရပါတော့မည်။

7Day Daily
No.341, March.31, 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...