အရောင်မှိန်လာသည့် စာအုပ်အငှားဆိုင်လေးများ



လွန်ခဲ့သောနှစ်များက လူအဝင်အထွက်မပြတ်ခဲ့သော စာအုပ်အငှားဆိုင်ငယ်လေးတစ်ခုမှာ ယနေ့တွင် ကုန်မျိုးစုံရောင်းချသောဆိုင် အဖြစ် ပြောင်းလဲခဲ့သည်။

ရပ်ကွက်စာအုပ်ဆိုင်ငယ်လေးတွင် ယခင်ကစာအုပ်ငှားရမ်းလေ့ရှိသော်လည်း အဆိုပါ စာအုပ်ဆိုင်ပိတ်သွားပြီးနောက် ရပ်ကွက်တစ်ခုကျော်ရှိ အငှားဆိုင်သို့ သွား၍ငှားရမ်းရသဖြင့် စာအုပ်အငှားဆိုင်များမှ ငှားရမ်း ဖတ်သောအလေ့အကျင့်မှာ ၎င်း အတွက် ကွယ်ပျောက်ခဲ့ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းမရွှေရည်က ပြောသည်။

‘‘အိမ်ရှေ့က ကိုယ်နဲ့သိတဲ့ဆိုင်က ပိတ်သွားတယ်။ တခြားဆိုင်တွေ ကျတော့ ကိုယ်နဲ့လည်း သိပ်မသိဘူး။ ပြီးတော့ ဟိုဘက်လမ်းခြားပြီး ရပ်ကွက်တစ်ခုကျော် သွားငှားရတော့ မငှားဖြစ်တော့ဘူး’’ဟု မရွှေရည်က ပြောသည်။

ရပ်ကွက်အတွင်းရှိ စာအုပ်အငှားဆိုင်ငယ် အချို့မှာ စာအုပ် များ ဈေးမြင့်လာ၍ စာအုပ်အသစ် များ ထပ်မံဝယ်ယူနိုင်ခြင်းမရှိသည့်အတွက် ငှားရမ်းသူနည်းသောကြောင့် ဆိုင်ငယ်အချို့ ပျောက်ဆုံး သွားခြင်းဖြစ်ကြောင်း စာအုပ်အငှားဆိုင် ပိုင်ရှင်အချို့က ပြောသည်။

စာအုပ်အငှားဆိုင်များ လျော့နည်းလာခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း အတွင်းရေးမှူး ဦးမြင့်ထွန်းက ‘‘မြန်မာပြည်အတိုင်းအတာနဲ့ကြည့်ရင် စာအုပ်ဆိုင်တွေက သုံးချိုးနှစ် ချိုးလောက်ပျောက်သွားပြီ။ ပျောက်သွားတဲ့အချက်က စာအုပ်ဈေးကြီးပြီးတော့ တစ်ရက်ဖတ်ခနှုန်း မြင့် လာတော့ စာအုပ်မဖတ်တော့ ဘူး’’ဟု ဝေဖန်ပြောဆိုသည်။

ရပ်ကွက်စာအုပ်ဆိုင်ငယ်အချို့မှာ စာအုပ်ဈေးမြင့်တက်လာပြီး အသစ်မတင်နိုင်တော့သည့်အတွက် မိမိတို့ဖတ်ပြီးသား အဟောင်းစာအုပ်များသာရှိနေသဖြင့် ငှားရမ်းဖတ်လေ့မရှိတော့ကြောင်း လူ ငယ်အချို့ထံမှ သိရသည်။

‘‘အခုက စာအုပ်အငှားတွေကျလာတော့ ဝင်ငွေမရှိဘူး။ ပြန်ဝယ်ဖို့တောင် အဲဒီငှားရတဲ့ ပိုက်ဆံလေးနဲ့ဝ ယ်ရတာဆိုတော့ အဆင်မပြေဘူး။ စာအုပ်အငှားဆိုင်တွေက သိပ်မကိုက်တော့ဘူး’’ ဟု ရွှေပြည်သာမြို့နယ် အတွင်း ရှိ စာအုပ်အငှားဆိုင်ဖွင့်ထားသူ ဒေါ်မြမြငြိမ်းကပြောသည်။

လွန်ခဲ့သည့် သုံးလေးနှစ်က ဝတ္ထုစာအုပ်တစ်အုပ်လျှင် ကျပ် ၁,၂၀၀ ဝန်းကျင်သာရှိသော်လည်း ယခု ကျပ် ၂,၀၀၀ ဝန်းကျင်အထိ ဈေးမြင့်တက်ခဲ့ကြောင်း၊ မဂ္ဂဇင်းတစ်အုပ်လျှင် ကျပ် ၃,၀၀၀ ဝန်းကျင်မှ ယခု ကျပ် ၃,၇၀၀ ဝန်းကျင်အထိ ဈေးမြင့်ခဲ့သည်။

စာအုပ်ငှားရမ်းဖတ်ခများမှာ ဝတ္ထုတစ်အုပ်လျှင် ကျပ် ၁၀၀၊ ကျပ် ၂၀၀ နှင့် မဂ္ဂဇင်းတစ်အုပ်လျှင် ကျပ် ၃၀၀ ဝန်းကျင်ဈေးရှိကြောင်း စာအုပ်အငှားဆိုင်များမှ သိရသည်။

စာအုပ်တစ်အုပ်လျှင် အနည်းဆုံး ကျပ် ၂,၀၀၀ ဝန်းကျင်ရှိသည့် အတွက် စာအုပ်အငှားဆိုင်များအနေဖြင့် စာအုပ်ငှားရမ်းဖတ်သူ ၁၀ ဦးရှိမှသာ အရင်းကျေမည်ဖြစ်သောကြောင့် ငှားရမ်းဖတ်ရှုသူနည်းပြီး အသစ်မတင်နိုင်၍ အချို့စာအုပ်ဆိုင်များ ပျောက်ကွယ်သွားခြင်းဖြစ်သည်။

လက်ရှိဖွင့်လှစ်ထားဆဲဖြစ်သော စာအုပ်အငှားဆိုင်ရှင်အချို့မှာ စနေ၊တနင်္ဂနွေ အလုပ်ပိတ်ရက်များတွင်သာ စာအုပ်ငှားရမ်းရပြီး ဝတ္ထုစာအုပ် ငှားရမ်းဖတ်သူအများဆုံးမှာ စက်ရုံအလုပ်ရုံအတွင်း အလုပ်လုပ်သော မိန်းကလေးများဖြစ်ကြောင်း စာအုပ်အငှားဆိုင်အချို့က ပြောသည်။

‘‘စက်ရုံက မိန်းကလေးတွေက ဝတ္ထုငှားဖတ်ကြတာများတယ်။ စနေလိုညမျိုးဆို သူတို့ဖတ်ကြတယ်။ ကလေးတွေကတော့ အခုလိုအချိန် ကျောင်းပိတ်ထားတော့ ဖတ်ကြပါတယ်’’ဟု အင်းစိန်မြို့နယ်အတွင်းရှိ စာအုပ်အငှားဆိုင်ဖွင့်ထားသူ မမူမူစိုးက ရယ် လျက်ပြောသည်။

စာအုပ်အငှားဆိုင်များမှာ အခြေခံပညာသင်ကျောင်းသားများပိတ်ရက်ဖြစ်သော နွေရာသီတွင် ကာတွန်း၊ ရုပ်ပြများငှားရမ်း ရလေ့ရှိပြီး ကျောင်းဖွင့်လများတွင် စာအုပ်ငှားရမ်းနှုန်းကျသည်ဟု ရပ်ကွက်စာအုပ်ဆိုင်ငယ်များမှ သိရသည်။

စာအုပ်အငှားဆိုင်ငယ်အချို့ လျော့နည်းလာသော်လည်း သုတရသစာအုပ်မျိုးစုံရောင်းချသော စာအုပ်အရောင်းဆိုင်များ၏ ဈေးကွက်မှာ တည်ငြိမ်နေဆဲဖြစ်သည်။

လုပ်ငန်းခွင်တွင် တစ်နှစ်ကြာ ဝင် ရောက်ပြီးဖြစ်သော မရွှေရည်တစ်ယောက် အားလပ်ရက်တွင် ရပ်ကွက်တစ်ခုကျော်ရှိ စာအုပ်အငှားဆိုင်သို့သွားရောက်၍ နှစ်သက် သောအပျော်ဖတ်ဝတ္ထုစာအုပ် အချို့ ငှားရမ်းနေပြီဖြစ်သည်။

7Day Daily
No.352 Friday, April 18, 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...