ဒေါသအိုးများ နှလုံးနှင့် လေ သတိထား



မြန်မာရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ ဇာတ်ဆောင်တွေ ဒေါသထွက်ရင်း Stroke လေဖြတ်သတိလစ်၊ Heart Attack နှလုံးတိုက်ခိုက်ခံရတာတွေကို မကြာခဏ တွေ့ရလေ့ ရှိပါတယ်။ စာရေးသူ ငယ်ငယ်က ဒါမျိုးတွေကို ရုပ်ရှင်ထဲမှာ မြင်ရရင် အမှုမဲ့ အမှတ်မဲ့ပါပဲ။ ဒါရိုက်တာက ဇာတ်နာအောင် ပိုပြီးလုပ်တယ်လို့ ထင်တဲ့အခါလည်း ထင်တာပေါ့။ တခါတလေလည်း ဇာတ်ဆောင်တွေကို အမူအယာ ပိုလွန်းတယ်ဆိုပြီး အမြင်တောင် ကပ်မိသလိုလို။

စာရေးသူ ဆရာဝန်ပေါက်စ ဖြစ်လာတော့လည်း ဒါမျိုးတွေဟာ တမင် ဇာတ်လမ်းဆင်တယ်လို့ ထင်ဆဲပါပဲ။ တကယ်တော့ ဒေါသဆိုတာ ရုပ်ရှင်ထဲမှာတင်မကဘူး အပြင်မှာလည်း တကယ်ကို ကြောက်စရာ ကောင်း ပါတယ်။ အခု ခေတ်ပါ် ဆေးသုတေသန စာတမ်းတွေအရ ဆိုရင် ဒေါသကြောင့် နှလုံးအတိုက်အခိုက် ခံရသူ လေဖြတ်သူတွေ မနည်းပါဘူး။ ဒီ စာတမ်းတွေကို စံနစ်တကျ ပေါင်းစည်းသုံးသပ်ထားတဲ့ ဆေး ပညာဆိုင်ရာ စာတမ်းတစ်ခုအရဆိုရင် ဒေါသပေါက်ကွဲပြီး ၂ နာရီအတွင်းမှာ နှလုံးတိုက်ခိုက်ခံရသူတွေဟာ သာမာန်လူတွေထက် ၅ ဆ များပြီး လေဖြတ်သူ ၃ ဆ ရှိတယ်လို့ ပြောပါတယ်။

ရှေးဟောင်း ကျမ်းဂန်တွေထဲကအတိုင်း ကျန်းမာရေးအတွက်ဆိုရင် ကံ၊ စိတ်၊ ဥတု၊ အာဟာရ လေး မျိုးကြောင့် ရောဂါဖြစ်တတ်တယ် ဆိုတဲ့အတိုင်း ဆိုတော့ စိတ်ကြောင့် ရောဂါရတာ အထူးအဆန်းတော့ မဟုတ်လှပါဘူး။အခုခေတ် တကမ္ဘာလုံးမှာ လူတိုင်းလိုလို စားဝတ်နေရေး အတွက် နေ့စဉ် လှုပ်ရှားကြရတဲ့ အခါ သောကတွေနဲ့ ၀န်ပိနေတတ်ကြပါတယ်။ တခါတလေ အလုပ်မှာ မတတ်သာလို့ အောင့်အီး သည်းငြီးခံပေမယ့် စိတ်ကိုဖိအုပ်ထားရတာ မလွယ်လှပါဘူး။ အကြောင်းလေးနည်းနည်း တိုက်ဆိုင်တဲ့ အခါ ပေါက်ကွဲလေ့ ရှိကြပါတယ်။

သောကများရင် လူတွေက အထိမခံ ရွှေပန်းကန် ဖြစ်လေ့ ရှိကြတယ် မဟုတ်ပါလား။ တခါတလေ ဘာမှ မဟုတ်တာလေးနဲ့ကို စိတ်တို ဒေါသ ထွက်နေလေ့ ရှိကြတယ်။ ဘေးလူက နည်းနည်းလေး အသံကျယ် ကျယ်နဲ့ သီးချင်း ဖွင့်တာမျိုးတောင် လူက သည်းမခံနိုင်တော့ဘူး။ လူတစ်ယောက် ဒေါသထွက်တဲ့ အခါ သောကဟော်မုန်းလို့ ခေါ်တဲ့ မကောင်းတဲ့ ဓါတုပစ္စည်းတွေ ကိုယ်ခန္တာထဲကနေ အပြေးအလွှား ထွက်လာတော့တာပါပဲ။ အဲဒီဓာတုပစ္စည်းတွေထဲမှာ အယ်ဒရီနယ်လင်လို့ခေါ်တဲ့ ဓာတ်တစ်မျိုးလည်း ပါတာပေါ့။ ဒီဓာတ်ဟာ ကမ္ဘာဦးတည်းက လူသားတွေအတွက် အန္တရာယ်ကြုံလို့ ကြောက်လန့် တကြား ပြေးလွှားလှုပ်ရှားနိုင်အောင် သဘာဝက ပေးထားတဲ့ သဘာဝလက်ဆောင်ပါ။ သွေးပေါင်ချိန်ကို တက်စေတယ်၊ သွေးခုန်နှုန်းပို မြန်စေတယ်။ သေရေးရှင်ရေးအတွက် ဒီဓာတ်တွေက မရှိမဖြစ်ပေ မယ့် ဒေါသပေါက်ကွဲလို့ ဒီဓာတ်တွေ သိပ်များလာရင် ဒုက္ခလှလှ ပေးနိုင်ပါတယ်။

ဒေါသကြောင့် သွေးပေါင်ချိန် ရုတ်တရက် ဆောင့်ပြီး တက်လာတဲ့အခါ ကိုယ်ခန္နာက ရုတ်တရက်ဆိုရင် ဒဏ်မခံနိုင် ဖြစ်တတ်ပါတယ်။ အသက်ငယ်စဉ်တုန်းက သွေးကြောတွေကကောင်းသေးတော့ ခံနိုင်ရည် ရှိပေမယ့် အသက်ကလေး ရလာတဲ့အခါ သွေးကြောတွေကလည်း မငယ်တော့ပါဘူး။ အသက်နဲ့အတူ သွေးကြောတွေ အသက်ကြီးလာတဲ့အခါ ပျော့ပြောင်းမှု နည်းလာပါတယ်။ တစ်သက်လုံး စားထား သောက်ထား ခန္တာကိုယ်ကို လျှစ်လျှူရှုထားမိခဲ့ရင် သွေးကြောတွေ ချိုးကပ်ပြီး ပိုလို့ ဆိုးတာပေါ့။ အိမ်အို အိမ်ဟောင်းက ပိုက်အိုပိုက်ဟောင်းတွေကို မြင်ကြည့်ပါလား။ သံချေးတက်နေတဲ့ ပိုက်တွေကို အင်ဂျင် အားကောင်းကောင်းနဲ့ ရေများများသွင်းကြည့်ရင် ဘယလိုနေမယ် ထင်သလည်း။ တစ်နေရာရာကတော့ ပိုက် ပေါက်မှာပေါ့။ နှလုံးသွေးကြောတွေ ဦးဏှောက်သွေးကြောတွေလည်း ဒီလိုပါပဲ၊ သွေးပေါင်ချိန် ရုတ်တရက် ဆောင့်တက်လာရင် အခြေအနေ မကောင်းနိုင်ပါ ဘူး။ ဒေါသ ကို ရှေ့ထားမိရင်တော့ နှလုံးတိုက်ခိုက်ခံရတာ၊ လေဖြတ်တာတွေကို ဖိတ်ခေါ်နေသလိုပါပဲ။

ဒေါသဆိုတဲ့ အမျိုးကလား ပြောရတာသာလွယ်တယ်။ သူသူကိုယ်ကိုယ် ဘယလိုလုပ်ပြီး ထိန်းလို့ လွယ်ပါ့မလည်း။ မလွယ်ပေမယ့်လည်း အသက်နဲ့ ပါတ်သက်လာပြီဆိုတော့ ထိန်းကို ထိန်းချုပ်ရမှာပေါ့။ “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုပြီး ထိရောက်သည်” ဆိုတဲ့စကားကလည်း ကြားလွန်းလို့ လူတိုင်းလို ရိုးအီနေလောက်ပါပြီ။ နှလုံးတိုက်ခိုက်ခံရပြီ၊ လေဖြတ်ပြီ ဆိုရင်တော့ ဘယ်လောက်ပဲ ဆေးဝါး ကိရိယာပစ္စည်းတွေစုံစုံ အသက်အန္တရာယ်ကို လွယ်ထားရတာပါ။ တိုးတက်တဲ့ နိုင်ငံတွေမှာတောင် ဒီရောဂါ ၂ မျိုးက လူအသတ်ဆုံး တရားခံတွေပါ။ ငွေကြေး ဘယ်လောက်ပဲဖြစ်ဖြစ် တတ်နိုင်ပါတယ် ဆိုပါစေ အရေးပေါ်ဖြစ်တဲ့ ရောဂါတွေမျို့လို့ ဖြစ်ပြီ ဆိုရင်တော့ တာ့တာပါပဲ။

အနာသိရင် ဆေးရှိပါတယ်။ ဒေါသကြောင့် ဖြစ်တဲ့ရောဂါကတော့ ဒေါသကိုပဲ ထိန်းရတော့မှာပေါ့။ ငါ့ပိုင်တဲ့ ဒေါသ ငါ့ဟာငါ ဖြစ်တယ်ကွာ ဘာဖြစ်လည်းဆိုရင်တေ့လည်း ရွေးချယ်နိုင်ပါတယ်။ “ဒေါသနဲ့ သင့် ကျန်းမာရေး သင် ကြိုက်ရာရွေးလို့”ပဲ ဆိုရတော့မှာပေါ့။ ဒေါသကို ထိန်းချင်ရင်တော့ ထိန်းချုပ်တဲ့ နည်းလမ်းက အမျိုးမျိုး ရှိနိုင်ပါတယ်။ ပထမဆုံးတော့ ကိုယ်က ဒေါသထွက်နေပြီဆိုရင် ထွက်နေတာကို သိရမှာပေါ့။ သတိနဲ့ ထိန်းရမှာပါပဲ။ ကိုယ့်ကိုယ်ကို “ငါ ဒေါသစိတ်တွေ များနေပြီလား” ဆိုပြီး ဆန်းစစ်ကြည့်ပါ။ ဘာစမ်းသပ်ခမှ မကုန်ပါဘူး။ ဒေါသစိတ်တွေ သိပ်များနေရင် ကိုယ်နဲ့ သင့်တော်တဲ့ နည်းလမ်းကို ရှာပါ။ စိတ်ပြောင်းဖို့၊ ပါတ်ဝန်းကျင်ပြောင်းဖို့ လိုသလား ပြောင်းနိုင်သလား။ စိတ်ဆိုတာက စိတ်နဲ့ပဲ ပြုပြင်ရတာပါ။ တရားမှတ်ခြင်းကလည်း ဒေါသစိတ်ကို ကုစားတဲ့ နည်းလမ်းတွေထဲက ထိရောက်တဲ့ နည်း တစ်မျိုးပါပဲ။ လိုအပ်ရင် ဆရာဝန်နဲ့ ပြသင့်ရင်လည်း ပြရမှာပေါ့။ စိတ်ခြိမ်ဆေးဆို တာကလည်း ဆေးမြီးတိုမို့လို့ အထူးကုဆရာဝန်တွေအနေနဲ့ လူတိုင်းကို စိတ်ငြိမ်ဆေးတွေ ရေရှည်ပေးလေ့ မရှိပါဘူး။ Counselling စိတ်အခြေအနေ ပြုပြင်ကုစားမှုကလည်း အထောက်အကူ ပြုနိုင်ပါတယ်။

စာရေးသူ ပြောချင်တဲ့ အဓိက လိုရင်းအချက်ကတော့ “ဒေါသအိုးများ နှလုံးနှင့် လေ သတိထား” ဆိုတဲ့ စကားပါပဲ။ ဒေါသကို ထိန်းချုပ်ခြင်းဖြင့် နှလုံးတိုက်ခိုက်ခံရမှုနဲ့ လေဖြတ်ရောဂါတွေကို ကာကွယ်ကြပါစို့လို့ ဆိုပါရစေ။ ။

မြန်မာနှလုံးဖောင်ဒေးရှင်း

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...