ပညာဆိုတာ...

သာယာတဲ့ မနက်ခင်းကလေး တစ်ခုပါ။

နေခြည်နုနုကလည်း သစ်ပင်သစ်ခက်တွေကြားက ထိုးဆင်းလာခါစ။ ငှက်ကျေးမြည်သံလေးတွေကလည်း စိုးစိုးစီစီ။ လေပြည်ထဲမှာ တောပန်းတောင်ပန်း ရနံ့လေးတွေကလည်း သင်းသင်း။

သူငယ်ချင်းတစ်စု မနက်ခင်းလမ်းလျှောက်ရင်း တောင်ဆင်းလမ်းကွေ့လေးဘေးက ပန်းခြံကလေးမှာ ထိုင်နားနေတယ်။ အချို့ကလည်း ကျန်းမာရေးလေ့ကျင့်ခန်းလုပ်၊ အချို့ကလည်း တောရောက်တောင် ရောက် စကားစမြည်ပြောတယ်။

ဘဲဥမက သူငယ်ချင်းတွေကို ‘ပညာဆိုတာ ဘာလဲ’ လို့မေးခွန်းထုတ်တယ်။ သူငယ်ချင်းတွေလည်း ကိုယ်သန်ရာသန်ရာ ပြန်ဖြေတာပေါ့။ ရွှီးကတော့ ပုံပြင်ပြောမယ်ဆိုပဲ။

‘တစ်ခါတုန်းကပေါ့၊ ပါမောက္ခကြီးတစ်ယောက်ဟာ ပင်လယ်ပြင်ရဲ့ သဘာဝကို လေ့လာဖို့ သင်္ဘောငယ် တစ်စင်းငှားရမ်းပြီး ခရီး ထွက်တယ်တဲ့’

‘ငါလဲ ပင်လယ်ထဲ အပျော်ခရီး သွားချင်လိုက်တာ’ လို့ လန်ဘားက ဝင်ပြောတယ်။ လန်ဘားက ခရီးသိပ် သွားချင်တဲ့လူ။ သူငယ်ချင်းတွေကို ခရီးသွားဖို့အမြဲလှုံ့ဆော်နေတဲ့သူပါ။

‘ပါမောက္ခကြီးက မြေပုံတွေ၊ အဝေးကြည့်မှန်ပြောင်းတွေ၊ လေတိုက်နှုန်းတိုင်းကိရိယာတွေ၊ ရည်ညွှန်း စာအုပ်ကြီးတွေ အပြည့်အစုံ ယူလာတယ်’

‘တကယ်ကို စနစ်တကျ သုတေသနလုပ်မယ့် ပညာရှင်ကြီးဖြစ်မယ်’ လို့ ကိုအောင်က ထင်မြင်ချက်ပေး တယ်။

‘သင်္ဘောပေါ်ရောက်တော့ ကပ္ပီတန်က ပါမောက္ခကြီးကို ခရီးဦးကြိုပြင်တယ်၊ ပါမောက္ခကြီးက သူ့လိပ် စာကတ်ကို ထုတ်ပြီးပေးတယ်။ ပါမောက္ခကြီးရဲ့ အမည်နောက်မှာ နိုင်ငံတကာတက္ကသိုလ်တွေက ရယူ ထားတဲ့ ဘွဲ့ဒီဂရီတွေကို တစ်သီတစ်တန်းကြီး ရေးထားတယ်=’

‘တကယ့် ပညာရှင်ကြီးပေါ့နော်’ လို့ ကိုကောက်ကပြောပါတယ်။



‘သင်္ဘော ကမ်းက ခွာပြီး ပင်လယ်ပြင်ကို ထွက်ခွာလာတော့ ပါမောက္ခကြီးက ရံဖန်ရံခါ ကပ္ပီတန်ကြီး သင်္ဘောမောင်းနှင်နေတဲ့ သင်္ဘောပဲ့စင်ကို သွားပြီး စကားစမြည်ပြောတယ်၊ တစ်ရက်မှာတော့ ပါမောက္ခ ကြီးက hi captain, have you studied oceanography? လို့မေးတယ်’

‘အဲဒါ ဘာပြောတာလဲ’ လို့ကျွဲမကမေးတယ်။

‘ဗျို့ ကပ္ပီတန်၊ ခင်ဗျား အဏ္ဏဝါဗေဒ လေ့လာဖူးသလားလို့ မေးတာ၊ ကပ္ပီတန်က ခါးကလေးကိုင်ညွတ် ပြီး မသင်ယူဖူးပါဘူးခင်ဗျာလို့ လေးလေးစားစားပြန်ဖြေတယ်’

‘ပါမောက္ခကြီးက တကယ် တတ်ကျွမ်းလေ့လာထားတဲ့သူ ဖြစ်လိမ့်မယ်’ လို့ကိုကောက်ကပြောတယ်။

‘ပါမောက္ခကြီးက သင်္ဘာကပ္ပီတန်ကို အထင်သေးတဲ့ မျက်နှာနဲ့ပြန်ကြည့်တယ်’

‘သင်္ဘောပဲ မောင်းတတ်တာဖြစ်မယ်’ လို့မဲတူက မှတ်ချက်ချတယ်။

‘သင်္ဘောကပ္ပီတန်ကတော့ ကျွန်တော်ငယ်စဉ်ကတည်းက ဒီပင်လယ်ထဲမှာ သင်္ဘောနဲ့ဖက်ပြီး ကြီးပြင်း ခဲ့ရတယ်၊ ပင်လယ်ထဲမှာ သင်္ဘောသား ဘဝကစလို့ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးကပ္ပီတန်အထိ ဖြစ် လာတာ၊ ဆရာကြီးပြောတဲ့ ဘာဂရပ်ဖီဆိုလား ဘာလားကို သင်ယူဖို့အချိန်မရပါဘူးလို့ ပြန်ရှင်းပြတယ်’

‘သနားပါတယ်’ လို့ဘဲဥမက ကရုဏာသံနဲ့ပြောတယ်။

‘ပါမောက္ခကြီးကတော့ ဘာမျှပြန်မပြောဘဲမေးကိုသာ တဆတ်ဆတ်ညိတ်ပြီး မထီတရီပြုံးနေတယ်၊ သင်္ဘောကပ္ပီတန်ကတော့ စိတ်မပူပါနဲ့ ခင်ဗျာ၊ ဆရာကြီးသွားချင်တဲ့ ခရီးကိုချောမွေ့အဆင်ပြေအောင် မောင်းပို့နိုင်စွမ်းရှိပါတယ်လို့ ပြန်ပြောတယ်’

‘ရမ်းတုတ်မှန်းတုတ်နည်းနဲ့ လုပ်နေတာဖြစ်မယ်’ လို့မဲတူက ပြောပါတယ်။

‘ပါမောက္ခကြီးက oceanography ကိုမသိဘဲနဲ့ ပင်လယ်ထဲမှာ သင်္ဘောမောင်းနေတာ ခင်ဗျားအသက် ကို သေမင်းလက် အပ်ထားရတာပါလားလို့ မှတ်ချက်ချတယ်’

‘ဒါလဲဟုတ်တယ်’ လို့လန်ဘားကပြောပါတယ်။

‘နောက်ရက်ကျတော့ ပါမောက္ခကြီးက အဝေးကြည့်မှန်ပြောင်းတစ်လက်နဲ့ ဟိုဟိုဒီဒီကြည့်ရင်း hello captain, have you studied meteorology? လို့မေးပြန်ရော’

‘လာပြန်ပြီနောက်တစ်မျိုး၊ ဘာမေးတာလဲ’ လို့ကျွဲမက ပြန်ပြောတယ်။

‘ဆိုလိုတာက သင်္ဘောကပ္ပီတန်အနေနဲ့ မိုးလေဝသဗေဒ လေ့လာဖူးသလားမေးတာ၊ ကပ္ပီတန်ကတော့ အရင်တစ်ကြိမ်လိုပဲ လေးလေးစားစားနဲ့ မသင်ယူဖူးပါဘူးဖြေတာပေါ့။ ပါမောက္ခကြီးက ခင်ဗျားရာသီဥ တုအပြောင်းအလဲ၊ ကမ္ဘာကြီးပူနွေးလာမှုစတဲ့ အခြေခံမိုးလေဝသမျှမသိဘဲ ဘယ်လိုများလုပ်ကိုင်စား နေပါလိမ့်လို့ ပြန်ပြောတယ်’

‘အထင်သေးမယ်ဆိုလဲ သေးစရာပဲ’ ဆိုပြီးကျွဲမကပြောတယ်။

‘သင်္ဘောကပ္ပီတန်ကတော့ ကျွန်တော့်အတွေ့အကြုံအရ ကောင်းကင်က တိမ်တွေရဲ့အရောင်အ ပြောင်းအလဲ၊ လေတိုက်လို့ တိမ်တွေ ရွေ့လျားပုံ၊ မိုးတိမ်တောင်တွေ ဖြစ်ပေါ်ပုံတွေကိုကြည့်ပြီး မုန်တိုင်း ရှိသလား၊ မိုးရွာမှာလား ခန့်မှန်းရပါတယ်လို့ ဖြေတာပေါ့’

‘မြစ်ထဲက လှေသမားကသင်္ဘောတက်မောင်းနေတာ ဖြစ်မယ်’ လို့မဲတူက ပြောပါတယ်။

‘ပါမောက္ခကြီးကတော့ meteorlogy မသိဘဲ ပင်လယ်ထဲမှာ လုပ်စားနေတာ ခင်ဗျားတော့ သင်္ချိုင်းကို ခြေတစ်ဖက်လှမ်းနေပြီလို့ပြောပြီး ပြန်သွားတယ်၊ နောက်ရက်ကျတော့လဲ ပါမောက္ခကြီးက သင်္ဘောပဲ့ စင်ပေါ်ရောက်လာပြန်တယ်၊ ထုံးစံအတိုင်းပဲ captain, have you studied biology? လုပ်ပြန်ရော’

‘Biology ဆိုတာ ဇီဝဗေဒခေါ်တယ်၊ အပင်တွေအကြောင်း လေ့လာတဲ့ရုက္ခဗေဒနဲ့ သတ္တဝါတွေကို လေ့လာတဲ့ သတ္တဗေဒပါဝင်တယ်’ လို့ကျွဲမကို လန်ဘားကရှင်းပြတယ်။ ကျွဲမကလည်း ‘သမီးဆယ် တန်းမှာ သင်ဖူးပါတယ်နော်’ လို့ပြန်ပြောတယ်။

‘သင်္ဘောကပ္ပီတန်ကတော့ ဇီဝဗေဒလဲ မလေ့လာဖူးပါဘူးလို့ ရိုးရိုးသားသားပဲ ပြန်ဖြေတယ်၊ ပါမောက္ခ ကြီးကဒါလောက်မှ မသိတဲ့သူကတော့ သေဖို့ပဲကောင်းတယ်လို့ မှတ်ချက်ချပြီး သူ့အခန်းကိုပြန်သွား တယ်’

‘တော်တော်အထင်သေးသွားပုံရတယ်နော်’ လို့ဘဲဥမက ပြောတယ်။

‘သင်္ဘောကတော့ ပုံမှန်ခရီးဆက်နေတာပေါ့၊ ညပိုင်းရောက်တော့ မမျှော်လင့်ဘဲ လှိုင်းလေကထန်လာ တယ်။ လှိုင်းကြီးပြီး သင်္ဘောက လူးတယ်၊ နောက်နေ့အထိလေက မလျော့ဘဲ တိုးလို့သာထန်လာ တယ်၊ ကပ္ပီတန်လဲကြိုးစားပမ်းစားမောင်းနှင်နေတာပေါ့’

‘ကြောက်စရာကြီး’ လို့ကျွဲမက တိုးတိုးလေးပြောလိုက်တယ်။

‘ပါမောက္ခကြီးလဲ အခြေအနေသိရအောင် အယိုင်ယိုင်အလဲလဲနဲ့ ပဲ့စင်ကိုတက်သွားတယ်။ ကပ္ပီတန်လဲ ချွေးဒီးဒီးကျအောင် ပဲ့ကိုင်နေရတယ်။ လှိုင်းလုံးကြီးတွေက တဝုန်းဝုန်းနဲ့သင်္ဘောကုန်းပတ်ပေါ် ကျော် ဝင်လာတယ်’

‘တကယ့်စွန့်စားခန်းပဲနော်’ လို့ကိုကောက်က ဆိုတယ်။

‘ကပ္ပီတန်က ပါမောက္ခကြီးကို hello professor, have you studied swimmingology? လို့မေးခွန်း ထုတ်တယ်။ ပါမောက္ခကြီးက သူပြောတဲ့လော်ဂျီကို မကြားဖူးလို့ မျက်စိပေကလက်ပေကလပ်နဲ့ ပြန် ကြည့်တယ်၊ ပြီးတော့ အဲဒီပညာရပ်မရှိပါဘူးကွ၊ ငါသင်လဲ မသင်ဖူးဘူးလို့ လေသံမာမာနဲ့ ပြန်ပြော တယ်’

‘ကပ္ပီတန်ရဲ့ အင်းဂလစ်ရှ်က ဘရုတ်ကင်းဖြစ်နေလို့နေမှာပေါ့’ လို့ မဲတူကပြောတယ်။

‘Swimminglogy ဆိုတာ ရေကူးတဲ့အတတ်ခင်ဗျ၊ အခုတော့ သင်္ဘောကမုန်တိုင်းမိလို့ နစ်တော့မယ်၊ ဆရာကြီးက လော်ဂျီပေါင်းစုံသင်ယူထားပေမဲ့ ရေမကူးတတ်ရင်တော့ အသက်ရှင်ဖို့ ခက်လိမ့်မယ်ဆို ပြီး ပြန်ပြောတယ်။ ပြောနေဆဲမှာပဲ သင်္ဘောကစောင်းပြီး နစ်သွားပါလေရောတဲ့’

မော်ဒန်သတင်းဂျာနယ်
အမှတ်(၄၀၃)၊ ဧပြီလ(၄) ရက်၊ ၂၀၁၄ ခုနှစ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...