ရှုးရှုးရှဲရှဲ ရခိုင်မုန့်တီစစ်စစ် ချက်စားရအောင်



“ရိုးကျော်ရေ ရခိုင်မုန့်တီ ချက်ကျွေးပါလားဟယ်”

“ရခိုင်မုန့်တီများ ရန်ကုန်မှာ ဘယ်မှာသွားဝယ်စားဝယ်စား ရတယ်လေ ဇူးလူးရဲ့၊ အဆန်းမှ မဟုတ်တာ”

“အဆန်းတော့ မဟုတ်ဘူးပေါ့၊ ဒါပေမယ့် သံတွဲသူရဲ့လက်ရာ ရခိုင်မုန့်တီစစ်စစ်ကို စားကြည့်ချင်လို့ပါ”

“ဒါဆိုရင်တော့ ရတယ်လေ၊ အခုအချိန်နည်းနည်း ပြန်အေးနေတာနဲ့ အတော်ပဲပေါ့”

ရိုးကျော်ပြောတာလည်း ဟုတ်သား၊ အခု ရန်ကုန်မှာ နည်းနည်း ပြန်အေးနေပြန်ပြီဆိုတော့ ရခိုင်မုန့်တီ ပူပူစပ်စပ်လေးနဲ့ အဟပ်ပဲပေါ့။ မချက်ခင်ကတည်းက စားချင်နေပြီ။

“ရခိုင်မုန့်တီစစ်စစ်အတွက်ဆိုရင်တော့ ငါးရွှေက အဓိကပဲနော် ဇူးလူး”

ငါးရွှေက အဓိကပဲလို့ပြောတဲ့ရိုးကျော်ကိုယ်တိုင် ငါးရွှေကိုရအောင်ရှာဝယ်ခဲ့တယ်။ ဇူးလူးတို့ဈေးလေး မှာက ငါးရွှေအမြဲမရ။ ရိုးကျော်ဝယ်ခိုင်းထားတဲ့ပစ္စည်းတွေကိုတော့ စုံစေ့အောင် ဇူးလူးက ဝယ်ပေးထားရတာပေါ့။

ရခိုင်မုန့်တီစစ်စစ်အတွက် လိုအပ်တဲ့ပစ္စည်း တွေကတော့ ငါးရွှေအပြင်၊ ငရုတ်သီးစိမ်း၊ မန်ကျည်းသီး စိမ်းတောင့်၊ ငါးပိစိမ်းစား၊ငရုပ်ကောင်းစေ့၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နံနံပင်နဲ့ မုန့်တီဖတ်၊ ပြီးတော့ မုန့်တီနဲ့ တွဲဖက်စားဖို့ ပဲကပ်ကြော်၊ ဘူးသီးကြော်၊ ငါးဖယ်ကြော် ကြိုက်တတ်ရင်လည်း ငါးဖယ်ကြော်လေးပါ အဆင်သင့် ပြင်ထားနိုင်ပါတယ်။

ဇူးလူး ကြားဖူးတာကတော့ ရခိုင်မုန့်တီဆိုရင် ပဒဲကော ထည့်ချက်ရတာပါ။ ဒါပေမယ့် ရိုးကျော်ကတော့ သူတို့ဘက်မှာ ပတဲကောထည့်မချက်ဘဲ၊ ငရုပ်ကောင်းစေ့လှော်ထောင်းနဲ့ မုန့်တီဟင်းရည် အနံ့ကို မွှေးပျံ့စေမယ်လို့ ဆိုပါတယ်။ ဟုတ်မဟုတ်ကတော့ ကြည့်ကြသေးတာပေါ့။

ရိုးကျော်ကတော့ မုန့်တီစတင် ချက်နေပါပြီ။ ဇူးလူးကလည်း ကူညီချင်ယောင်ဆောင်ပြီး ယောင်ခြောက်ဆယ် လုပ်ရင်း ရိုးကျော်လုပ်သမျှ လိုက်မှတ်နေပါပြီ။

- ငါးရွှေကို ဟင်းရည်ချက်ဖို့ အတုံးကြီး တတုံးနဲ့ ငါးပိချက်ချက်ဖို့ အတုံးသေးတတုံး ပိုင်းရပါမယ်။

- ပြီးတော့ ဆားနည်းနည်း၊ နနွင်းနည်းနည်းနယ်၊ ရေမြုပ် ရုံ ပြုတ်ထားရပါတယ်။

- ငါးပြုတ်ထားတုန်းမှာ ငရုတ်သီးစိမ်း အညှာခြွေတာ၊ ကြက်သွန်ဖြူ၊ နီနွှာတာ၊ မန်ကျည်းသီးစိမ်း ကို ရေစင်အောင်ဆေးထားတာတွေ လုပ်ထားလို့ ရပါတယ်။

- ကြက်သွန်နီကို ပါးပါးလှီးပြီး ဆီချက်လည်း ချက်ထားရမယ်။

- ရေဆေးပြီးသား မန်ကျည်းသီးစိမ်းကိုတော့ ရေနဲ့နူးအောင် ပြုတ်ထားရပါမယ်။

- ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူတွေကို သပ်သပ်စီ ထောင်းထားရပါဦးမယ်။ ဒါတွေကတော့ ယောင်ခြောက်ဆယ် ဇူးလူးက ရိုးကျော်ညွှန်ကြားသမျှ လိုက်လုပ်တဲ့ အလုပ်တွေပေါ့။

- ငါးကျက်ပြီး အသားနူးလာရင် အအေးခံထားပြီး အတုံးကြီးကိုသပ်သပ်၊ အတုံးသေးကိုသပ်သပ် အရိုး စင်အောင် နွှင်ရပါတယ်။



- ငါးရွှေအသားက နည်းနည်းမာတဲ့အတွက် နွှင်ပြီးသားကို ဆုံထဲမှာညက်အောင် ထည့်ထောင်းရပါမယ်။ ငါးပြုတ်ထားတဲ့ အရည်ကတော့ ငါးပိချက်အတွက် ချန်ထားရမှာပါ။

- ဟင်းရည်စချက်ပြီ ဆိုရင်တော့ လေးလုံးချက် ဝင် အိုးထဲကို ရေသန့်လေးပုံသုံးပုံလောက်ထည့်၊ ငါးပိစိမ်းစားထည့် ဆူအောင်တည်ပြီးရင်တော့ ငါး အတုံးကြီးနွှင်ပြီး ထောင်းထားတာတွေကို ဟင်းရည်အိုးထဲ ထည့်ရပါမယ်။

- ဟင်းရည်ဆူရင် ကြက်သွန်ဖြူ ထောင်းထားတာနဲ့ ငရုတ်ကောင်းလှော်မှုန့် ခပ်ပြီး အပေါ့အငန်မြည်းရုံပါပဲ။

- ငရုတ်ကောင်းနဲ့ ကြက်သွန် ဖြူနံ့သင်းနေတဲ့ ဟင်းရည်အနံ့ကြောင့် ဇူးလူး ဗိုက်ဆာလာပါပြီ။ ဒါပေမယ့် မပြီးသေးဘူး၊ ငါး ငါးပိချက် ချက်ရဦးမှာတဲ့။

- ဒယ်အိုးထဲ ဆီနည်းနည်းထည့်၊ နနွင်းမှုန့်ထည့်၊ ဆီကျက်လာရင် ထောင်းထားတဲ့ ငရုတ်သီးစိမ်းထည့်၊ ငရုတ်သီးစိမ်းနွမ်းလာရင် ကြက်သွန်ဖြူထည့်၊ ငါးပိစိမ်း စားထည့်မွှေ၊ အနံ့မွှေးလာရင် ငါးအသေး တုံးနွှင် ထောင်းထားတာထည့်၊ ငါးပြုတ်ရည် ချန်ထားတာထည့်၊ မန်ကျည်းသီးပြုတ်ပြီးသား အရည်ဖျော် ထားတာ နည်းနည်းခွဲထည့်ရမယ်။

- ငါးပိစိမ်းစား ထည့်ရင် အစပ်ကို ထိန်းတယ်လို့ ရိုးကျော်က ဆိုပါတယ်။ ဟင်းအိုးဆူလို့ အပေါ့ အငန်မြည်းပြီးရင်တော့ ငါးပိ ချက်လည်းကျက်ပါပြီ။ သတိထားရမှာကတော့ အချိုမှုန့် လုံးဝမသုံးတာပါပဲ။ ဒါပေမယ့် မချိုမှာတော့ မပူပါနဲ့။ ငါးရွှေရဲ့ အချိုလေးပင်မှု ရသကို ခံစား ကြရမှာပါ။

- ငါး ငါးပိချက်ကတော့ အသုပ်ကြိုက်သူ တွေ အတွက်တဲ့။ ငါးပိချက်ကိုမုန့်ဖတ်နဲ့နယ်၊ ဘူးသီး ကြော်ညှပ် ထည့်၊ ပဲကပ်ကြော်လေး ခြေထည့်၊ နံနံပင် ဖြူး၊ ကြက်သွန်နီ ဆီချက်လေး နည်းနည်းဆမ်းပြီး လွေးပေတော့၊ ငါးနိုင်းချင်းနဲ့ ဟင်းရည်ပူပူလေး မှုတ်သောက်ဖို့လည်း မမေ့နဲ့ဦး။



-မုန့်တီအရည်သောက်ချင် သူတွေကတော့ ပန်းကန်လုံးထဲ မုန့်ဖတ်ထည့်၊ ဘူးသီးကြော်၊ ပဲကပ် ကြော်တွေထည့်၊ ဆီချက်ဆမ်း၊ ငါးပိချက်အနှစ်က လေးနဲ့ မန်ကျည်းစိမ်းဖျော်ရည် ကြိုက်သလောက် ထည့်ပြီး ဟင်းရည်ဆမ်း စားနိုင်ပါတယ်။

ဖျားတော့မလိုလို ဖြစ်နေသူတွေအတွက်ကတော့ မုန့်တီအရည်ဆမ်း တခွက်လောက်သာ သောက်လိုက်၊ ဝင်မယ့်အဖျား လန့်သွားအောင် ချွေး တလုံးလုံးနဲ့ ပွင့်ထွက်သွားစေရမယ်။

ဒါကတော့ ရိုးကျော်ရဲ့ မုန့်တီကို ကိုယ်တိုင်စားသောက်ပြီး သကာလမှာ နှမ်းဖြူးသူ ဇူးလူးက ညွှန်းပေးလိုက် တယ်လို့ပဲ မှတ်ပါ။ ရိုးကျော်တို့ကတော့ မုန့်တီချက်တဲ့နေ့ဆို ထမင်းလွတ် ဝါးတာဆိုပဲ။ ဇူးလူးလည်း ဒီနေ့တော့ ထမင်းလွတ်ပါပဲ။

စစ်တွေတို့၊ မြောက်ဦးတို့ ဘက်မှာ တော့ မုန့်တီရည်ထဲကို ဝက်ဆီဖတ်ညှပ်ထည့်စားတယ် တဲ့၊ ကျောက်ဖြူဘက်ကတော့ ကြက်သွန်နီဆီချက် အစား၊ ကြက်သွန်ဖြူဆီချက်ကို သုံးပါသတဲ့၊ တရွာ တပုဒ်ဆန်း ပေါ့လေ။ ။

Irrawaddy Blog

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...