မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တန်ဖိုးနည်းဆင်းမ်ကတ်များနှင့် ပတ်သက်၍ ကန့်သတ်ချက်အချို့ ဖြေလျှော့

အတွဲ (၁၅)၊ အမှတ် (၁၅)


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၎င်းတို့ရောင်းချသည့် ၁၅၀၀ တန် ဆင်းမ်ကတ်များနှင့်ပတ်သက်၍ ကန့်သတ်ချက် အချို့ကို ယခုလမှစတင်ကာ ဖြေလျှော့လိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ တန်ဖိုးနည်းမိုဘိုင်း တယ်လီဖုန်းကတ်များအား သတ်မှတ်ထားသည့်နေ့မှစ၍ ၁၅ ရက်အတွင်း အသုံးပြုရန် သတ်မှတ်ထားသည်ကို ၃၀ ရက်အထိတိုးမြှင့်သတ်မှတ်ပေးသွားမည်ဖြစ်ပြီး တန်ဖိုးနည်း မိုဘိုင်းတယ်လီဖုန်းများအားလုံး၏ တယ်လီဖုန်းပြောဆိုခကိုလည်း ယခင်ကကဲ့သို့ ၁ လလျှင်အနည်းဆုံး ၂၅၀၀ ကျပ်အသုံးပြုရန် ကန့်သတ်ချက်ကို ပယ်ဖျက်ပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မှ ကြေညာသည်။

မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကာလ၌ အထူးအစီအစဉ်အဖြစ် သင်္ကြန်ရုံးပိတ်ရက်များတွင် မိုဘိုင်း တယ်လီဖုန်း သုံးစွဲသူများအတွက် အပိုငွေထပ်ဆောင်းဖြည့်စွက်ပေးမည့် အစီအစဉ်ကိုလည်း မကြာမီ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အသိပေးထားသည်။

“အစီအစဉ်အသေးစိတ်ကိုတော့ ရက်ပိုင်းအတွင်း ထုတ်ပြန်ပေးသွားမှာပါ။ လက်ရှိ စီစဉ်ထားတာတွေက အပြောင်းအလဲဖြစ်နိုင်တာမို့ အသေအချာပြောလို့မရသေးပါဘူး” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ပုံမှန်ရောင်းချပေးနေသည့် အစီ အစဉ်တွင် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့ကြသော သက်ပြည့်ပင်စင်ခံစားနေသည့် အငြိမ်းစားဝန်ထမ်းများ အတွက်လည်း ဆက်လက်ထည့်သွင်း ဖြန့်ဖြူးရောင်းချပေးသွား မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

“တစ်လကို ၂၅၀၀ ကျပ်ပြောရမယ်ဆိုတာကို ဖြေလျှော့လိုက်တာ အရမ်းကောင်းပါတယ်။ တစ်ခါတလေမှာ ဖုန်းလိုင်းမမိတဲ့နေရာ ရောက်နေလို့ဖြစ်ဖြစ်၊ အခြားပြည်ပခရီး သွားလို့ဖြစ်ဖြစ် ဒါမှမဟုတ် ဖုန်းသိပ်ပြောစရာ မလိုတဲ့လူတွေမှာ တစ်လကို ၂၅၀၀ မဖြစ်မနေသုံးရမယ်ဆိုတော့ အပိုကုန်တာပေါ့။ ၂၅၀၀ ဆိုတာ အခြေခံ လူတန်းစားအတွက်တော့ တစ်နေ့စာဈေးဖိုးလည်း ဖြစ်နိုင်တာပဲလေ။ ဒီလိုဖြေလျှော့ပေးလိုက်တဲ့အခါ တန်ဖိုးနည်းဖုန်းဆိုတဲ့နာမည်နဲ့ လိုက်ဖက်ညီသွားတာပေါ့” ဟု တန်ဖိုးနည်းဖုန်းကိုင်ဆောင်သူ မဆုရည်မိုး က ပြောသည်။

၂၀၁၄ ခုနှစ်၊ ဧပြီလတွင် တန်ဖိုးနည်း မိုဘိုင်းတယ်လီဖုန်းများကို ဆက်လက်ဖြန့်ဖြူး ရောင်းချရာ ၌ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ လက်ရှိတပ်ဆင်ပေးထားသော ရေဒီယိုစခန်းများ၏ လိုင်းအင်အားနှင့် အမှန် တကယ်သုံးစွဲနေသော အခြေအနေများအပေါ် မူတည်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ အချိုးကျ ခွဲဝေပေးရန် လျာထားတွက်ချက်ထားရှိခြင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

ထွန်းထွန်း၊ ယုဇနကိုကို
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...