ပုဂ္ဂလိက ကျောင်းဆရာအောင်စာရင်း ဧပြီလ ၁၀ ရက်မှာထုတ်ပြန်မည်



ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင် လျှောက်ထားသူတွေရဲ့ အရည်အချင်းစစ်စာမေးပွဲကိုမနေ့က ၂၅ ရက်နဲ့သည်နေ့ ၂၆ ရက်တွေမှာ လျှောက်ထားသူ ၁၀၀၀ ကျော်ကိုစစ်ဆေးပြီးတော့ ဧပြီလ ၁၀ ရက်မှာ အောင်စာရင်းထုတ်ပြန်မယ်လို့ အမှတ်(၃) အခြေခံပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သူက ‘ကျောင်းဆရာလုပ်မယ်ဆိုရင် သတ်မှတ်တဲ့အရည်အချင်းပြည့်မီမှ သင်ကြားမှုမှာပိုကောင်းနိုင် တယ်၊ အရည်အချင်းစစ်စာမေးပွဲအောင်မြင်သူတွေကို ကိုယ်ပိုင်ကျောင်းဆရာ လက်မှတ်ထုတ်ပေး မယ်’ လို့ ဆိုတယ်။

ဆရာမှတ်ပုံတင် လျှောက်ထားသူတွေကို အရည်အချင်းစစ်စာမေးပွဲမှာ စစ်ဆေတာကလျှောက်ထားသူ ရဲ့ဘွဲ့နဲ့ကိုက်ညီတဲ့ ဘာသာရပ်တွေကို စစ်ဆေးတာဖြစ်ပါတယ်။

သတ်မှတ်ချက်နဲ့ကိုက်ညီသူတိုင်းကို ရွေးချယ်မှာဖြစ်တယ်။ အရေအတွက်ကန့်သတ်မထားဘူးလို့ သိရပါတယ်။

ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်ကို B.A ဘွဲ့နဲ့ B.Sc ဘွဲ့ကနေမာစတာဘွဲ့အထက် ရရှိသူတွေအထိ လျှောက်ထားနိုင်ပြီး လက်ရှိမှာလာရောက်လျှောက်ထားသူ ၁၃၁၁ ယောက်ရှိတယ်လို့ အမှတ် (၃) အခြေခံပညာဦးစီးဌာနဆီက သိရပါတယ်။

နောက်ပိုင်းမှာလည်း ကိုယ်ပိုင်ပုဂ္ဂလိကကျောင်းတွေကို ပညာရေးဝန်ကြီးဌာနကချမှတ်ထားတဲ့ မူဘောင်တွေနဲ့အညီ ဆောင်ရွက်သွားဖို့ ဦးစီးဌာနတွေအလိုက် တည့်မတ်ပေးမယ်လို့ အမှတ် (၃) အခြေခံပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မော်ဒန်သတင်းဂျာနယ်
အမှတ်(၄၀၂)၊ မတ်လ(၂၈) ရက်၊ ၂၀၁၄ ခုနှစ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...