အင်တာနက်အပေါ် အခြေခံ ဆောင်ရွက်ရသည့် အီလက်ထရွန်နစ် စနစ်သုံး လုပ်ငန်းများ သုံးစွဲမှုစံကိုက် မဖြစ်ခြင်းနှင့် ကြုံတွေ့နေရ



အင်တာနက်အပေါ် အခြေခံ ဆောင်ရွက်ရသည့် အီလက်ထရွန်နစ် စနစ်သုံး လုပ်ငန်းများ အခြေခံ အဆောက်အဦ ကောင်းမွန်ခြင်း မရှိသေးသဖြင့် သုံးစွဲမှု စံကိုက်မဖြစ်ခြင်းနှင့် ကြုံတွေ့ နေရကြောင်း သုံးစွဲသူများနှင့် အိုင်တီ ပညာရှင်များ အသိုင်းအဝိုင်းမှ သိရသည်။

အင်တာနက်အပေါ် အခြေခံသည့် အွန်လိုင်း ဝန်ဆောင်မှုများ ဖြစ်သည့် e-banking, e-shopping စသည့် လုပ်ငန်းများသည် အခြေခံ အဆောက်အဦများ ကောင်းမွန်ခြင်း မရှိသေးသည့် အတွက် နှောင့်နှေး ကြန့်ကြာမှုများနှင့် ကြုံတွေ့ နေရကြောင်း သုံးစွဲသူများ ထံမှ သိရသည်။

''အခု ပုဂ္ဂလိက ဝန်ထမ်းအများစု ကြုံတွေ့နေရတာက ATM ကတ်နဲ့ ငွေထုတ်ရတဲ့ ကိစ္စပဲ။ ဒါကလည်း e-banking ရဲ့ အစိတ်အပိုင်း တစ်ခုပဲလေ။ အထူးသဖြင့် လစာထုတ် ရက်တွေမှာ ATM စက်တိုင်းမှာ ငွေထုတ်သူတွေ ပြည့်နေတတ်တယ်။ အဲဒီမှာ ထုတ်သူတွေများတော့ ကတ်အများအပြား ထုတ်ပေးထားတဲ့ ဘဏ်တွေရဲ့ ATM စက်တွေက မနိုင်တော့ဘူး။ အင်တာနက်လိုင်း ကျသလို၊ ဆာဗာဒေါင်းသလို ဖြစ်ကုန်တယ်။ အဲဒီအခါ ကျတော့ တခြားကတ် ထုတ်ပေးထားတာ နည်းတဲ့ဘဏ်ရဲ့ ATM စက်ကနေ သွားထုတ်လိုက်မှ အဆင်ပြေတာ လစဉ်ကြုံ နေရတယ်'' ဟု ဈေးဝယ်စင်တာ တစ်ခု၏ အရောင်းဝန်ထမ်း တစ်ဦးက ပြောသည်။ ယင်းကဲ့သို့ တစ်ရက်တည်း ATM စက်ပေါင်းစုံတွင် သုံးစွဲသူ အားလုံးက လစာငွေများ ဝိုင်းထုတ်ခြင်းမျိုးမှာ ဝန်ဆောင်မှု လုပ်ရသည့် စက်ပိုင်းတွင် စွမ်းရည်ကျခြင်း များနှင့် ကြုံတွေ့ရခြင်းများ၊ အင်တာနက်လိုင်းများ နှေးကွေးနေမှုနှင့် ယင်းလိုင်းများရှိရာ ဆက်သွယ်ရေး ကွန်ရက်များ၏ အခြေခံ အဆောက်အဦများ ကောင်းမွန်ခြင်း မရှိခြင်းနှင့်လည်း သက်ဆိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

''အွန်လိုင်းနဲ့သွားတဲ့ အီလက်ထရွန်နစ် စနစ်သုံး ဝန်ဆောင်မှုတွေ ကောင်းလာဖို့ကတော့ နောက်နှစ် အနည်းငယ်လောက်တော့ စောင့်ကြရလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခြေခံ အဆောက် အဦ ပိုင်းတွေမှာ အားနည်းချက် ရှိသလို တချို့ဟာတွေက အခုမှထူထောင်ခါစ ဆိုတော့ ပြည့်စုံမှု မရှိသေးဘူးလို့ ပြောရမယ်။ ဒါပေမဲ့ သိပ်မကြာတော့တဲ့ ကာလမှာ လူသုံးတွင်ကျယ် လာတော့မယ့် ဒီအီလက်ထရွန်နစ် စနစ်တွေအတွက် နိုင်ငံတစ်ဝန်းရှိ မြို့ကြီးတွေမှာ အင်တာနက် ကွန်ရက်တွေ လွယ်လွယ်ကူကူ ချိတ်ဆက်လာနိုင်ဖို့ Wi-Fi ဇုန် စီမံကိန်းတွေကို ပုဂ္ဂလိကတွေက ဆောင် ရွက်နေကြပါပြီ'' ဟု မြန်မာ ဆော့လ်ထရိတ်မှ အိုင်တီပညာရှင် တစ်ဦးဖြစ်သူက ပြောကြားခဲ့သည်။ ။

မြ၀တီ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...