ရာသီဥတုပြောင်းလဲမှု ပေးဆပ်ရမည့် အချိန်ရောက်ပြီ



အမေရိကန်နိုင်ငံသားများမှာ ၎င်းတို့၏တစ်သက်တာတွင် အအေးမြဆုံးဆောင်းဥတုနှင့် ကြုံတွေ့ခဲ့ရ သည်ဖြစ်ရာ ၎င်းတို့၏ စိတ်ကူးရေဒါထဲတွင် ကမ္ဘာကြီးပူနွေးလာမှုအကြောင်း ရှိချင်မှရှိပါလိမ့်မည်။ သို့သော် ကုလသမဂ္ဂရာသီဥတုဆိုင်ရာ ပညာရှင်အဖွဲ့က အသစ်ထုတ်ပြန်သော အစီရင်ခံစာတွင်မူ ကမ္ဘာ ကြီးကြုံတွေ့နေရသော အကြီးမားဆုံးခြိမ်းခြောက်မှုဟု သိပ္ပံပညာရှင်များ က ခေါ်ဝေါ်သော ပြဿနာ အပေါ် ပြည်သူလူထု၏ အချေအတင်ငြင်းခုံမှု ရှိလာစေရန် အာရုံစိုက်ထားသည်။

ဖန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်မှုလျှော့ချရေး အလျင်အမြန် ကိုင်တွယ်ခြင်းမရှိခဲ့ပါက ရှေ့လာမည့်နှစ် ကာလများတွင် ကမ္ဘာ့စိုက်ပျိုးရေးကဏ္ဍ ဒုက္ခတွေ့တော့မည်ဟု ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာ အစိုးရအဆင့်အဖွဲ့ (IPCC)က သတိပေးထားသည်။ ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်၍ ပညာရှင်များ၏ စာတမ်းများအား အခြားပညာရှင်များက ပြန်လည်သုံးသပ်ထားသော စာတမ်းပေါင်းများစွာကို ချိတ်ဆက်လေ့ လာ၍ ခုနစ်နှစ်တစ်ကြိမ် အစီရင်ခံစာထုတ်ပြန်သောအဖွဲ့က ကမ္ဘာမြေကြီး၏အခြေအနေအပေါ် ရီပို့ကတ် တစ်စောင် ထုတ်ပြန်လိုက်သည်။

အဆိုပါ IPCC ရီပို့ကတ်မှာ မူဝါဒချမှတ်သူများအတွက် လမ်းညွှန်ဖြစ်သလို နိုင်ငံတကာ အချေအ တင်ဆွေးနွေးမှုများအတွက်လည်း အခြေခံဖြစ်သည်။ ယင်းတွင် လာမည့်နှစ် ပါရီမြို့၌ ကျင်းပရန် စီစဉ် ထားသော ကမ္ဘာကြီးပူနွေးလာမှုနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးဆိုင်ရာ ထိပ်သီးညီလာခံ လည်း ပါဝင်သည်။

IPCC ၏ အစီရင်ခံစာတွင် ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့၌ တနင်္ဂနွေနေ့တွင် တရားဝင်ထုတ်ပြန်မည်ဖြစ်သော် လည်း ရှေ့ပြေးကော်ပီတစ်စောင် ပေါက်ကြားခဲ့သည်။

ယခုထောင်စုနှစ်ကုန်ဆုံးချိန်တွင် ကမ်းရိုးတန်းဒေသများ ရေကြီးမှုနှင့် မြေဆုံးရှုံးမှုများကြောင့် လူသား သန်းပေါင်းများစွာ ထိခိုက်ပြီး ရွှေ့ပြောင်းနေထိုင်ကြရလိမ့်မည်ဟု IPCC အစီရင်ခံစာက ဟောကိန်း ထုတ်ထားသည်။ ယင်းအစီရင်ခံစာမှာပင် ၂၀၁၀ ပြည့်နှစ်က အာရပ်နွေဦးအုံကြွမှုဖြစ်ပေါ်စေခဲ့သော ဂျုံဈေးနှုန်းမြင့်တက်မှုကဲ့သို့ စားနပ်ရိက္ခာဈေးနှုန်းကြီးမြင့်မှုများကို ရာသီဥတုပြောင်းလဲမှုနှင့်ဆက်စပ်သော မိုးခေါင်ရေရှားမှု၊ ရေကြီးရေလျှံမှုများနှင့် ချိတ်ဆက်နေပုံကို တင်ပြထားသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် ယခုရာစုနှစ်အတွင်း ကမ္ဘာကြီး၏ ကောက်ပဲသီးနှံထုတ်လုပ်မှုမှာ ဆယ်စုနှစ်တစ်ခုလျှင် ၂ ရာခိုင်နှုန်း ကျဆင်းပြီး လိုအပ်ချက်မှာ ဆယ်နှစ်တစ်ကြိမ် ၁၄ ရာခိုင်နှုန်း ပိုမိုလာမည်ဟု ခန့်မှန်းထား၍ စားနပ် ရိက္ခာဈေးနှုန်းများ ဆက်လက်မြင့်တက်မည်ဟုလည်း ခန့်မှန်းထားသည်။

ရာသီဥတုပြောင်းလဲမှုဒဏ် အများဆုံးခံစားရသော ဒေသများ၌ စားနပ်ရိက္ခာမလုံလောက်မှုမှာ ပုံမှန်အခြေ အနေသစ်တစ်ရပ် ဖြစ်လာမည်ဟု IPCC က ဆိုထားပြီး အာရှနှင့် အာဖရိကမှာ အကြီးမားဆုံးထိခိုက် မည့် ဒေသများဟုဖော်ပြသည်။

ယင်းတိုက်ကြီးနှစ်ခုလုံးတွင် မုတ်သုံမိုးရွာသွန်းမှုပုံစံများ ပြောင်းလဲပျက်ယွင်းနေပြီး အာဖရိက အရှေ့ ပိုင်း၊ မြောက်ပိုင်း၊ တရုတ်နိုင်ငံနှင့် အိန္ဒိယအနောက်ပိုင်း ခြောက်သွေ့ဒေသများတွင် သဲကန္တရဖြစ်ပေါ်မှု ပိုမိုကျယ်ပြန့်လာခဲ့သည်။ ဟိမဝန္တာဒေသ ရေခဲညွန်များနှင့် ရေခဲမြစ်များ တဖြည်းဖြည်း အရည်ပျော်ကျ လာ၍ ရှေ့လာမည့်နှစ်များအတွင်း မဲခေါင်၊ ယန်စီ၊ ဂင်္ဂါ၊ ဗြမ္မပုတ္တရာ စသောမြစ်ကြီးများ ၏ မြစ်ဝှမ်းဒေသများ ၌ ရေလွှမ်းမိုးမှုများ မကြာခဏဖြစ်ပေါ်ပြီး နောက်ပိုင်းတွင် ထာဝရရေခန်းခြောက်သွားမည့် ပုံစံသစ်ပေါ် ထွက်လာမည် ဖြစ်သည်။

သို့သော် ယခုအစီရင်ခံစာ၏ အကြီးမားဆုံး သတင်းအချက်အလက်မှာ ရာသီဥတုပြောင်းလဲမှုကြောင့် ပေး ဆပ်ရမည်ဟု ခန့်မှန်းထားသော တန်ဖိုးဖြစ်နိုင်ပါသည်။ အပူချိန်အနည်းအကျဉ်း (၂ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်)ခန့်တက်လျှင်ပင် ကမ္ဘာ့စီးပွားရေးကုန်ထုတ်လုပ်မှုကို ၂ ရာခိုင်နှုန်း (တန်ဖိုးအားဖြင့် နှစ်စဉ် ကန်ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံ) လျော့ကျသွားစေနိုင်သည်ဟု သိပ္ပံပညာရှင်များကဆိုသည်။

ရာသီဥတုပြောင်းလဲမှု ကုန်ကျစရိတ်များတွင် စားနပ်ရိက္ခာဈေးနှုန်းများ ကြီးမြင့်ခြင်း၊ ကျန်းမာရေး အသုံးစရိတ်တိုးလာခြင်း၊ မုန်တိုင်းများ၊ မိုးခေါင်ရေရှားမှုနှင့် ရေလွှမ်းမိုးမှုများ မြင့်တက် လာခြင်း၊ မြေပေါ်မြေအောက် ရေအရင်းအမြစ် ခန်းခြောက်လျော့ပါးလာခြင်း၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက်၍ ကမ်းရိုး တန်းဒေသများ ရေလွှမ်းမိုးကာ ကုန်းမြေဧရိယာ ဆုံးရှုံးခြင်းများ ပါဝင်သည်။

IPCC ၏ အစီရင်ခံစာသုံးပိုင်းအနက် ပထမပိုင်းကို စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့စဉ်က ယခု ရာစုနှစ် ကုန်ဆုံးချိန်တွင် ကမ္ဘာ့အပူချိန်သည် ၄ ဒီဂရီဆဲလ်စီးယပ်စ် မြင့်တက်နိုင်ကာ ယခုအချိန်မှာပင် ကမ္ဘာ့အပူချိန် ၀ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်စ် မြင့်တက်နေပြီဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်မှာ သုံးပေအထိ မြင့်လာနိုင် သည်ဟု ရှေးရိုးဆန်ဆန် လျှော့လျှော့ပေါ့ပေါ့ ခန့်မှန်းခဲ့သည်။ သို့သော် ယင်းသို့ လျှော့ပေါ့ခန့်မှန်းချက်ကပင် ရာသီဥတုသိပ္ပံအပေါ် မယုံကြည်သူများ၏ ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ပြီး ပြီးခဲ့သည့်ဆယ်နှစ်တာအတွင်း အပူချိန်မြင့်မားလာမှုမှာ မျှော်လင့်ထားသလောက်မရှိခဲ့၍ ကမ္ဘာကြီးပူနွေးလာမှု ရပ်တန့်သွားပြီဆိုသော အထောက်အထားဟု ၎င်းတို့ကပြောကြသည်။

သဘာဝပတ်ဝန်းကျင်အဖွဲ့များကမူ IPCC ၏ အစီရင်ခံစာ၌ စီးပွားရေးကုန်ကျစရိတ် တွက်ချက်ရာတွင် ပမာဏပြရန်ခက်ခဲသော ထိခိုက်ပျက်စီးမှုများကို ထုံးစံအတိုင်း ချန်လှပ်ထားခဲ့သည်ဟု ဆိုကြသည်။ ကမ္ဘာ့ ရာသီဥတုကို တစ်ချက်တည်းနှင့် ဇောက်ထိုးမိုးမျှော်ဖြစ်စေနိုင်သော အခြေအနေများ ထည့်မတွက်ထားဟု ၎င်းတို့ကဆိုသည်။

ဥပမာအားဖြင့် အာတိတ်ဒေသ၏ အချို့နေရာများတွင် စတင်ဖြစ်ပေါ်နေပြီဖြစ်သော ထာဝရအေးခဲနေ သည့် ရေခဲပြင်များ ပျော်ကျခြင်းမျိုးဖြစ်သည်။ ယင်းဒေသများတွင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထက် အဆပေါင်း ၂၀ ခန့် အန္တရာယ်ကြီးသော ဖန်လုံအိမ်ဓာတ်ငွေ့တစ်မျိုးဖြစ်သည့် မီသိန်းဓာတ်ငွေ့ အမြောက် အမြား ပိတ်လှောင်ထားရာ ယင်းဓာတ်ငွေ့များ ရုတ်တရက်ထွက်ပေါ်လာခဲ့ပါက ကမ္ဘာ့အပူချိန်မှာ ခုန်ပျံမြင့် တက်သွားနိုင်သည်။

အချို့အခြင်းအရာများတွင် နောင်တွင် ဘာဖြစ်မည်လဲလေ့လာရန် အကောင်းဆုံးလမ်းညွှန်ချက်မှာ လက်ရှိဖြစ်ပေါ်နေပြီဖြစ်သော အခြေအနေများကို ကြည့်ရှုခြင်းဖြစ်နိုင်ပါသည်။ မကြာသေးမီက အရှေ့ အာဖရိကခရီးစဉ်တစ်ခုအတွင်း စူးစမ်းကြည့်ရာတွင် တောင်သူများက တူညီသောဇာတ်လမ်းများ သာ ပြောပြကြသည်။ ရာသီအလိုက် မိုးရွာသွန်းမှု ခန့်မှန်းရခက်လာခြင်း၊ သီးနှံများ ညှိုးနွမ်းခြောက်သွေ့ လာခြင်း၊ မြစ်ချောင်းနှင့် ရေတွင်းရေကန်များ ခန်းခြောက်လာခြင်းတို့ဖြစ်သည်။ ၎င်းတို့သည် အနာဂတ် အပေါ် ပို၍ပူပန်သောကဖြစ်နေကြသည်။

‘‘သံရည်ကျိုမီးဖိုထဲမှာ မင်း ကောက်ပဲသီးနှံစိုက်ပျိုးလို့မရဘူး’’ဟု IPCC အစီရင်ခံစာကို ပူးတွဲရေးသားသူနှင့် တက္ကဆက်ပြည်နယ် A&M တက္ကသိုလ်မှ စိုက်ပျိုးရေးလုပ်ငန်း စီးပွားရေးပညာပါမောက္ခ ဘရုစ်ကားလ်က ဆိုပါသည်။ ရာသီဥတုပြောင်းလဲမှုနှင့်အတူ လိုက်ပါပြောင်းလဲရန်မှာ ကမ္ဘာ့နေရာများစွာတွင် အခက်အခဲ ရှိမည်ဟု ၎င်းကပြောပါသည်။

IPCC ၏ အစီရင်ခံစာ ပထမပိုင်းကို စက်တင်ဘာလတွင် ထုတ်ပြန်စဉ်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ‘‘ဒီကိစ္စ အပူတပြင်းဖြစ်နေပါပြီ။ ကျွန်တော်တို့ အခုအချိန်ကစပြီး ကိုင်တွယ်ရမယ်’’ ဟု ပြောကြားပါသည်။

ကမ္ဘာကြီးအနေဖြင့် အချိန်မီကိုင်တွယ်မည်လားဆိုသည်ကိုသာ မေးစရာကျန်ပါသည်။

—Ref: The bill for climate change is coming due
7Day News Journal
အတွဲ (၁၃)၊ အမှတ်(၅)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...