အမှိုက်ကောက်သူ

ဝူဟန်မြို့တော်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ဆီလီကွန် တောင်ကြားဟု ပြောရလောက်သည့် နည်းပညာပစ္စည်းများ ထုတ်လုပ်ရာ မြို့တော် ဖြစ်သည်။ မိုးမျှော်တိုက်ကြီးများ၊ အထပ်ထပ် လမ်းမကြီး များနှင့် အလွန်အင်မတန် ခေတ်မီသည့် မီဂါမြို့တော်ကြီး တစ်ခုဖြစ်နေပေပြီ။ ရေအိုင်များ၊ မြစ်များကလည်း မြို့ကိုဖြတ်ပြီး တည်ရှိနေခဲ့ရာ ခေတ်မီ အသွင်သဏ္ဌန်များ၊ သဘာဝ ရှုခင်းများ ပေါင်းပြီး အလွန်ပဏာ တင့်သည့်နေရာဟု ဆိုရပေမည်။ အဆိုပါ မြို့တော်ဝူဟန်၏ လမ်းမ တစ်နေရာတွင် ဖြစ်သည်……။



ယိုးယွီစင်သည် စက်ဘီးကလေးစီးပြီး သူမအလုပ်လုပ်ရမည့် လမ်းသို့ ထွက်လာခဲ့သည်။ စက်ဘီး ၏ နောက်ခုံတွင် အမှိုက်ပုံး တစ်လုံးပါပြီး တံမြက်စည်းတစ်ချောင်း၊ အမှိုက်ကောက်သည့် ညှပ်တစ်ခုလည်း ပါသည်။ သန့်ရှင်းရေး လုပ်သားများ ဝတ်ဆင်သည့် လိမ္မော်ရောင် ဝတ်စုံကို အနွေးထည်၏ အပေါ်တွင် ထပ်ဝတ်ထားသည်။ သူမအလုပ် လုပ်ရမည့် လမ်းနေရာသို့ ရောက်သောအခါ ခပ်အေးအေးပင် ပလတ်စတစ်စများ၊ စီးကရက်အတိုများ၊ ကြွေကျနေသောရွက် ကြွေများကို လိုက်ကောက်ပြီး အသင့်ပါလာ သည့် အမှိုက်ပုံးထဲသို့ ထည့်သည်။ ကားမှတ်တိုင်များသို့ အလုပ်သွားမည့် လူများ ရောက်လာအချိန်တွင် သူမ၏ အလုပ်က တော်တော်ပြီးနေလေပြီ။ ယိုးယွီစင်သည် သာမန် စည်ပင်သန့်ရှင်းရေး အလုပ်သမ တစ်ဦးတော့ မဟုတ်ပေ။ ၀ူဟန်မြို့တော်တွင် ကြေးရတတ်စာရင်း၌ ပါဝင်သည့် မီလီယံနာ သန်းကြွယ် သူဌေးကြီး တစ်ဦး ဖြစ်သည်။ မည်သည့်အတွက် သူမအမှိုက် လိုက်ကောက်နေသနည်း ဆိုသည်က စိတ်ဝင်စားဖွယ်ရာ ကောင်းသည်။

ဒေါ်လာနှင့် တွက်ပါက တစ်လလျှင်နှစ်ရာ စွန်းစွန်းသာရသည့် သန့်ရှင်းရေး စည်ပင်အလုပ်ကို မပျက်မ ကွက် အာရုံစိုက်ပြီး လုပ်နိုင်သည့် သန်းကြွယ်သူဌေး အများကြီး ရှိလိမ့်မည် မဟုတ်ပေ။ အသက် ၅၃ နှစ်အရွယ် တရုတ် အိမ်၊ ခြံ၊ မြေလုပ်ငန်းပိုင် ယိုးယွီစင်ကတော့ နံနက်သုံးနာရီတွင် ပျော်ရွှင်စွာ နိုးထပြီး တစ်ပတ်တွင် ခြောက်ရက် လမ်းမများကို သန့်ရှင်းရေး လုပ်ပေးသည်။ အကြောင်းပြချက်ကတော့ သူမ သားသမီးတွေ၏ စံပြ ဖြစ်ချင်ပါသည်တဲ့။

“အလုပ်တစ်ခုခု လုပ်နေပေးဖို့ လိုတယ်လို့လည်း ကိုယ့်ကိုယ်ကိုယ်ာ ထင်ပါတယ်” ဟု မစ္စစ်ယိုးက ဆိုသည်။ လူချမ်းသာ တစ်ယောက်အနေနဲ့ နေရတာကို ပျင်းလာပြီလို့ သူ့ကိုယ်သူ သိလိုက်သည်နှင့် ထိုတံမြက်လှည်း အလုပ်ကို စတင်လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ အိမ်၊ ခြံ၊ မြေသူဌေးမကြီး မဖြစ်ခင်က ယိုးသည် ဟင်းသီးဟင်းရွက် စိုက်သော လယ်သမားတစ်ဦး ဖြစ်သည်။ စိုက်ထားပျိုးထားသည့် ဟင်းသီး ဟင်းရွက်များကို ယာခင်းမှအိမ်သို့ ထမ်းပိုးပြီး ပြန်သယ်သည့် အလုပ်လောက် ပင်ပန်းခြင်းမျိုး လုပ်ကိုင်ဖူး သည်ဟု ပြောပြသည်။

၁၉၈၀ ပြည့်နှစ်ကျော် ကာလများတွင် တရုတ် ကွန်မြူနစ်အစိုးရက စီးပွားရေး ပြုပြင်ပြောင်းလဲမှု များလုပ်သောအခါ လယ်သမားများလည်း စီးပွားရေး လုပ်ခွင့်ရလာခဲ့သည်။ ယိုးယွီစင်နှင့် ခင်ပွန်းသည် တို့သည် ပိုက်ဆံလေးများကို ကျားကုတ်ကျားခဲ စုကြပြီး ရွာမှာပင် သုံးထပ်အိမ်များ ဆောက်ကာအငှား လုပ်ငန်းလုပ်ခဲ့သည်။ နောက်ပိုင်း မြို့ပြများ ဖွံ့ဖြိုး လာသည်နှင့်အတူ အိမ်၊ ခြံ၊ မြေ လုပ်ငန်းကလည်း တအားဝင်ငွေ ကောင်းလာခဲ့သည်။ သူမသည် အိမ်၊ ခြံ၊ မြေလုပ်ငန်းကို တိုးချဲ့သည်ထက် တိုးချဲ့ခဲ့ရာ ယခုနောက်ဆုံး ၀ူဟန်မြို့တော်ကြီးတွင် နေရာ ၂၁ နေရာလောက် ပိုင်ဆိုင်နေပြီ ဖြစ်သည်။ ထို အိမ်၊ ခြံ၊ မြေများမှ အငှားခများကလည်း လစဉ်တော်တော် ဝင်သောကြောင့် ဝင်ငွေက အတော်ကောင်းသည်။

ငယ်စဉ်ကတည်းက အလုပ်ကြိုးစားမှုနှင့် အိမ်၊ ခြံ၊ မြေ ပိုင်ဆိုင်မှုတို့ကြောင့် သန်းကြွယ်သူဌေးအဖြစ် ယိုးယွီစင် ရပ်တည်နိုင်လာခြင်း ဖြစ်သည်။ ၁၉၉၈ ခုနှစ်ကစပြီး နံနက်ခင်းတိုင်း လမ်းမများတွင် တံမြက်လည်း အမှိုက်ကောက်ခြင်းကို မပျက်မကွက် လောက်နီးပါး လုပ်လာခဲ့သည်ဟု တောင်တရုတ် နံနက်ခင်း သတင်းစာက ရေးသားထားသည်။ သတင်းစာဆရာ တစ်ဦးက သူမနှင့် မတွေ့သွားမချင်း သူမသည် လူမသိသူမသိသာ နံနက်ခင်းတိုင်း အမှိုက်ရှင်းနေခဲ့သည့် အေးဆေးသူ တစ်ဦးလည်း ဖြစ်သည်။ ယခု လမ်းဘေး တံမြက်စည်းလှည်းသည့် မီလီယံနာကြီးသည် တရုတ်ပြည်တွင် အလုပ် ကြိုးစားမှု၊ စိတ်ထား ပြတ်သားမှုတို့အတွက် ဘာကြောင့် ပိုက်ဆံချမ်းသာ ပါလျက်နှင့် “ကျွန်မ သားနဲ့သမီးအတွက် စံပြဖြစ်ချင်ပါတယ်။ ရှိတဲ့ငွေတွေကို ထိုင်စားပြီး ပျင်းပျင်းရိရိ နေနေရတာကို မကြိုက်ဘူး” ဟု ယိုးယွီစင်က ဝူဟန်ညနေခင်း သတင်းစာကို ပြောကြားခဲ့ဖူးသည်။



ယိုးယွီစင် ပိုင်ဆိုင်သည့် အိမ်၊ ခြံ၊ မြေ စုစုပေါင်း တန်ဖိုးက အမေရိကန်ဒေါ်လာ တစ်သန်းခွဲလောက် ရှိသည်။ သို့သော် ၁၅ နှစ်တိုင်တိုင် အလုပ်လုပ်လာသည့် ဝူချန်ခရိုင် ချန်ဂွမ်းသန့်ရှင်းရေး ဗျူရိုအဖွဲ့မှာ ဆက်နေခဲ့ပြီး သန့်ရှင်းရေးကို ဆက်လုပ်နေခဲ့သည်။

“အလုပ်လုပ်တယ်ဆိုတာ လစာကြောင့် မဟုတ်ပါဘူး။ ကိုယ်ကြိုက်တဲ့ နေရာမှာ အလုပ်က စိတ်ကိုအာရုံ ဝင်စားစေတယ်” ဟု ယိုးကဆိုပါသည်။ ပျင်းရိပြီး စားလိုက်သောက်လိုက် နေခြင်းက မကောင်းသော အကျင့်များကို ဝင်လာစေသည်ဟု ၎င်းကဆိုသေးသည်။ သားနှင့် သမီးကလည်း အလုပ်ရှိပါသည်။ အကယ်၍ သားနှင့်သမီးက အလုပ်မလုပ်ကြဘူး ဆိုလျှင်လည်း သူမပိုင်ဆိုင်သမျှ အိမ်၊ ခြံ၊ မြေများကို အစိုးရကို အပ်လိုက်မည်ဟု ယိုးယွီစင်က ပြောပြပါသည်။ ငွေကြေး ချမ်းသာသော သူဌေးသား၊ သူဌေးသမီးများ ဖြစ်သော်လည်း အလုပ်တန်ဖိုးကို သိရှိရန် မိခင်က ရှေ့မှဦးဆောင်ပြီး လုပ်ပြခြင်း ဖြစ်ပေ သည်။ ဒီလိုနည်းနဲ့ သင်ကြားပြသပေးဖို့ မိဘတိုင်း လုပ်နိုင်လိမ့်မည်ဟုတော့ မထင်ပေ။

The Voice Weekly

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...