ပျော်ရွှင်တဲ့ ဘဝသီချင်းတစ်ပုဒ်



ပြုံးပြုံးရွှင်ရွှင်နဲ့ ဘဝသံစဉ်ကို ဟစ်အော်သီကျူးလိုက်ပါ။
ဘဝကပေးတဲ့ ဆင်းရဲဒုက္ခတွေအတွက် ညည်းတွားမနေပါနဲ့။
ဘဝကပေးတဲ့ အတားအဆီးတွေအတွက် ညည်းတွားမနေပါနဲ့။

တကယ်လို့ ပင်လယ်ပြင်မှာ ကြီးမားတဲ့လှိုင်းတံပိုးတွေမရှိခဲ့ရင် ပင်လယ်ရဲ့အားမာန်ကို တွေ့ရလိမ့်မှာ မဟုတ်ဘူး။
တကယ်လို့ သဲသောင်ပြင်မှာ သဲမှုန်တွေလွှင့်ပျံ့မနေခဲ့ရင် သဲသောင်ပြင်ရဲ့ခမ်းနားမှုကို တွေ့ရလိမ့်မှာမဟုတ် ဘူး။
တကယ်လို့ လူ့ဘဝဟာ အရာရာလိုတရ စိတ်တိုင်းကျနေရင် ဘဝရဲ့ရှင်သန်ခြင်းက အဓိပ္ပာယ်မဲ့သွားလိမ့် မယ်။

ပြုံးပြုံးရွှင်ရွှင်နဲ့ ဘဝသံစဉ်ကို ဟစ်အော်သီကျူးလိုက်ပါ။
တစ်ခါကျရှုံးတိုင်း သင်ခန်းစာတစ်ခုတိုးတယ်လို့ မှတ်ယူပါ။ စိတ်အားမငယ်ပါနဲ့။
တစ်ခါအောင်မြင်တိုင်း ပျော်ရွှင်မှုတစ်ခုတိုးတယ်လို့ မှတ်ယူပါ။ မဝင့်ကြွားပါနဲ့။
အဲဒီလိုပဲ... ဘဝဂီတကြိုးတွေကို စိတ်အေးသာသာ ပြုံးပြုံးရွှင်ရွှင်နဲ့တီးခတ်ပြီး ဆင်းရဲဒုက္ခတွေကို ရင်ဆိုင်ပါ။ ပျော်ရွှင်ခြင်းတွေကို သိမ်းပိုက်ပါ။ အထီးကျန်တဲ့အရသာကို မြည်းစမ်းပါ။ ဝမ်းနည်းကြေကွဲခြင်းတွေကို အောင်နိုင်လိုက်ပါ။

ပြုံးပြုံးရွှင်ရွှင်နဲ့ ဘဝသံစဉ်ကို ဟစ်အော်သီကျူးလိုက်ပါ။
"လူ"ဆိုတဲ့စာလုံးကို တည့်တည့်ဖြောင့်ဖြောင့် ကြီးကြီးရေးပါ။ သိက္ခာရှိရှိ ရှင်သန်ပါ။ အင်အားရှိရှိ ကြီးပြင်းပါ။
ငွေကြေးရှေ့မှောက် မခယပါနဲ့။ သြဇာအာဏာရှေ့မှောက် မဝပ်တွားပါနဲ့။
လောဘမရှိတဲ့ဘဝက ရိုးရှင်းတဲ့သီချင်းတစ်ပုဒ်ဖြစ်တယ်။ သာမန်တဲ့ဘဝက လှပတဲ့ကဗျာတစ်ပုဒ်ဖြစ်တယ်။
အဲဒီသီချင်း.. အဲဒီ ကဗျာတွေကို ပြုံးပြုံးရွှင်ရွှင်နဲ့ သီဆိုပါ၊ ရွတ်ဖတ်ပါ။ အေးချမ်းတဲ့စိတ်ထားနဲ့ ကံကြမ္မာရဲ့ကကွက်တွေကို ရူစားပါ။ ဆိတ်ငြိမ်ခြင်းထဲကနေ လောကရဲ့အတက်အကျကို ကြည့်ပါ။

ပြုံးပြုံးရွှင်ရွှင်နဲ့ ဘဝသံစဉ်ကို ဟစ်အော်သီကျူးလိုက်ပါ။
ဖုန်သလိပ်ဖုံးနေတဲ့ ရင်ခွင်တံခါးကိုကျယ်ကျယ်ဖွင့်ပါ။
ကျဉ်းမြောင်းတဲ့ တစ်ကိုယ်ကောင်းဆန်စိတ်တွေ အရောင်လွင့်ပါစေ။
စိတ်ဝိညာဉ်ကို လွတ်လွတ်လပ်လပ် ပျံသန်းခွင့်ပြုပါ။
ကြီးမြတ်တဲ့ခွင့်လွှတ်ခြင်းတွေ အိပ်တန်းတက်ပါစေ။
ဒါမှ လင်းလက်တောက်ပတဲ့ လောကတစ်ခုက သင့်မျက်စိရှေ့မှာ အလွှာလွှာ ပွင့်ကျလာလိမ့်မယ်။
ကောင်းကင်ပြာပြာ၊ တိမ်လွှာဖွေးဖွေး၊ တံတားလေးရယ်၊ စီးဆင်းနေတဲ့ စမ်းရေလေးရယ်..... ပေါ့ပါးလွတ်လပ်တဲ့ လမ်းတစ်လျှောက်မှာ ပန်းကလေးတွေရဲ့ မွှေးရနံ့က သင့်နှာခေါင်းထက် ရစ်ဝဲနေလိမ့်မယ်။ အရောင်စုံတဲ့ လိပ်ပြာလေးတွေက သင့်ကိုယ်ဘေးမှာ ကခုန်နေလိမ့်မယ်။

ပြုံးပြုံးရွှင်ရွှင်နဲ့ ဘဝသံစဉ်ကို ဟစ်အော်သီကျူးလိုက်ပါ။
မျက်ရည်ဆိုတာ တခြားလူရဲ့ထိခိုက်နာကျင်မှုအတွက်ပါ။
အကြင်နာမေတ္တာဆိုတာ ရိုးသားမြင့်မြတ်တဲ့ နှလုံးသားအတွက်ပါ။
ကိုယ်ချင်းစာစိတ်ဆိုတာ ကံမကောင်းတဲ့ သူငယ်ချင်းတွေအတွက်ပါ။
ဂရုစိုက်မှုဆိုတာ အထီးကျန်ပြီး နွေးထွေးမှုလိုအပ်နေသူတွေအတွက်ပါ။
ပြုံးရယ်နေတဲ့ကျွန်တော်တို့က ပြုံးရယ်တဲ့အင်အားနဲ့ ဘေးပတ်ဝန်းကျင်ကို အလင်းပေးတယ်၊ ဘေးပတ်ဝန်းကျင်ကို နွေးထွေးစေတယ်၊ ဘေးပတ်ဝန်းကျင်ကို အကျိုးသက်ရောက်စေတယ်။ လူတိုင်းလူတိုင်းရဲ့ မျက်နှာပေါ်မှာ မငြိမ်းတဲ့ အပြုံးမီးအိမ်ကို ထွန်းညှိပေးတယ်။ ဟုတ်ပါတယ်... အဲဒီလိုပဲ.... ဘဝကပေးသမျှကို ပြုံးရယ်တဲ့စိတ်ထားနဲ့ ကျွန်တော်တို့ ရင်ဆိုင်ရပါတယ်။ ဘဝသံစဉ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဟစ်အော်သီကျူးလိုက်ပါတယ်။

မူရင်းရေးသားသူ--- Ma De (马德)
နိုင်းနိုင်းစနေ (Sunday, June 12, 2011)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...