ယောဂ သို့မဟုတ် သင့်ကျန်းမာရေးအတွက် နူးညံ့သိမ်မွေ့သော အထောက်အပံ့ကောင်းတစ်ခု

ကမ္ဘာပေါ်ရှိ လူသားတိုင်းတွင် နိစ္စ ဓူဝ လုပ်ဆောင်ကြ ရသည့် ကိစ္စရပ်များ စွာရှိသည်။ တစ်နေ့တာ အတွက် မလုပ် မဖြစ် ပြုလုပ်ရမည့် ကိစ္စများမှ အစ သာ ရေး၊ နာရေး၊ လူမှုရေး၊ စီးပွားရေး စ သည့် အရေးကိစ္စများစွာနှင့် အမြဲတစေ လုံးပန်းနေ ကြရသည်။ ဒါကိုပင် ‘ဘဝ’ ဟု ခေါ်သည်။ ထိုထိုသော ကိစ္စရပ်များ စွာထဲတွင် လူသားများအတွက် အရေးအပါဆုံးနှင့် အလိုအပ်ဆုံးအရာမှာ လူတိုင်း လိုက်နာလုပ်ဆောင်ရန် အချိန် မပေးနိုင် သဖြင့်မေ့လျော့နေလေ့ ရှိသည့် ”ကျန်းမာ ရေး”ပင် ဖြစ်သည်။



”အာရောဂျံ၊ ပရမံလာဘံ” ဆိုသည့် စကားကို လူတိုင်းကြားဖူးသည်။ ပြောဖူးသည်။ အဓိပ္ပာယ်လည်း နားလည်သင့် သလောက် နားလည်ကြသည်။ သို့ရာတွင် လိုက်နာရန် ၊ ကျင့်သုံးရန် ခဲ ယဉ်းကြသည်။ အကြောင်းမှာ စားဝတ် နေရေး အတွက် လုံးပန်းရင်း ကျန်းမာရေး အတွက် အချိန်မပေးနိုင် ကြခြင်းကြောင့် ဖြစ်သည်။

သို့ရာတွင် လူတစ်ဦး တစ်ယောက် မကျန်းမာပါက ထိုသူကိုယ်တိုင် စိတ် ရောကိုယ်ပါ ပင်ပန်းရုံမျှမက ထိုသူ၏ အရေးကြီးသော စား၊ ဝတ်၊ နေရေးကို လည်း ထိခိုက် လာမည်။ ထို့အပြင် ထိုသူ နှင့်ပတ်သက် ဆက်နွှယ်နေသော ပတ်ဝန်းကျင်ရှိ လူများပေါ်တွင် လည်း အနည်း ငယ် ထိခိုက်တတ်စမြဲပင် ဖြစ်သည်။

ထို့ကြောင့် မိမိ၏ ကျန်းမာရေးကို မိမိကိုယ်တိုင်ပင် ထိန်းသိမ်းစောင့်ရှောက် သင့်သည်။ သင့်တင့် မျှတသော အစား အစာ၊ သက်သောင့် သက်သာ နေထိုင်မှု ၊ နေ့စဉ် ပုံမှန် ပြုလုပ်သင့်သည့် ကိုယ်လက် လှုပ်ရှားမှု တို့ကို အတတ်နိုင်ဆုံး ကောင်း မွန်စွာ ပြုလုပ်ပေးပါမှ လူသည် ကျန်းမာ ရေးလာဘ်ကို ခံစားနိုင်မည်ဖြစ် သည်။

စိတ်ရောကိုယ်ပါ အေးချမ်း တည် ငြိမ်မှ မိမိလုပ်ကိုင်နေသော အရာများကို အောင်မြင်အောင်၊ တိုးတက်အောင်၊ ပြည့် စုံအောင်၊ ကျေပွန်အောင် စွမ်းဆောင်နိုင် ကြပေမည်။ ထိုသို့ ကောင်းမွန်ပြည့် စုံ သော ဘဝတစ်ခု ရရှိရန်၊ ကျန်းမာရေး ကောင်းကောင်းနှင့် အလုပ်ကောင်းကောင်း လုပ်နိုင်ရန် သင့်တင့် မျှတသော ကိုယ်လက်လေ့ကျင့်ခန်းကို နေ့စဉ်ပြုလုပ်ပေး ရန်လိုအပ်သည်။

ယခုရာသီသည် ပူအိုက်၍ ချွေးထွက်များစေသည့် ရာသီဖြစ်ရာ ပြင်းထန်သော လေ့ကျင့်ခန်း များကို ပြုလုပ်ရန် မသင့်ပေ။ စိတ်ရော၊ ကိုယ်ပါ တည် ငြိမ်အေးချမ်း ပြီး စွမ်းဆောင်မှု အပြည့် အဝ ရရှိမည့် လေ့ကျင့်ခန်း များကိုသာ ရွေးချယ် သင့်ပေသည်။ ထို့ ကြောင့် စိတ်နှင့် ခန္ဓာကိုယ် ကို တစ်သားတည်း ဖြစ်ရန် ပေါင်းစည်းပေးမည့် ”ယောဂ” လေ့ကျင့် ခန်းသည် လူတိုင်းနှင့် သင့်တော်သည့် ကစားနည်း ဖြစ်လေသည်။

ယောဂ၏ အစသည် ရှေးခေတ် အိန္ဒိယမှ မြစ်ဖျားခံသည်ဟု ဆိုသည်။ ယောဂသည် ခန္ဓာနှင့် စိတ်ကို ပေါင်း စည်းစေပြီး လတ်တလော အချိန်အတွင်း မှာပင် အာရုံပျံ့နှံ့မှု မရှိစေ ဘဲ ငြိမ်းချမ်း မှုကို ရရှိနိုင်ကြောင်း ယောဂဆရာမ တစ်ဦး ဖြစ်သူ ဂျင်းနီက ”ယောဂကျင့်ရင် စိတ်အရမ်း တည်ငြိမ်တယ်။ အာရုံစူးစိုက် မှု အားကောင်းစေတယ်။ စိတ်ကြည်လင် အေးချမ်းတယ်။ ဒါကြောင့် ကိုယ့်အလုပ် ကို ပိုပြီး တိုးတက်အောင်မြင်အောင် လုပ်နိုင်ပါတယ်” ဟု ပြောသည်။

ယောဂ လေ့ကျင့်ခြင်းဖြင့် သွေး လည်ပတ်မှုကို ကောင်းမွန်စေသည်။ သွေးတွင်း သကြား ဓာတ်ကို ထိန်း ညှိပေးသည်။ စိတ်ဖိစီးမှု နှင့်ဆက်စပ် သော နှလုံး ရောဂါ၊ ဆီး ချိုရောဂါ တို့ အပြင် ကင်ဆာရောဂါ များကိုပင် သက်သာစေ ကြောင်းကို ”စိတ်တည်ငြိမ်တဲ့ အတွက် နှလုံးရောဂါ သမားတွေ အဖို့ သင့်လျော် ပါတယ်။ အာရုံ စူးစိုက်မှု အားကောင်း တော့ ကင်ဆာ ရောဂါသမားတွေ တောင်မှ ကိုယ့်ရောဂါ ကိုမေ့ပြီး စိတ် ညစ်တာတွေ ပဲတွေးမနေတော့ပါဘူး” ဟု ဆိုသည်။

သို့ရာတွင် ယောဂသည် လေ့ကျင့် ခန်းဖြစ်သည့် အတွက် နှလုံးရောဂါ သ မားများ အနေနှင့် ပြင်းထန်သော ကစား ကွက်များကို ရှောင်ရ မည်ဖြစ်ကြောင်း လည်း ဆရာမ က အကြံပြုသည်။

ယောဂကို လူကြီး၊ လူငယ် မရွေး ကစားသင့်ပြီး တစ်နေ့လျှင် အနည်းဆုံး နာရီဝက်မှ တစ်နာရီခွဲ အတွင်း ကစား နိုင်သည်ဟု သိရသည်။ ယောဂကျင့်စဉ် ကို တစ်ခါမျှမ ကစားဖူး သူများ အနေနှင့် အခြေခံယောဂမှ စတင်ကစား သင့်သည် ဟုလည်း ဆရာမက ပြောသည်။

ယောဂကစား ကွက်ပေါင်း မြောက် မြားစွာရှိသည့် အနက် ၂ဝဝ ခန့်သာ အများဆုံး ကစားကြကြောင်း၊ နေ့စဉ် နံ နက်စောစော သို့မဟုတ် ညပိုင်းအချိန် များတွင် ကစားပါက ပိုမိုအကျိုးရှိ ကြောင်းကို ”မနက်စောစော ကစားရင် အဲဒီလူက တစ်နေ့လုံး ပေါ့ပါးအေးချမ်း ပြီး အလုပ်လုပ် တဲ့နေရာမှာ ပိုပြီး အာရုံ စူးစိုက်နိုင်ပါတယ်။ ညပိုင်း ဆိုရင်လည်း တစ်နေ့လုံး ပင်ပန်းနွမ်းနယ် လာသမျှ ကိုချေဖျက်ပေးပြီး ကောင်း စွာ အိပ်ပျော်စေပါတယ်” ဟု ဂျင်းနီက ပြောသည်။

ဆက်လက်၍ ဂျင်းနီ က ”ယောဂ ကစားတာ ဘာဘေးထွက် ဆိုးကျိုးမှ မရှိ ပါဘူး။ ဒါပေမဲ့ လေ့ကျင့်ပုံ မမှန်ရင်တော့ အဆစ်လွဲ တာတို့ အရိုးနာတာ တို့ဖြစ် တတ် ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ဆရာနဲ့ အတူ ကစားတာ ပိုကောင်းပါတယ်။ နား လည်ရင်တော့ ကိုယ့်ဟာကိုယ် အိမ်မှာ အချိန်ပေးပြီး တစိုက်မတ်မတ် ကစားတာ ပိုအကျိုး ရှိပါ တယ်”ဟု ရှင်းပြသည်။

ထို့အပြင် ယောဂနှင့် Gym ဆော့ ပုံမတူညီကြောင်းကို ”Gym က ဆော့ တာက ကိုယ်လက် လှုပ်ရှားမှု ပြင်းထန် တယ်။ ချွေးထွက်များတယ်။ နောက်ပြီး သူက အချိန် ကန့်သတ် ချက် ရှိတယ်။ ကိုယ်ကစားရင် ကစားတဲ့ ပမာဏပဲ အကျိုးကျေးဇူးပြန်ရတယ်။ ယောဂကျ တော့ အဲဒီလိုမဟုတ်ဘူး။ စိတ်ကို အေး ချမ်းပြီး ကိုယ်ခန္ဓာကို တိုး တက် ကောင်း မွန်အောင် လုပ်ဆောင်ပေးတယ်။ ယော ဂကျင့်လို့ စိတ်တွေ တအား ကျသွားတာ မျိုး၊ မကျင့်နိုင်တော့ တဲ့အခါ စိတ်တွေ တအားပြန် တက်လာတာမျိုး၊ အဲဒါမျိုး တွေ မရှိပါဘူး” ဟု ဂျင်းနီ က အကျယ် တဝင့်ပြောပြသည်။

ယောဂသည် ကိုယ်ဝန်ဆောင်များ အတွက်လည်း အထူး သင့်တော်သည့် လေ့ကျင့်ခန်းဖြစ်ကြောင်းကို ”ကိုယ်ဝန် သုံးလပြည့် ပြီးသွားရင် ယောဂ ကစား လို့ရပါပြီ။ ကိုယ် ဝန် ၈ လအထိ ကစား နိုင်ပါတယ်။ မွေးဖွားရာမှာ အလွန်လွယ် ကူ သက်သာစေတာ ကိုယ်တွေ့ပါပဲ” ဟုလည်း သူမ၏ အတွေ့အကြုံနှင့် သက်သေပြု ပြောကြားခဲ့သည်။

ယခုအခါ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ အများအပြားတွင် ယောဂကို လူသိများ လာကြပြီး ကလေး၊ လူကြီးမရွေး ကစား ကြလာပြီဖြစ်သည်။ ယောဂ ကျင့်စဉ်ကို အသက် ၆ နှစ် မှစ၍ စတင် ကစားနိုင်ပြီး ပညာသင်ကြားနေသော ကလေးများ အတွက်လည်း အာရုံ စူးစိုက်မှုပိုမိုကောင်း မွန်စေသည့် အတွက် ယောဂ ကစားသင့် ကြောင်း ဆရာမ က ပြောသေးသည်။

ယောဂကစားသူ တစ်ယောက် အနေနှင့် အထူးတလည် ရှောင်ကြဉ်ရ မည့် အစားအစာ မရှိကြောင်း၊ မိမိစား နေကျအတိုင်း ပုံမှန်စား၍ ရကြောင်း၊ အသီးအရွက် ပိုစားလျှင် ပိုမိုကောင်းမွန် ကြောင်း ဆရာမက ရှင်းပြသည်။

သို့ရာတွင် ယောဂလေ့ကျင့်ခန်း မလုပ်မီ နှစ်နာရီခန့် အစာစား မထားသင့် ကြောင်း၊ ကစားပြီးလျှင်လည်း နာရီဝက် ခန့်ကြာမှသာ အစာပြန်လည် စားရမည် ဖြစ်ကြောင်း၊ အကြောင်းမှာ ကျင့်စဉ် အချို့မှာ အစာအိမ် ကို ပိတ်ထားတတ် ခြင်းကြောင့် ခေါင်းမူးခြင်းနှင့် အန်ချင် စိတ်များ ဖြစ်စေတတ်သည့် အတွက် ဖြစ် သောကြောင့် ဟု ဂျင်းနီက ဆိုသည်။ ထို့အပြင် အဝတ်အစား ဝတ်ရာ တွင်လည်း သက်သောင့် သက်သာ ရှိပြီး ပေါ့ပါးလွတ်လပ်သော အဝတ်အစားများ ကို ဝတ်ဆင်သင့်ကြောင်း၊ အားကစား ဝတ် စုံ စတော်ကင်၊ တီရှပ်အင်္ကျီတို့ ဝတ်လျှင် အဆင်ပြေကြောင်း ဂျင်းနီ ကရှင်းပြသည်။

ယောဂ ကစားခြင်းဖြင့် စိတ်ကို တည်ငြိမ်စေရုံ မျှမက ခန္ဓာကိုယ်ကိုပါ အချိုးအစား ကျနပြီး လှပစေသည်။ ရော ဂါများကို သက်သာစေသည်။ ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ ဖိစီးမှုဒဏ်မှ ဝေးကွာစေပြီး ကျန်းမာ လန်းဆန်းသည့် လူ့ဘဝကို ပိုင်ဆိုင်နိုင် သဖြင့် အောင် မြင်လိုသော၊ လှပလိုသော၊ ကျန်းမာ ရေးကောင်းမွန်မှု ကို ရယူ လိုသော လူ သားများ အနေနှင့် ယောဂသည် လေ့ ကျင့်ထိုက်သည့် ကျင့်စဉ် တစ်ခုပင် ဖြစ် လေသည်။

ခိုင်သဇင်ဦး
Popular Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...