သင်္ကြန်ဖျော်ဖြေရေး မဏ္ဍပ်များတွင် သီဆိုမည့်သီချင်းများ အနုပညာ မူပိုင်ခွင့်ကြေး ပေးဆောင်ရမည်


Friday, April 4, 2014

မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကာလတွင် ဖျော်ဖြေရေး မဏ္ဍပ်များ၌ သီဆိုဖျော်ဖြေမည့် သီချင်းများ အတွက် အနုပညာ မူပိုင်ခွင့်ကြေး ပေးဆောင်ရမည် ဖြစ်ကြောင်း၊ ဂီတအစည်းအရုံး တွဲဖက်အတွင်းရေးမှူး ဦးကျော်လင်းထိန်က The Voice သို့ ပြောကြားသည်။

“မနှစ်တုန်းကတော့ သင်္ကြန်မဏ္ဍပ်တွေမှာ ဖျော်ဖြေတဲ့ သီချင်းတွေအတွက် အနုပညာ မူပိုင်ခွင့်ကြေး ဆိုပြီး တောင်းခံခဲ့တာပါ။ အဲဒီအချိန်တုန်းကတော့ ဖျော်ဖြေတဲ့သူတွေက မူရင်းစီးရီးထဲက သံစဉ်နဲ့ဆိုတာ မဟုတ်ဘဲ တီးဝိုင်းနဲ့ ပြန်တီးပြီး ဆိုတာဆိုတော့ တေးရေးအတွက်ပဲ ပေးရတယ်။ နောက်ပိုင်း မှာတော့ ရှိုးပွဲတွေမှာ မူရင်းဆိုထားတဲ့ သူရဲ့အသံကို ပိတ်ပြီး ဆိုလာကြတော့ ရေး၊ ဆို၊ တီး၊ ထုတ်လုပ်၊ အသံဖမ်း အလွှာ ငါးခုလုံးအတွက် ဒီနှစ်မှာ စကောက်မယ်။ ဒီလို ပြောင်းလဲ ကောက်ခံတာကလည်း ဂီတနဲ့ ဆက်နွှယ်တဲ့သူတွေ အားလုံးကို မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး ထိတွေ့မှု ရှိစေချင်လို့ပါ” ဟု အနုပညာ မူပိုင်ခွင့် ကောက်ခံမည့် အစီအစဉ်နှင့် ပတ်သက်ပြီး ၎င်းကထပ်လောင်း ပြောကြားသည်။

သီချင်းတစ်ပုဒ်အတွက် အနုပညာ မူပိုင်ခွင့်ကို အရေး၊ အဆိုနှင့် ထုတ်လုပ်မှုပိုင်းအတွက် ၂၅ ရာခိုင်နှုန်းစီ၊ အတီးပိုင်းအတွက် ၁၅ ရာခိုင်နှုန်းနှင့် အသံဖမ်းမှု အပိုင်းအတွက် ၁၀ ရာခိုင်နှုန်းကို ဂီတ အစည်းအရုံး က ပြန်လည် ခွဲဝေပေးသွားမည် ဖြစ်ကြောင်း၊ ဂီတလောကနဲ့ ဆက်နွှယ်နေသည့် လုပ်ငန်းရှင်များ၊ ရှိုးပွဲစီစဉ်သူများ၊ ရုပ်သံလိုင်းများ အဆင်ပြေစေရန်အတွက် သီချင်းတစ်ပုဒ်ကို သီဆိုသည့် အကြိမ်အရေ အတွက်နှင့် ထုတ်လွှင့်သည့် အကြိမ်အရေအတွက်ပေါ် မူတည်ပြီး အနုပညာ မူပိုင်ခွင့်ကြေး လျှော့ပေါ့ ကောက်ခံသွားမည့် အစီအစဉ်လည်း ရှိကြောင်း ဦးကျော်လင်းထိန်က ဆိုသည်။

“သီချင်းတစ်ပုဒ်က သီဆိုတဲ့သူ တစ်ယောက်တည်းနဲ့ သက်ဆိုင်တာ မဟုတ်ပါဘူး။ အနုပညာရှင်၊ အတတ်ပညာရှင်တွေ အားလုံး စုစည်း လုပ်ဆောင်ပြီးမှ သီချင်းတစ်ပုဒ် ဖြစ်လာတာပါ။ အခုလို ဂီတအစည်းအရုံးက အနုပညာ မူပိုင်ခွင့်ကို အနုပညာသမားတွေအတွက် စနစ်တကျနဲ့ ကောက်ခံပေးမယ် ဆိုတော့လည်း ကိုယ်စိုက်ထုတ်ထားတဲ့ ကြိုးစား အားထုတ်မှုအတွက် အနုပညာ ခံစားခွင့် ပြန်ရတာပေါ့” ဟု တေးသံရှင် အောင်လက ပြောကြားသည်။

The Voice Weekly

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...