အခြေခံပညာအဆင့် အောင်စာရင်းများ ထုတ်ပြန်၊ အဋ္ဌမတန်းနှင့် န၀မတန်းတွင် တစ်နိုင်ငံလုံး အောင်ချက်ရာခိုင်နှုန်း ၉၀ ကျော်ရှိ


ဗဟန်းမြို့နယ်အတွင်း အခြေခံပညာအဆင့် အောင်စာရင်း ကြည့်ရှုနေကြသူ ကလေးငယ်များအား တွေ့ရ စဉ်

၂၀၁၃-၁၄ ပညာသင်နှစ် အခြေခံပညာအဆင့် အောင်စာရင်းများအား ၂၀၁၄ ခုနှစ် ဧပြီ ၁၈ ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ သက်ဆိုင်ရာ ကျောင်းများအလိုက် အသီးသီးထုတ်ပြန် ကြေညာခဲ့ကြ သည်။

အောင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ မူလတန်းမှ အလယ်တန်း အထိ နှစ်စဉ် ရာနှုန်းပြည့်နီးပါး အောင်ချက်ရာခိုင်နှုန်း မြင့်မားလေ့ရှိကာ ယခုပညာသင် နှစ်တွင်လည်း ယခင် ၂၀၁၂-၁၃ ပညာသင်နှစ်ကနည်းတူ အဋ္ဌမတန်းနှင့် န၀မတန်းတို့တွင် ကျရှုံးသူဦးရေ နည်းပါးခဲ့ကြောင်း သိရသည်။ အခြေခံပညာ ကျောင်းများနည်းတူ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများတွင် လည်း အောင်စာရင်းများ အသီးသီး ထုတ်ပြန်ကြေညာ ခဲ့ကြပြီး စမ်းသပ်လုပ်ကိုင်ခွင့် ရရှိခဲ့ကြသည့် ပုဂ္ဂလိက ကျောင်းများသည်လည်း ၎င်းတို့နှင့် တွဲဖက်ထားသည့် သက်ဆိုင်ရာ မြို့နယ်အလိုက် ကျောင်းများ တွင်လည်း အသီးသီး ထုတ်ပြန်ခဲ့ကြသည်။ အဆိုပါ ပုဂ္ဂလိက ကျောင်းများ၏ အောင်ချက်ရာခိုင်နှုန်း များမှာလည်း အခြေခံပညာ ကျောင်းများနည်း တူ မြင့်မားခဲ့ကြောင်း သိရသည်။

“မူလတန်းကနေ အလယ်တန်း အထိကတော့ တစ်နိုင်ငံလုံး အတိုင်းအတာအရ နှစ်စဉ်ရာနှုန်းပြည့်နီးပါး အောင်မြင်ပါတယ်။ ရှစ်တန်းနဲ့ ကိုးတန်းကတော့ နည်းနည်း အဖိတ်အစင်ရှိတယ်။ ဒါပေမဲ့လည်း အောင်ချက်တွေကတော့ ၉၀ ရာခိုင်နှုန်း ကျော်ပါတယ်” ဟု ပညာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

“ကျွန်တော်က န၀မတန်းအောင်လို့ အခုကျောင်းဖွင့်ရင် ဒသမတန်း တက်မှာပါ။ သူငယ်တန်းကနေ ကိုးတန်းအထိကတော့ နေ့စဉ်ပုံမှန်စာလုပ်ရင် တန်းစဉ်မှန်မှန် အောင်မှာပါ။ အောင်ဖို့အတွက် က နေ့စဉ်ပုံမှန် စာလုပ်တဲ့သူတွေအဖို့ အခက်အခဲ မရှိပါဘူး။ ကိုးတန်းစာမေးပွဲမှာလည်း အခက်အခဲမရှိ ဖြေဆိုနိုင်ခဲ့တဲ့အတွက် တက္ကသိုလ်ဝင်တန်း အတွက်ကို နွေရာသီ ကျောင်းပိတ်ရက် ကတည်းက ကြိုပြီးပြင်ဆင် ခဲ့ပါတယ်။ အခုစာမေးပွဲ အောင်စာရင်း လာကြည့်တယ် ဆိုတာကလည်း သူငယ်ချင်းတွေနဲ့ ဆရာ၊ ဆရာမတွေနဲ့ တွေ့ချင်တာကြောင့်ပါ” ဟု အ.ထ.က (၂) ဗဟန်း မှ ၂၀၁၄-၁၅ ပညာသင်နှစ်၌ ဒသမတန်း တက်ရောက်မည့် ကျောင်း သား မောင်ရှင်းသန့်က ဆိုသည်။

“အခြေခံအဆင့် စာမေးပွဲအောင်စာရင်း တွေမှာက မူလတန်းအဆင့်၊ အလယ်တန်း အဆင့်တွေက ကလေးတွေ တော်တော်များများ အောင်မြင်ကြပါတယ်။ မိဘတွေ အနေနဲ့လည်း ကလေးတွေ ကို အောင်မြင်စေချင်ကြတယ်။ အထက်တန်းအဆင့် ဖြေဆိုကြတဲ့ ကလေးတွေကတော့ နှစ်စဉ် စာမေးပွဲကျရှုံးတာတွေ အနည်းနဲ့အများ ဆိုသလို ရှိတတ်ကြတယ်။ ဒီနှစ်လည်း အထက်တန်းအဆင့် စာမေးပွဲ ဖြေဆိုကြတဲ့ ကလေးတွေအနေနဲ့ စာမေးပွဲကျရှုံးမှု နည်းပါးတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်” ဟု ပညာရွှေပြည် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းမှ ကျောင်းအုပ်ကြီး ဦးစိုးအောင်က ဆိုသည်။

တစ်နိုင်ငံလုံး အတိုင်းအတာအရ အခြေခံပညာအဆင့် စာမေးပွဲများကို ဖေဖော်ဝါရီနှင့် မတ်တို့တွင် စစ်ဆေးခဲ့ကြခြင်းဖြစ်ပြီး အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူ သိန်းရှစ်ဆယ်ကျော် ၀င်ရောက်ဖြေဆို ခဲ့ကြခြင်းဖြစ်သည်။

Eleven Media Group

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...