ရဟန်းသံဃာများတွင် ဆီးချို၊ သွေးချိုဖြစ်ပွားနှုန်းပိုများ



မြန်မာနိုင်ငံ၏ ငါးသိန်းကျော်ရှိသော ရဟန်းသံဃာများ၏ ဆီးချို၊ သွေးချိုရောဂါဖြစ်ပွားနှုန်း မှာ လေးပုံတစ်ပုံ ခန့်ရှိပြီး သာမန် သက်တူရွယ်တူအမျိုးသားများနှင့် နှိုင်းယှဉ်ပါက ဖြစ်ပွားနှုန်း ထက်ဝက်ကျော် မြင့်မားနေကြောင်း ဆီးချို၊ သွေးချိုရောဂါ အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာ တင့်ဆွေလတ် က ဆိုသည်။

ဆီးချို၊ သွေးချိုရောဂါ ဖြစ်ပွားနေသော အသက်လေးဆယ်နှင့်အထက် အမျိုးသားများဖြစ်ပွားနှုန်းမှာ ၁၂ ရာခိုင်နှုန်းကျော်သာ ရှိသော်လည်း ရဟန်းသံဃာများ ဖြစ်ပွားနှုန်းမှာမူ သံဃာအပါး ၁၀၀ လျှင် ၂၅ ပါးနှုန်း ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

‘‘ဆေးခန်းမှာ တစ်နေ့ကို တိုကင်နံပါတ် ၁ ကနေ ၂၀ လောက်ထိက ဘုန်းကြီးတွေပဲ။ သက်တူရွယ်တူ အမျိုးသားတွေနဲ့ ယှဉ်ပြီးကြည့်ရင် သူတို့ဖြစ်ပွားတာထက် ထက်ဝက်လောက် ပိုဖြစ်နေတာတွေ့ရတယ်’’ဟု အဆိုပါဆရာဝန်ကြီးက ပြောကြားသည်။

ထိုကဲ့သို့ ရဟန်းသံဃာများ၌ ဆီးချို၊ သွေးချိုရောဂါများ ပိုမိုဖြစ်ပွားနေရခြင်းမှာ သာမန်အမျိုးသားများထက် အစားအစာများ (ချို၊ အီ၊ စိမ့်) စားသုံးမှု ပိုမိုများပြားခြင်း၊ အချိုရည်သောက်သုံးမှု ပိုမိုများပြားခြင်း၊ အသက် အရွယ်ကြီးရင့်သော ရဟန်းသံဃာများအနေဖြင့် အထိုင်များကာ လှုပ်ရှားမှု ပိုမိုနည်းပါးသွားခြင်း တို့ကြောင့်ဖြစ်ကြောင်း သိရသည်။

‘‘ဘုန်းကြီးတွေက သာမန်လူတွေနဲ့မတူတဲ့ အချိန်နဲ့ဘုဉ်းပေးနေကြရတာဆိုတော့ အရုဏ်ဆွမ်းတွေ၊ နေ့ ယ်နေ့ဆွမ်းတွေဆိုရင် များများစားမိမယ်။ ဒါကြောင့် သံဃာတွေစားတဲ့ပမာဏက သာမန်အမျိုးသားတွေ စားတဲ့ ပမာဏထက် ပိုများသွားတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာအဓွန့်ရှည်ဖို့အတွက် သံဃာတွေ ကျန်းမာမှ ရမှာမို့ ဒါယကာတွေအနေနဲ့ကလည်း ချိုတဲ့အစားအစာတွေ၊ အချိုရည်တွေကို အတင်းမကပ်ပါနဲ့’’ဟု ၎င်းက တိုက်တွန်းပြောကြားသည်။

ဆီးချိုရောဂါဖြစ်ပွားပါက အရွယ်မတိုင်မီသေဆုံးခြင်း၊ ကုသစရိတ်ကြီးမြင့်ခြင်း စသည့်အချက် များကြောင့် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေခြင်းနှင့် ဆင်းရဲမွဲတေခြင်းတို့အပေါ်လည်း များစွာအကျိုးသက်ရောက်မှုရှိကြောင်း ဆေးပညာပိုင်းမှ ပညာရှင်ကြီးများက သုံးသပ်ပြောဆိုကြသည်။

‘‘ဒီရောဂါကနေ ထပ်ဆင့်ဖြစ်ပွားလာတဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးဆိုးကျိုးတွေကို ကာကွယ်ဖို့ အတွက် လူတိုင်း ဆီးချိုကင်းစင်ဖို့လိုတယ်။ ကမ္ဘာမှာဆိုရင် ဦးစားပေးလုပ်ငန်းတွေထဲမှာ ဒီရောဂါပါတယ်။ ကာကွယ်မှုတွေမလုပ်နိုင်ဘူးဆိုရင် နိုင်ငံတော်ဝင်ငွေ GDP ကို ၁ ဒသမ ၅ ရာခိုင်နှုန်း လျော့ကျသွားစေနိုင် တယ်’’ ဟု မြန်မာနိုင်ငံ ဆီးချို၊ သွေးချိုရောဂါအသင်း ဒုဥက္ကဋ္ဌ ပါမောက္ခဒေါ်သန်းသန်းအေးက ပြောသည်။

ဆီးချိုသွေးချိုရောဂါသည် အသက်အရွယ်မရွေး၊ လူမျိုးမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ နေရာဒေသ မရွေး ဖြစ် ပွားနိုင်ပြီး လက္ခဏာများမှာ ပင်ပန်းနွမ်းနယ်ခြင်း၊ ရေအလွန်ငတ်ခြင်း၊ ဆီးခဏခဏသွားခြင်း၊ အနာမ ကျက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်းတို့ဖြစ်ပြီး မကုသဘဲထားပါက နောက်ဆက်တွဲဆိုးကျိုးများအဖြစ် မျက်စိကွယ်ခြင်း၊ ကျောက်ကပ်ရောဂါဖြစ်ခြင်း၊ ထုံကျဉ်လာခြင်း၊ ခြေထောက်ပုပ်ခြင်း၊ ဦးနှောက်သွေးကြော ပိတ်၍ လေဖြတ်ခြင်းတို့အပြင် နှလုံးသွေးကြောပိတ်ခြင်း စသည်တို့ ခံစားရနိုင်ကြောင်း သိရသည်။

၎င်းရောဂါမဖြစ်ပွားစေရန်အတွက် ၅၀ ရာခိုင်နှုန်း ကာကွယ်နိုင်၍ အစား (အချို၊ အအီ၊ အစိမ့်၊ အငန်) လျှော့ စားခြင်း၊ အမျှင်ဓာတ်ပါသော အစားအစာများများစားခြင်း၊ ပြည့်ဝဆီ (တိရစ္ဆာန်များမှ ထုတ်ယူသော အဆီ)များ လျှော့စားခြင်း၊ ရေများများသောက်ပေးခြင်း၊ အ၀မလွန်အောင်ထိန်းထားခြင်း၊ မျက်စိကို တစ်နှစ်လျှင်တစ်ကြိမ်စစ်ခြင်း၊ ကျောက်ကပ်နှင့် သွေးတွင်း အဆီဓာတ်များကို ခြောက်လလျှင် တစ်ကြိမ် စစ်ခြင်း၊ ခြေထောက်နှင့် ခြေဖ၀ါးများကို နေ့စဉ်စစ်ခြင်း၊ သွေးပေါင်ချိန်နှင့် နှလုံးကို ပုံမှန်စစ်ခြင်း များအပြင် လှုပ်ရှားမှုများပြုလုပ်ပေးခြင်းနှင့် စိတ်ဖိစီးမှုများ မဖြစ်ပေါ်အောင် ပြုမူနေထိုင်ခြင်း များဖြင့် ကာကွယ်နိုင်ကြောင်း သိရသည်။

‘‘ဆီးချိုဖြစ်နေတာကတော့ ၁၀ နှစ်လောက်ရှိပြီ။ ဟိုတစ်လောက လက်တစ်ခြမ်း လှုပ်လို့မရလို့ဆိုပြီး ဆေး ခန်းသွားပြတော့မှ ဆီးချိုအခံရှိလို့ လေတခြမ်းဖြန်းသွားတာတဲ့။ ဆီးချိုရှိတော့ လေဖြန်းတာက တော်တော်နဲ့ မပျောက်နိုင်ဘူး။ တစ်နှစ်လောက်ရှိနေပြီ။ ရောဂါနှစ်မျိုးလုံးကို ကုနေရတာပေါ့’’ ဟု ဆီးချိုနှင့် လေဖြန်းခြင်းဝေဒနာကို တစ်ပြိုင်နက်တည်းခံစားနေရသူ အသက်(၆၅)နှစ်အရွယ် ဘကြီးမောင် ကပြောသည်။

မြန်မာနိုင်ငံတွင် ဆီးချိုသွေးချိုရောဂါဖြစ်ပွားမှုနှုန်းမှာ ၁၁ ဒသမ ၈ ရာခိုင်နှုန်းရှိကာ လူ ၁၀၀ လျှင် ၁၂ ဦးနှုန်း ဖြစ်ပွားလျက်ရှိပြီး မြို့ပြ၌ ၁၃ ဒသမ ၉ ရာခိုင်နှုန်းနှင့် ကျေးလက်ဒေသများ၌ ၇ ဒသမ ၃ ရာခိုင်နှုန်း ဖြစ်ပွားလျက်ရှိကြောင်း ဆီးချိုသွေးချိုရောဂါအသင်း၏ သုတေသနပြုချက်အရ သိရသည်။

ဆီးချို၊ သွေးချိုရောဂါ ဖြစ်ပွားနှုန်းမှာ တစ်ကမ္ဘာလုံး၌ လူဦးရေ ၃၈၂ သန်းခန့် ဖြစ်ပွားလျက်ရှိ ကာ မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှနိုင်ငံများတွင် လူဦးရေ ၄၉ ရာခိုင်နှုန်းမှာ ဆီးချိုရောဂါဖြစ်ပွားနေသည်ကို မသိရှိကြကြောင်း၊ မကာကွယ်နိုင်ပါက လာမည့် ၂၀၃၀ ပြည့်နှစ်၌ ၅၉၂ သန်း ဖြစ်ပွားလာနိုင်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားသည်။

7Day News Journal
အတွဲ (၁၃)၊ အမှတ်(၅)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...