ငါဟဲ့ သိကြားဘီလူး

လူတို့တွင် စရိုက်နှင့် ဝသီဆိုသည်မှာ လွန်စွာ ဖျောက်နိုင်ခဲပါသည်။ မြန်မာ့ဆိုးရိုးစကားတစ်ခွန်းတွင် “လူလိမ္မာသား ယဉ်ပါး၊ လူမိုက်သား ရမ်းကား” ဟူ၍ရှိသည်။ ရိုင်းစိုင်းစွာပြောဆိုရခြင်းကို ချစ်စရာကောင်းသည်ဟု မှတ်ယူသည့်အသိုင်းအဝိုင်းဆို သည်မှာ ရိုင်းစိုင်းမှုကို အထုံအလေ့ပျော်မွေ့သော အသိုင်းအဝိုင်းသာ ဖြစ်ပါလိမ့်မည်။

မကြာသေးမီက ဝန်ကြီးတစ်ပါးသည် ကျေးလက်တောရွာတစ်ခုအရောက် ရေကောင်းစွာ မသောက်ရသဖြင့် ရေကောင်းရေသန့် စက်ကလေးတစ်ခုလောက် လိုချင်သည်ဟု အတောင်းခံရလေသည်။ ယင်းမှာ တောင်းဆို၍တောင်းခြင်းသာဖြစ်ပြီး၊ အားကိုး တကြီးဖြင့်တောင်းခြင်းလည်း ဖြစ်သည်။ သို့သော် ထိုဝန်ကြီးက ရေကောင်းမသောက်ရသည့်ရွာသို့ ကောင်းကောင်းမပြောဘဲ ကြိမ်းမောင်းကာ ပါးရိုက်တာတွေရော၊ ဂရုမစိုက်တာတွေရော စုံနေအောင် ပေါက်ကွဲပြတော့သည်။ ဤသည်ကို လွှတ်တော်က လည်း ထပြီးဆွေးနွေးကြသည်။ သို့သော် စုံစမ်းမည်ဟုဆိုကာ ချွေးသိပ်ထားလိုက်သည်။ ထိုမျှနှင့်မပြီး ထိုဝန်ကြီးသည် အလွန် သဘောကောင်းကြောင်း၊ စိတ်ထားကောင်းကြောင်း၊ ရိုးသားကြောင်း၊ ဖြူစင်ကြောင်းတွေကိုပါ လော့ဘီ (lobby) လုပ်ကြ လေတော့ သည်။ လူမိုက်သားရမ်းကားရခြင်းသည် စိတ်ထဲကပါ၍မဟုတ်ကြောင်း ပြောသော်လည်း သူပြောသံ၊ ဆိုဟန်များ ကား လူမှုကွန်ရက်တွင် ပျံ့နှံသွားလေပြီ။

ဤကိစ္စနှင့် ပတ်သက်ပြီး ဗန်းမော်ဆရာတော်ကြီး၏ ဆုံးမစကားတစ်ခုကို သွားပြီး သတိရမိသည်။ ဗန်းမော်ဆရာတော်ကြီး သည် စစ်ကိုင်းဘက်တွင် သီတင်းသုံးနေစဉ်ကာလကဖြစ်ပါသည်။ တစ်နေ့တွင် တောထွက်ရဟန်းကြီးတစ်ပါးသည် ကျောင်းရှိ ကျောင်းသားလေးတစ်ယောက်ကို အော်ဟစ်၊ ဆဲဆို၊ ကြိမ်းမောင်းနေသည်ကို ဆရာတော်ကြီးက ကြားပြီး

“ငါ့ရှင် ခင်ကြီး၊ သင်္ကန်းကို ဝတ်ဆီးလျက် ဘယ်နည်းကြောင့် ဆဲရေးသနည်း။ ရဟန်းတို့မှာ ဤကဲ့သို့ကြမ်းတမ်းညစ်ညမ်း သည်ကို မဆိုထားဘိ၊ ဆယ်ပါးသော ဆဲရေးခြင်းတို့တွင် တစ်ခုခုပါဝင်က ဘုရားရှင်ပညတ်၌ အာပတ်သင့်ကြောင်းကို လာရှိ သည်။ သင်ရဟန်းကြီးမှာ ရှေးကနည်းကို ပယ်၍ တင့်တယ်ကောင်းမွန်အောင် နေရမည်။ ရှေး လူဖြစ်စဉ် အခါကလို နေရသည်မဟုတ်။ သိက္ခာပုဒ် ယွင်းပျက်က ဖွပ်သည်ထက် ညစ်မည်” ဟုဆုံးမလေသည်။

ဆရာတော်ကြီးပြောသည့် စကားက ရှင်းပါသည်။ လူ့ဘဝတွင် လူလိုပြော၍ရသော်လည်း၊ ရဟန်းဘဝတွင် ရဟန်းလိုပြောမှ တင့်တယ်မည်ဟု ဆိုလိုရင်းဖြစ်ပါသည်။ အလားတူ စစ်သားဘဝတွင် မည်မျှကြမ်းတမ်း ရိုင်းစိုင်းခဲ့သည်ဆိုစေ အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ယောက်ဖြစ်သွားသောအခါ နိုင်ငံရေးသမားဘဝကို ခံယူလိုက်သည်ဖြစ်သောကြောင့် ပြည်သူတွေကို နေလို၊ မီးလို မကျင့်ဘဲ၊ ရေလိုလလို ကျင့်ရမည်ဆိုသည့် စကားအား ဥပေက္ခာပြုထားရန် မသင့်ဟုထင်ပါသည်။

ဗန်းမော်ဆရာတော်ဘုရားကြီးက တောထွက်ရဟန်းကို ဆုံးမလိုက်သောအခါ၊ တောထွက်ရဟန်းကလည်း မဆင်မခြင် ဆဲဆိုမိသဖြင့် တောင်းပန်လေသည်။ သို့သော် အမြဲတန်း ပုံတိုပတ်စလေးများဖြင့် ဆိုဆုံးမ တတ်သော ဗန်းမော်ဆရာတော်ကြီး က “ထန်းတောရွာက ဇာတ်ဆရာမောင်ဟိန်း၏ ဘီလူးကြိမ်းမှားသလို” ဆိုသည့် ပုံပြင်တိုလေးကို ပြောကြားခဲ့လေသည်။

ထန်းတောရွာတွင် မောင်ဟိန်းဆိုသည့် ရုပ်သေးဆရာတစ်ယောက်ရှိလေသည်။ သူသည် ရုပ်သေးကြိုးဆွဲဇာတ်ဆရာကြီးဖြစ်ပြီး မိုးလင်းကပြရသော ဇာတ်ဖြစ်သဖြင့် လူကြမ်းတို့ ပွဲထွက်ချိန် တပည့်များနှင့် လွှတ်ထားပြီး ခေတ္တအိပ်လေသည်။ သန်းခေါင် ကျော်သောအခါ သူ့အလှည့်ကျသဖြင့် တပည့်များက သူ့ကို လာနှိုးလေသည်။

ထိုညကပြသောဇာတ်မှ ဝိဇယမင်းသားဇာတ်ထုတ်ဖြစ်သည်။ ဘီလူးမင်းကြီး ထွက်ခန်းရောက်ပြီဖြစ် သောကြောင့် ဘီလူးရုပ်ကို ကြိုးဆွဲကာ ဆိုပြောရမည့် မောင်ဟိန်းသည် လူးလဲထပြီး အရုပ်ကိုဆွဲကာ ပွဲထွက်လေသည်။ သို့သော် သူ အိပ်ချင်မူးတူးဖြင့် ဆွဲထွက်လာသည့် အရုပ်မှာ ဘီလူးရုပ်မဟုတ်ဘဲ သိကြားရုပ်ဖြစ်နေသည်ကို မောင်ဟိန်းသည် မသိဘဲ၊ သိကြားရုပ်ကိုပွဲထုတ်ပြီး ဘီလူးကြိမ်းလိုက်လေသည်။

“ငါဟဲ့ ယောက်ျား၊ ယက္ခဒီပ အစိုးငယ်ရသည်…” ဟုကြိမ်းဝါးလိုက်စဉ် ပွဲကြည့်ပရိသတ်တွေကလည်း ဟင်ခနဲ၊ ဟာခနဲ ဖြစ်ပြီး ရယ်မောကြလေသည်။ ထိုအချိန်မှ မောင်ဟိန်းသည် အောက်ကို ငုံ့ကြည့်မိပြီး မိမိမှားသွားမှန်း သိလိုက်သောကြောင့် သိကြားရုပ်ကို ဆက်ကိုင်ပြီး ဟန်မပျက်



“သယ်… ငါဟဲ့ ယောက်ျား… သိကြားဘီလူးဖြစ်တော့သကိုး” ဟု ကြိမ်းဝါးလိုက်လေသည်။

ထိုပုံပြင်ကို လူတွေကြားပြီး ရယ်မောကြလေသည်။

နိုင်ငံရေးလုပ်သောသူများသည် ပါးနပ်ရသည်၊ မယဉ်ကျေးသော်လည်း ယဉ်ကျေးဟန်ပြုရသည်။ စိတ်ထဲက မပါသော်လည်း ပါသယောင်ပြုရသည်။ နိုင်ငံရေးလုပ်တော့မည်ဆိုလျှင် နိုင်ငံရေး ပရိယာယ်မှ နားမလည်ဘဲ နိုင်ငံရေးတက်လုပ်ခြင်းသည် ပြည်သူနှင့် ကင်းကွာသော နိုင်ငံရေးသမားဘဝကို ခံယူထားခြင်းသာဖြစ်သည်ဟု မြင်မိသည်။

ပါးရိုက်မည်ဆိုသော ဝန်ကြီးက ပါးကြိမ်းကြိမ်းစဉ် တိုက်တိုက်ဆိုင်ဆိုင်။ အိန္ဒိယရုပ်ရှင်ကားတစ်ကားကို ကြည့်မိသည်။ “စတြဂရဟ” (Satyagraha) ဆိုသည့် ရုပ်ရှင်ဖြစ်ပါသည်။ အမှန်တရားအတွက် တိုက်ပွဲဝင်တောင်းဆိုသည့် နိုင်ငံရေး ဇာတ်ကားလေးဖြစ်သည်။ ထိုဇာတ်ကားထဲတွင် ဇာတ်လိုက်ဖြစ်သော ကျောင်းအုပ်ဆရာကြီးက အကျင့်ပျက်ခြစားနေသည့် အစိုးရအဖွဲ့အကြောင်းကို ဝန်ကြီးထံတင်ပြချင်သောကြောင့် ဝန်ကြီးကို တွေ့ခွင့်တောင်းသည်။ ဝန်ကြီးကို ဝန်းရံခစားနေသည့် အဖွဲ့က ဝန်ကြီးနှင့် မတွေ့စေလိုသောကြောင့် ဟိုပြောသည်ပြော တားဆီးထားသည်။ စိတ်မရှည်သော ကျောင်းအုပ်ဆရာကြီးက တံခါးကို အတင်းတွန်းဖွင့်ကာ ဝန်ကြီး အစည်းအဝေး လုပ်နေသည့် အခန်းအတွင်းသို့ဝင်သွားပြီး ဝန်ကြီးနှင့် မျက်နှာချင်းဆိုင် တွေ့လျှင် ပါးကို ဖြောင်းခနဲမြည် အောင် ရိုက်ချလိုက်ကာ၊ မင်းဟာ ပြည်သူ့ငွေကိုစားနေ တဲ့ ပြည်သူ့ဝန်ထမ်း သာဖြစ်ကြောင်း၊ ပြည်သူကို မစော်ကားသင့်ကြောင်း ပြောလိုက်ခြင်းသည် ဇာတ်ကားတစ်ကားလုံး၏ အသက်ဖြစ်သွားရပါသည်။

ပါးရိုက်မည်ဟု မြန်မာပြည်တွင် ကြိမ်းဝါးသော ဝန်ကြီး၏ ခရီးစဉ်တွင် ထိုသို့သော ကျောင်းအုပ်ကို တွေ့ လိုက်စေချင်သည်။ မည်သို့ဖြစ်သွားမည်မသိ။ ရုပ်ရှင်ထဲကအတိုင်း ရိုက်နှက်ဆုံးမရဲသည့် ကျောင်း အုပ်ကြီးလိုလူမျိုးတွေ ကျေးလက်များတွင် မရှိ တော့ပြီလော။ ရှိလျှင်လည်း ရိုက်နှက်ဆုံးမ ဝံ့အံ့မထင်။ နှစ်ပေါင်းများစွာ စစ်ဝန်ကြီး သိကြားဘီလူးများကို “အဘ…အဘ” ဟု မခဲ့ကြရသဖြင့် မျက်နှာချင်းပင် ဆိုင်ဝံ့သူမရှိသောနိုင်ငံနှင့် ဒီမိုကရေစီဘိုးအေအဆင့်လောက်ဖြစ်နေသော အိန္ဒိယနိုင်ငံတို့ နှိုင်းယှဉ်နိုင်မည်မထင်။ ပြီးတော့ ဟိုက ရုပ်ရှင်ထဲမှာ ဝန်ကြီးကို ကျောင်းအုပ်က ပါးရိုက်ခြင်းဖြစ်သည်။

ကျွန်တော်မြင်ရသော ဝန်ကြီး၏ ငါဟဲ့ သိကြားဘီလူးကြိမ်းသွားသောရွာတွင် မြင်ကွင်းက စိတ်မချမ်းသာ စရာဖြစ်သည်။ ရိုးသားသော ကျေးလက်နေပြည်သူများနှင့် ဝန်ကြီးကားပေါ်ကဆင်းလာကတည်းက ခါးကို မြေပြင်နှင့် ထိမတတ်ကိုင်းထား ပြီး အဘ… အဘ ဟုခေါ်နေသော လူတစ်ယောက်ကိုသာ ထူးခြားစွာ သတိထားမိသည်။ ဤမျှကြောက်ရွံ့ကာ မတောင်းဝံ့ တောင်းဝံ့ ရေသန့်စက်လေးတောင်းသော ရွာသားများကို သိကြားဖြစ်လျှင် ကျွန်တော်မတတ်နိုင်လို့ပါ။ တတ်နိုင်တဲ့သူကို တင်ပြပေးပါမည် ဟု ပြောသွားမည်သာထင်သည်။ သို့သော် မှားထွက်လာပြီးမှ မထူးသဖြင့် “ငါဟဲ့ သိကြားဘီလူး” ဇာတ် ခင်းသွားသောဝန်ကြီးနှင့် စတြဂရဟထဲက ကျောင်းအုပ်ကို ပေးတွေ့လိုက်လျှင် ဗန်းမော် ဆရာတော်ကြီး ဟောကြေားခဲ့သည့် ပုံပြင်ထက်ပိုကောင်းသော ဇာတ်လမ်းကို မှတ်တမ်းတင်နိုင်လိမ့်မည် ထင်သည်။

မည်သို့ဆိုစေ သိကြားဆိုသည်မှာ ယဉ်ကျေးသည်၊ ဘီလူးဆိုသည်မှာ မိုက်ရိုင်းသည်ဟု နားလည် ထားကြသော လူ့ဘောင်တွင် သိကြားဘီလူးတွေကို ကျွန်တော်တို့ မည်မျှရင်ဆိုင်ကြုံတွေ့ကြရဦး မည်ဟုမဆိုနိုင်။

by ကျော်ဗလ 
Maukkha Education Magazine

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...