တန်ဖိုးနည်း မိုဘိုင်းဖုန်းများ အားလုံး၏ တယ်လီဖုန်းပြောဆိုခကို ယခင်ကဲ့သို့ တစ်လလျှင် အနည်းဆုံး ကျပ် ၂၅၀၀ အသုံးပြုရန် သတ်မှတ်ထားခြင်း ရှိတော့မည်မဟုတ်

ဖုန်းငွေဖြည့်ကတ် အရောင်းဆိုင် တစ်ဆိုင် အား တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် တန်ဖိုးနည်း မိုဘိုင်းဖုန်းများ အားလုံး၏ တယ်လီဖုန်း ပြောဆိုခကို ယခင်ကဲ့သို့ တစ်လလျှင် အနည်းဆုံး ကျပ် ၂၅၀၀ အသုံးပြုရန် သတ်မှတ် ထားခြင်း ရှိတော့မည်မဟုတ် ဘဲ ငွေဖြည့်ကတ်တွင် သတ်မှတ်ထားသည့် သက်တမ်းကာလအတိုင်း အသုံးပြုနိုင်တော့ မည်ဖြစ်ပြီး သင်္ကြန်ကာလတွင် တယ်လီဖုန်း သုံးစွဲသူများအတွက် အပိုငွေ ထပ်ဆောင်း ဖြည့်စွက်ပေးမည့် အစီအစဉ်ကို လည်း ပြု လုပ်ပေး သွားမည်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ၂၀၁၃ ခုနှစ် ဧပြီလမှ ၂၀၁၄ ခုနှစ် မတ်လအထိ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးသို့ CDMA ၈၀၀ MHz တယ်လီဖုန်း (၂၁၅၀၀၀၀)လုံး၊GSM တယ်လီဖုန်း (၁၅၃၉၇၀၀)၊ WCDMA (၅၆၀၃၀၀)နှင့် စုစုပေါင်းတန်ဖိုးနည်း မိုဘိုင်းဖုန်း (၄ ဒသမ ၂၅) သန်းကို ရောင်း ချပေးခဲ့သည်။ တန်ဖိုးနည်းမိုဘိုင်းဖုန်းများ အပါအ၀င် တစ်နိုင်ငံလုံးတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တယ်လီဖုန်းပေါင်း (၈ ဒသမ ၀၅)သန်း ကျော်ကို ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် သင်္ကြန်ကာလ၌ အထူးအစီအစဉ်ဖြင့် သင်္ကြန်ရုံးပိတ်ရက်များအ တွင်း မိုဘိုင်းဖုန်း စသုံးစွဲသူများအတွက် အပိုငွေထပ်ဆောင်း ဖြည့်စွက်ပေးမည့် အစီအစဉ်ကို ပြုလုပ်ပေး သွားမည်ဖြစ်ပြီး သက်ပြည့်ပင်စင်များ အတွက်လည်း တန်ဖိုးနည်းမိုဘိုင်းဖုန်းများကို ထည့်သွင်းရောင်း ချပေးသွားမည် ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၂၀၁၃ ခုနှစ် ဧပြီလမှ စတင်ကာ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၏ ကြီးကြပ်မှုဖြင့် လစဉ် တန်ဖိုးနည်း မိုဘိုင်းဆင်းမ်ကတ် ၃၅၀၀၀၀ ကို ရောင်းချပေးခဲ့ပြီး ဧပြီလမှ စတင်ပြီး တန်ဖိုးနည်းဆင်းမ်ကတ် အရေအတွက် ငါးသောင်းထပ်မံတိုးမြင့်ကာ စုစုပေါင်း ဆင်းမ်ကတ် ၄၀၀၀၀၀ ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

စောရည်နန္ဒာ
Eleven Daily News

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...