မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လစဉ်မိုဘိုင်းဖုန်းရောင်းချသည့် အရေအတွက်ကို ယခုလမှစတင်ကာ တိုးမြှင့်

အတွဲ (၁၅)၊ အမှတ် (၁၅)


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လစဉ်မိုဘိုင်းဖုန်း ရောင်းချသည့်အရေအတွက်ကို ယခုလမှစတင်ကာ တိုးမြှင့်လိုက်ကြောင်း သတင်းရရှိသည်။

တန်ဖိုးနည်းမိုဘိုင်းတယ်လီဖုန်းများ ဖြန့်ဖြူးရောင်းချခြင်း ၁ နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ် အထူး အစီအစဉ်အနေဖြင့် တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ ကျပ် ကြိုတင်ပေးသွင်းထားသော CDMA 800MHz/ GSM/ WCDMA မိုဘိုင်းတယ်လီဖုန်း Sim Card များကို တစ်ကတ်လျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် ၂၀၁၄ ခုနှစ်၊ ဧပြီလမှစတင်၍ တစ်လလျှင် ၄၀၀၀၀၀ သို့ တိုးမြှင့်ဖြန့်ဖြူး ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ကြေညာသည်။ ယခင်ကလစဉ် ၃၅၀၀၀၀ နှုန်းဖြင့် ရောင်းချပေးနေရာမှ ထိုကဲ့သို့ တိုးမြှင့်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။ “အရေအတွက်တိုးတယ်လို့တော့ ကြားတယ်။ ခွဲတမ်းပိုရ မရတော့ မသိဘူး” ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးထံမှ သိရသည်။

၂၀၁၃ ခုနှစ်၊ ဧပြီလမှ ၂၀၁၄ ခုနှစ်၊ မတ်လအထိ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးသို့ တန်ဖိုးနည်း CDMA 800MHz တယ်လီဖုန်း ၂၁၅၀၀၀၀ လုံး၊ GSM တယ်လီဖုန်း ၁၅၃၉၇၀၀ လုံးနှင့် WCDMA တယ်လီဖုန်း ၅၆၀၃၀၀ လုံး၊ စုစုပေါင်းတန်ဖိုးနည်း မိုဘိုင်းတယ်လီဖုန်း ၄.၂၅ သန်း ရောင်းချပေးခဲ့ကြောင်း၊ အဆိုပါ တန်ဖိုးနည်းမိုဘိုင်းတယ်လီဖုန်းများ အပါအဝင် တစ်နိုင်ငံလုံးတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းတယ်လီဖုန်းပေါင်း ၈.၀၅ သန်းကျော် ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ “အရေအတွက် တိုးမြှင့်ရောင်းချပေးမယ်ဆိုတာကို ကြိုဆိုပါတယ်။ ဝန်ဆောင်မှုကို ဒီထက်ကောင်းဖို့လည်း မျှော်လင့်ပါ တယ်” ဟု ၀၉၂၅ ဖုန်းသုံးစွဲသူက ပြောသည်။

၂၀၁၃ ခုနှစ်၊ ဧပြီလမှစတင်၍ တန်ဖိုးနည်းမိုဘိုင်း တယ်လီဖုန်းများအား တစ်ကတ်လျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် တစ်လလျှင်ဖုန်းအလုံးရေ ၃၅၀၀၀၀ ကို ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ လစဉ်ခွဲဝေ ဖြန့်ဖြူးပေးခဲ့ပြီး ပြည် နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။ ဧပြီလအတွက် တန်ဖိုးနည်း မိုဘိုင်းဖုန်းများ ဖြန့်ဖြူးရောင်းချပေးနိုင်ရေး အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ခွဲဝေလျာထားမှုအခြေအနေအရ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၂၅၀၀၀၊ နေပြည်တော်ကောင်စီနယ်မြေတွင် ၂၂၂၀၀၊ မန္တလေးတိုင်းဒေသကြီးတွင် ၈၁၃၀၀ အစရှိသည်ဖြင့် ပါဝင်သည်။ အများပြည်သူအတွက် CDMA 800 နှင့် GSM ဖုန်းများကို ချထားပေးမည်ဖြစ်ပြီး ပင်စင်စားများအတွက် WCDMA ဖုန်းများကို ချထားပေးမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်း
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...