မှတ်ဥာဏ်ကောင်းမွန်စေမည့် အလွယ်နည်းများ



သိပြီးသားအရာတွေကို ပြန်အစဖော်ဖို့ ခက်ခဲနေတာ၊ မှတ်မိအောင် ဘယ်လိုအာရုံစိုက်ရမလဲ စတာတွေကို ဖြေရှင်းနိုင်ဖို့ လွယ်လွယ်ကူကူ နဲ့ ပြုလုပ်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

(၁) ရှစ်စက္ကန့်အကြာ အာရုံစိုက်ပါ
သင်မှတ်မိချင်တဲ့အရာတစ်ခုကို စွဲစွဲမြဲမြဲမှတ်ထားချင်ရင် အနည်းဆုံးရှစ်စက္ကန့် အချိန်ပေးပြီး အဲဒီ အရာပေါ်မှာ အာရုံစူးစိုက်လိုက်ပါ။ ရှစ်စက္ကန့်ဟာ ကြာတယ်လို့ထင်ရပေမယ့် အရာဝတ္ထုတစ်ခုကို မှတ်မိနေဖို့ ဒါဟာ လုံလောက်တဲ့အချိန်ပါပဲ။ လေ့လာတွေ့ရှိချက်တွေအရ ဦးနှောက်ဟာ အရာဝတ္ထု တွေကို မှတ်တဲ့အခါ ရေရှည်မှတ်ဥာဏ်ကနေ ရေတိုမှတ်ဥာဏ်အဖြစ် ပြောင်းလဲဖို့ ရှစ်စက္ကန့်ကြာ အချိန်ယူ ရတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

(၂) ပီကေ၀ါးပါ
လွန်ခဲ့တဲ့ မိနစ်သုံးဆယ်က မှတ်ထားတဲ့ ကိစ္စတစ်ခုကို ပြန်မှတ်မိချင်ရင် ပီကေ၀ါးလိုက်ပါ။ လတ်တလော လေ့လာချက်များအရ ပီကေ၀ါးတဲ့သူတွေဟာ အကြားအမြင်ဆိုင်ရာ မှတ်ဥာဏ် အလွန် ကောင်းပြီး အာရုံစူးစိုက်တာ ပိုအားကောင်းလာတယ်လို့ ဆိုပါတယ်။ ဒါမှမဟုတ် ပီကေ၀ါးရတာ မနှစ်သက်တော့ဘူးဆိုရင်တော့ သစ်သီးစားတာ၊ အပျော်တမ်းဥာဏ်စမ်းဂိမ်းတွေ ကစားတာကလည်း
မှတ်ဥာဏ်ကောင်းမွန်စေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

(၃) လက်သီးဆုပ်ပါ
အလုပ်လုပ်နေတဲ့အခါ မှတ်ထားတဲ့ အကြောင်းအရာတွေကို ပြန်စဉ်းစားလို့မရနိုင်တဲ့ အခြေအနေမျိုး ကြုံလာပါက Stress Ball လို ဖိညှစ်လို့ရတဲ့အရာကို လက်သီးဆုပ်သလို ညှစ်ပေးပါ။ ဒီလိုမျိုး လက်သီးဆုပ်ကို တင်းတင်းကျပ်ကျပ် ပြုလုပ်လိုက်တာဟာ မှတ်ဥာဏ်ကို ပြန်လည် အစပျိုးပေးနိုင် ပြီး မေ့နေတာတွေ မှတ်မိလာစေပါတယ်။ သုတေသနပြုလုပ်ချက်တွေအရ သင်ဟာ ညာဘက် သန်တဲ့သူဖြစ်ပြီး အရာဝတ္ထုတစ်ခုကို ပြန်မှတ်မိအောင် အစပျိုးစဉ်းစားနေတယ်ဆိုရင် အဲဒီအချိန်မှာ ညာဘက်လက်သီးကို ဆုပ်ထားပြီး စဉ်းစားပေးပါ။ ပြီးရင် တစ်ကြိမ်မှတ်မိဖို့ လိုအပ်တဲ့အခါ ဘယ်ဘက်လက်သီးကို ဆုပ်ပါ။ ဘယ်ဘက်သန်တဲ့သူတွေလည်း ညာဘက်သန်တဲ့သူတွေ လုပ်တာနဲ့ ဆန့်ကျင်ဘက် လိုက်လုပ်နိုင်ပါတယ်။ လက်သီးဆုပ်တဲ့အခါ ခဏလေးဆုပ်ထားတာမျိုးမဟုတ်ပဲ အနည်းဆုံး ၄၅ စက္ကန့်အကြာလောက်ထိ ဆုပ်ထားပေးသင့်ပါတယ်။ ဒီလိုလုပ်တာဟာ မှတ်ဥာဏ်ကို တိတိကျကျ အကောင်အထည်ဖော် ပေးနိုင်ပြီး အလွယ်တကူ ပြန်မိစေနိုင်တယ်လို့ သိရပါတယ်။

(၄) အိပ်ရေး၀၀အိပ်ပါ
ကျောင်းတက်နေရတဲ့ လူငယ်တွေဟာ အများအားဖြင့် စာမေးပွဲမဖြေခင်အချိန်မှာ အိပ်ရေးပျက်ခံပြီး စာကျက်လေ့ရှိတာကြောင့် ဦးနှောက် အနားယူရမယ့်အချိန်တွေ နည်းသွားလေ့ရှိပါတယ်။ လတ်တလော လေ့လာချက်တွေအရ အိပ်နေတဲ့အချိန်မှာ ဦးနှောက်ဟာ နောက်နေ့ အတွက် ပြနမှတ်မိနိုင် မယ့် သတင်း အချက် အလက်တွေကို စုဆောင်းပေးတဲ့ဖြစ်စဉ်ကို ပြုလုပ်နေတာကြောင့် အကယ်၍ စာကျက်နေလို့ အိပ်ချိန်မရလိုက်ဘူးဆိုရင် စာတွေကျက်ပေမယ့် ပြန်မမှတ်မိနိုင်တဲ့ အခြေအနေနဲ့ ကြုံရမှာပါ။ ဒါ့အပြင် အိပ်စက်တာဟာ မနက်ပိုင်းမှာ သိရှိလာတဲ့ သတင်းအချက်အလက်တွေကို ရေရှည် မှတ်ဥာဏ်အနေနဲ့ ပြောင်းလဲနိုင်ပါတယ်။ ဒါကြောင့် မှတ်ဥာဏ်ကောင်းမွန်ချင်ရင် အိပ်စက်ချိန် များများပေးသင့်တယ်လို့ အကြံပေးချင်ပါတယ်။

(၅) လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်တာဟာ ခန္ဒကိုယ်အတွက် ကောင်းမွန်စေရုံ သာမက ဦးနှောက်အတွက်လည်း အကျိုးရှိပါတယ်။ ကိုယ်ကာယလှုပ်ရှားမှုဟာ ဦးနှောက်ကို အောက်ဆီဂျင် ရရှိအောင် ပြုလုပ်ပေးပြီး နိုးနိုး ကြားကြား ဖြစ်စေတဲ့အပြင် မှတ်ဥာဏ်အတွက် တာဝန်ယူရတဲ့ ဆဲလ်တွေတိုးပွားနှုန်းကိုလည်း အားပေးပါတယ်။ လေ့လာမှုတစ်ခုအရ လေ့ကျင့်ခန်းလုပ်တဲ့အခါ ပြင်းပြင်းထန်ထန်မဟုတ်ပဲ ပေါ့ပေါ့ပါးပါးလုပ်ရတဲ့ လမ်းလျှောက်တာ၊ တာတိုပြေးတာ၊ ရွရွခုန်တာတွေကို ပြုလုပ်တဲ့ အမျိုးသမီး တွေ ဟာ မေ့မေ့လျော့လျော့ ဖြစ်တာနည်းပါးပြီး မှတ်ဥာဏ်ကောင်းမွန်တာကို တွေ့ရပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန် ပုံမှန်ထက် တိုးမလာအောင် ခြောက်လကြာထိန်းသိမ်းနိုင်တဲ့ အမျိုးသမီးတွေဟာ စကားလုံးတွေအပြင် နေရာဒေသနဲ့ဆိုင်တဲ့ မှတ်ဥာဏ်စွမ်းအား ပိုမိုကောင်းနေတယ်လို့လည်း သိရပါတယ်။

(၆) စိတ်ကူးပုံဖော်ကြည့်ပါ
ကိုယ်ကြုံဆုံဖူးတဲ့သူတွေကို စိတ်ကူးထဲမှာ ပြန်လည်ပုံဖော်စဉ်းစားတာဟာလည်း မှတ်ဥာဏ်ကောင်း စေဖို့ နည်းလမ်းပဲဖြစ်ပါတယ်။ အကယ်၍ ကိုယ်ဟာ နံပါတ်ရှည်ရှည်တစ်ခုကို ပြန်မှတ်မိအောင် ကြိုးစားနေတဲ့ အခါ နံပါတ်အငယ်တွေကို စစဉ်းစားပါ။ နောက်မှ တဖြည်းဖြည်းကိုယ်စဉ်းစားနေတဲ့ နံပါတ်ဆီ ကို ရောက်အောင် စဉ်းစားကြည့်ပါ။ ဒီလိုပဲ ကိုယ်လိုချင်တဲ့ သတင်းအချက်အလက်ရတဲ့အထိ နည်းနည်းချင်းစီ တွေးတောတာဟာ ဦးနှောက်ကို နိုးကြားစေပြီး မှတ်ဥာဏ်ကောင်းအောင် ကူညီနိုင်တယ်။

(၇) ရှုပ်ထွေးသော စာလုံးများကို ဖတ်ပါ
လူအတော်များများဟာ စာအုပ်တွေ ဖတ်တာဒါမှမဟုတ် အင်တာနက်မှာ စာဖတ်တဲ့အခါ ရိုးရိုးရှင်းရှင်းနဲ့ ဖတ်ရလွယ်ကူတဲ့ စာလုံးမျိုး၊ စကားလုံးမျိုးကိုသာ ဖတ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ သုတေသီတွေရဲ့ အဆိုအရ စကားလုံးတွေကို မှတ်မိချင်ရင် အဓိကလုပ်ရမယ့်အချက်က ရှုပ်ယှက်ခတ် နေတဲ့ စကားလုံး၊ စာလုံးတွေကို ဖတ်ဖို့ပါပဲ ။ အရွယ်အစားနဲ့ အရောင်တူညီပြီး မျက်စိရှုပ်မယ့် စာလုံးမျိုးဖတ်တဲ့အခါ အာရုံစူးစိုက်ရတာကြောင့် ပိုမှတ်မိစေပါတယ်။ လေ့လာပြုလုပ်ချက်တစ်ခုမှာ လူတွေကို အရွယ်ကြီးပြီး ရှုပ်ယှက်ခတ်နေတဲ့ စာလုံးနှစ်မျိုးကိုခွဲပြီး မှတ်ခိုင်းတဲ့အခါ အရွယ်ညီပြီး ရှုပ်ထွေးနေတဲ့စာလုံးတွေကို ပိုမှတ်မိနေတာ တွေ့ရတယ်လို့ဆိုပါတယ်။

(၈) ချရေးထားပါ
နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ကိုယ်မှတ်မိလိုတဲ့အရာတွေကို ကွန်ပျူတာနဲ့ ဖုန်းတွေမှာ မှတ်ထားတဲ့အကျင့်ဟာ လူတိုင်းလိုလို ပြုလုပ်နေကြပါပြီ။ မိတ်ဆွေတွေရဲ့ အီးမေးလ်လိပ်စာတွေ၊ အရေးကြီးတဲ့အကြောင်းအရာတွေကို ဖုန်းထဲမှာ အလွယ်တကူမှတ်တယ်ပဲဆိုကြပါစို့။ အကယ်၍ ဖုန်းကို တစ်နေရာရာမှာ မေ့ကျန်ခဲ့ရင်တော့ ကိုယ်လုပ်ရမယ့်ရေးကြီးကိစ္စတွေ အားလုံး လက်လျှော့ လိုက်ရမှာ သေချာပါတယ်။ သုတေသီတွေရဲ့အဆိုအရ ကိုယ်မှတ်ထားချင်တဲ့အရာတွေကို သေသေချာချာ မှတ်မိချင်ရင် စာရွက်တစ်ခုခုမှာ ချရေးထားသင့်တယ်လို့ ဆိုပါတယ်။ ကိုယ်က ပြန်ဖတ်သည်ဖြစ်စေ၊ မဖတ်သည်ဖြစ်စေ တစ်ခါလောက် လက်ရေးနဲ့ ချရေးထားတာဟာ နောက်တစ်ခါပြန်စဉ်းစားတဲ့အခါ အလွယ်မှတ်မိစေနိုင်တယ်လို့ သိရပါတယ်။

(၉) တေးဂီတကို ဘယ်အချိန်နားထောင်သင့်သလဲ သိပါစေ
အလုပ်လုပ်နေတဲ့အချိန်တွေ၊ စာလေ့လာနေတဲ့အချိန်၊ စာအုပ်ဖတ်နေတဲ့အချိန်တွေမှာ သီချင်းကို Sound Box ဒါမှမဟုတ် Earphones နဲ့ နားထောင်တတ်ပါသလား။ ဒါဆိုရင်တော့ ခဏ ပိတ်ထားဖို့တော့ လိုအပ်နေပါပြီ။ စာလေ့လာနေတဲ့အချိန်မှာ သီချင်း ဒါမှမဟုတ် တေးဂီတသံစဉ် တွေကို နားထောင်တာဟာ မှတ်ဥာဏ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါမှမဟုတ် မိမိစာဖတ်နေတဲ့အချိန်မှာ တစ်ယောက်ယောက်ကနေ အဆက်မပြတ်အော်နေတဲ့ အသံကလည်း မိမိဦးနှောက်ရဲ့ မှတ်မိနိုင်တဲ့ စွမ်းရည်ကို အတားအဆီးဖြစ်စေ တယ်လို့ သိရပါတယ်။ ဒါကြောင့် တစ်ယောက်တည်း တိတ်ဆိတ် ငြိမ်သက်တဲ့နေရာမှာ စာဖတ်တာ ဟာ မှတ်ဥာဏ်ကို အားပေးပြီး အာရုံစိုက်မှု ပိုရရှိစေပါတယ်။

(၁၀) ပုံဆွဲပါ၊ ခြစ်ရေးပါ
ပျင်းရိ ငြီးငွေ့စရာကောင်းတဲ့ ရုံးခန်း ဒါမှမဟုတ် စာသင်ခန်းမှာ ထိုင်နေရတဲ့အခါ ပန်းပွင့်ပုံလေးတွေ၊ အသည်းပုံတွေ ဆွဲချင်တယ်လို့ စိတ်ကူးနေရင်တော့ စာရွက်ပေါ်မှာလွတ်လွတ်လပ်လပ်သာ ချဆွဲလိုက်ပါ။ လေ့လာချက်တစ်ခုမှာ အုပ်စုနှစ်စုခွဲပြီး ပျင်းစရာကောင်းတဲ့ ဖုန်းခေါ်ဆိုမှုကို လက်ခံနားထောင်စေခဲ့ပါတယ်။ ပထမအုပ်စုကို ဖုန်းနားထောင်ခိုင်းတဲ့အခါ ပုံဆွဲတာတွေ၊ ရေးခြစ်တာတွေ လုပ်ခိုင်းပြီး နောက်အုပ်စုကိုတော့ ဒီအတိုင်းဘာမှမလုပ်ပဲ ဖုန်းနားထောင်စေတဲ့အခါ ပုံကြမ်းတွေ လျှောက်ခြစ်နေတဲ့အုပ်စုဟာ ငြိမ်ပြီးနေတဲ့ အုပ်စုထက် ၂၉ ရာခိုင်နှုန်း ဖုန်းမှာ ပြောတဲ့ အကြောင်းအရာတွေကို ပိုမှတ်မိနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပျင်းရိနေတဲ့ အချိန်တွေမှာ ပုံကြမ်းလေးတွေဆွဲတာ၊ ရေးခြစ်တာတွေက ဒီအတိုင်းထိုင်နေတာထက်စာရင် ဦးနှောက်မှတ်ဥာဏ်ကို အားပေးကူညီနိုင်မှာ အသေအချာပါပဲ။

(၁၁) သူငယ်ချင်းများနှင့်အချိန်ကုန်ဆုံးပါ
လူတွေဟာ တစ်ယောက်တည်းနေရတာများတဲ့အခါ အထီးကျန်မှုတွေ ၊စိတ်ဓာတ်ကျတာတွေ အလိုလိုနေရင်း ခံစားရလေ့ရှိပါတယ်။ ဒါဟာ ဦးနှောက်ကို ထိခိုက်စေတာကြောင့် မှတ်ဥာဏ်နဲ့ ချို့ယွင်းချက်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒါကြောင့် တစ်ယောက်တည်း အချိန်ကုန်ဆုံးစေမယ့် အစား သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးနေတာဟာ စိတ်ကြည်နူးစေပြီး အတွေးသစ်အမြင်သစ် တွေလည်း ရစေပါတယ်။ အကယ်၍ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အဆင်မပြေလို့ စိတ်ညစ်နေရင်တော့ ကိုယ်စိတ်ဝင်စား မယ်ထင်တဲ့ သင်တန်းတစ်ခုကိုတက်လိုက်ပါ။ သင်တန်းတက်တာကြောင့် အပေါင်းအသင်းတိုးပြီး စကားများများပြောဖြစ်ကာ သင့်ကို ပျော်ရွှင်စေပါလိမ့်မယ်။

K.K(ကနောင်)
နည်းစနစ်ကျကျအတွေးအခေါ်
Maukkha Education Magazine

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...