ကျွမ်းကျင်လုပ်သား ရှားပါးသည့် မြန်မာနိုင်ငံတွင် အသက် ၁၆ နှစ်မှ ၁၉ နှစ်အကြား လူငယ်များ အသက်မွေးသင်တန်း တက်ရောက်ရန်


photo:google

အခြေခံအတတ်ပညာ ကျွမ်းကျင်သည့် လုပ်သားများ ရှားပါးခြင်းနှင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံတွင် သင်တန်းများ ပေးအပ်ရာ၌ အသက် ၁၆ နှစ်မှ ၁၉ နှစ် အထိ လူဦးရေ၏ နှစ်ရာခိုင်နှုန်းထက်နည်းသော ပမာဏသာလျှင် သင်တန်းများ တက်ရောက်ရန် စာရင်းသွင်းကြပြီး ကျေးလက်များတွင် အဆိုပါ ရာခိုင်နှုန်းထက် ပိုမိုနည်းပါးကာ ကျေးလက်နေ လူငယ်များ၏ ၀ ဒသမ ၅ ရာခိုင်နှုန်းထက် နည်းသော ပမာဏသာလျှင် သင်တန်းတက်ရောက်ရန် စာရင်းပေးသွင်းကြကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ဂျပန်နိုင်ငံရန်ပုံငွေ (JFPR) အဖွဲ့၏ ဧပြီ ၁၁ ရက်တွင် ပူးတွဲထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ သင်တန်းများအား နိုင်ငံတကာနှင့် ၀န်ကြီးဌာနများ၊ အရပ်ဘက် အဖွဲ့အ စည်းများမှ ဖွင့်လှစ်ရာတွင် လက်ရှိသင်တန်းများသည် ကာလရှည် အစီအစဉ်များအား ဦးစားပေးခြင်း သို့မဟုတ် ကွန်ပျူတာကဲ့သို့သော မြို့ပြတွင် နေထိုင်သူများအား ရည်ရွယ်သည့် သင်တန်းများ ဖြစ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာရှဖွံ့ဖြိုးရေးဘဏ်(ADB) နှင့် ဂျပန်နိုင်ငံရန်ပုံငွေ (JFPR) အဖွဲ့အနေဖြင့် လက်ရှိတွင် ပုံစံသစ်ဖြစ်သည့် ကာလတို အသက်မွေး သင်တန်းများဖြစ်သည့် ဆောက်လုပ်ရေး၊ ဂဟေဆက်ပညာ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာနှင့် စက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းခြင်း ဆိုင်ရာကဲ့သို့သော အသက်မွေးဝမ်းကျောင်း သင်တန်းများ သင်ယူနိုင်ရန် ဒေါ်လာနှစ်သန်း အကုန်အကျခံ ပံ့ပိုးသွားမည်ဖြစ်ကြောင်း ADB၊ JFPR တို့၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အသက်မွေးဝမ်းကျောင်း သင်တန်းများ သင်ကြားပေးနိုင်ရန် သုံးလကြာ အရည်အချင်းပြု စမ်းသပ်သင်တန်းကို ဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနတို့အား အဓိကပံ့ပိုး သွားမည်ဖြစ်ပြီး ရှေ့ပြေးသင်တန်းအတွက် လူငယ် ၁၀၀၀ အား သင်ကြားပေးမည်ဖြစ်ကာ တိုးချဲ့သင်ကြားပေးခြင်းနှင့် အကဲဖြတ်ခြင်း လုပ်ငန်းစဉ်များကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လိုအပ်နေသော အတတ်ပညာ ကျွမ်းကျင်မှုများ ဖြည့်ဆည်းနိုင်ရန်နှင့် အခွင့်မသာသည့် ပြည်သူများ အတတ်ပညာ ရရှိနိုင်ရန် ပုံစံအသစ်ဖြစ်သည့် နည်းပညာ၊ အသက်မွေးဝမ်းကျောင်းပညာရေးနှင့် သင်တန်းအား တိုးတက်အောင် ဆောင်ရွက်ရန်နှင့် ရှေ့ပြေးစမ်းသပ် ဆောင်ရွက်နိုင်ရန်အတွက် အဓိကကူညီရန် စီစဉ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"လုပ်ငန်းရှင်များနဲ့ သင်တန်းအင်စတီကျူးရှင်း တွေကြားမှာ ဆက်စပ်ပေးမှုအား ကောင်းစေဖို့ လုပ်ဆောင်နေစဉ်မှာ အခြေခံ အတတ်ပညာ တိုးတက်ဖို့နဲ့ ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ဖို အလွန်အရေးတကြီး လိုအပ်နေပါတယ်" ဟု မြန်မာနိုင်ငံအခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ်၏ Principal Social Sector Economist ဖြစ်သူ Mr.Christopher Spohr က ပြောကြားသည်။

အဆိုပါ ထောက်ပံ့ကြေးမှ တိုင်းပြည်၏ ပညာရေးကဏ္ဍတွင် ကွာဟချက်နှင့် "အလျင်အမြန် အောင်မြင်မှု" တို့အတွက် ကူညီထောက် ပြသည့် မြန်မာနိုင်ငံ၏ မှတ်တိုင်ဖြစ်သော အလုံးစုံပညာရေး ကဏ္ဍ ပြန်လည် သုံးသပ်ခြင်းမှ တွေ့ရှိချက်များကို အသုံးပြု၍ မြန်မာနိုင်ငံ ပညာရေးမြှင့်တင်မှုကို တည်ဆောက်မ ည် ဖြစ်ကြောင်း သိရသည်။

Eleven Daily News

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...